♠ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဓမံ္မ သရဏံ ဂစ္ဆာမိ သံယံ သရဏံ ဂစ္ဆာမိ♠

Thursday, 23 August 2012

လေးစားအတုယူစရာ

လေးစားအတုယူစရာ အကြောင်းအရာလေးပါ...
မြတ်စွာဘုရားကို အလုပ်အကျွေးပြုခဲ့တဲ့ ရှင်အာနန္ဒာ

ညီအစ်ကို (၇) ယောက်
၁။ သုဒ္ဓေါဒန
၂။ ဓတောဒန
၃။ သက္ကောဒန
၎။ သုက္ကောဒန
၅။ အမိတောဒန
၆။ အမိတ
၇။ ပမိတာ

နံပါတ် (၁) အစ်ကိုအကြီးဆုံး သုဒ္ဓေါဒန ဆိုတာက မြတ်စွာဘုရားရဲ့ အဖေ။ နံပါတ် (၅) အမိတောဒန ဆိုတာက ရှင်အာနန္ဒာရဲ့ အဖေ။ ဆိုတော့ မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာ တို့က ညီအစ်ကို တစ်ဝမ်းကွဲ။ မြတ်စွာဘုရားနဲ့ ရှင်အာနန္ဒာတို့က သက်တူရွယ်တူတွေ။ ဖွားဖက်တော်လို့ စာပေကဆိုတယ်။


မြတ်စွာဘုရား ဘုရားအဖြစ်ကို ရောက်ပြီး (၂) နှစ်မြောက်မှာ ရှင်အာနန္ဒာ သာသနာဘောင်ဝင်ရောက် လာတယ်။ ဘုန်းကြီးဝတ်လာတယ်ပေါ့။ မြတ်စွာဘုရား ဘုရားအဖြစ်သို့ရောက်ရှိတာက အသက် (၃၅) နှစ်အရွယ်ဆိုတော့
မြတ်စွာဘုရားအသက် (၃၆) နှစ်ဖြစ်တဲ့ ဘုရားဖြစ်ပြီး (၂) နှစ်မြောက်မှာ
သက်တူရွယ်တူ (ဖွားဖက်တော်) ရှင်အာနန္ဒာ သာသနာ့ဘောင်ဝတ်ရောက်လာတယ်လို့ ဆိုရမယ်။

လူလည်း လူ့အလျှောက်၊ ဘုန်းကြီးလည်း ဘုန်းကြီးအလျှောက် မြတ်စွာဘုရားလည်း
မြတ်စွာဘုရားအလျှောက် အသက်အရွယ်ရလာရင် အနီးကပ် သတ်သတ်မှတ်မှတ် ပြုစုလုပ်ကျွေးမဲ့သူ လိုအပ်တာ့ အမှန်ပဲ။

မြတ်စွာဘုရား ငယ်စဉ်တုန်းကတော့ သွားလိုတဲ့နေရာကို သွားပြီး ဟောလိုတဲ့တရားကို
အေးအေးဆေးဆေးဟောကြားကာ ရောက်တဲ့အရပ်က ဒကာ ဒကာမတွေ၊ ရဟန်းသံဃာတွေ ပြုစုလုပ်ကျွေးတာနဲ့ အဆင်ပြေနေတာပဲ။

မြတ်စွာဘုရားကို အနီးကပ် ပြုစုလုပ်ကျွေးတဲ့ ရဟန်းတော်အချို့  ရှိခဲ့ပါရဲ့။ ခဏပဲ။ ကြာလာတော့ မြတ်စွာဘုရား ပြောစကားနားမထောင်ဘူး။ မြတ်စွာဘုရားကို အလုပ်အကျွေးပြုဘူးတဲ့ရဟန်းတစ်ပါးဆို အဲဒီအရပ်ကို မသွားပါနဲ့လို့ တားနေတဲ့ကြားက ထွက်သွားပြီး ပြဿနာတက်ကာ မြတ်စွာဘုရားထံမှ လစ်ထွက်သွားတယ်။ ဆိုတော့ မြတ်စွာဘုရားကို အနီးကပ်အလုပ်အကျွေးပြုစုဘူးတဲ့ ရဟန်းတော် ခပ်များများဟာ
ခေတ်စကားနဲ့ပြောရရင် မြတ်စွာဘုရားရဲ့ အထာကို မနပ်ကြဘူး။

ဒီလိုနဲ့ သက်တော် (၅၅) နှစ် ၀ါတော် (၂၀) ရသည့်တိုင်အောင် မြတ်စွာဘုရားမှာ သတ်သတ်မှတ်မှတ် အနီးကပ် အမြဲတမ်း ပြုစုလုပ်ကျွေးမဲ့သူ မရှိခဲ့ဘူး။ သက်တော် ၅၅ နှစ် ၀ါတော် (၂၀) အရွယ်ရောက်တော့ မြတ်စွာဘုရားက ရဟန်းတွေကို စုဝေးစေပြီး ရဟန်းတို့၊ ငါ အရွယ်ရလာပြီ။ ငါ့ကိုယ် အနီးကပ် အမြဲတမ်း ပြုစုစောင့်ရှောက် လုပ်ကျွေးနိုင်မဲ့ ရဟန်းတော်တစ်ပါးလိုအပ်တယ်။ ငါ့အထာကို သိတဲ့ ငါ့ကို အမြဲတမ်း အနီးကပ် ပြုစုစောင့်ရှောက်လုပ်ကျွေးနိုင်မဲ့ ရဟန်းတစ်ပါးကို ရွေးချယ်ကြ - လို့ မိန့်တော်မူပါတယ်။

ဒီတော့ ရှင်အာနန္ဒာ ကလွဲလို့ မြတ်စွာဘုရားရဲ့ ညာလက်ရုံး ဘယ်လက်ရုံးတွေဖြစ်ကြတဲ့
ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်တို့ကအစ စုဝေးရောက်ရှိလာတဲ့ ရဟန်းသံဃာအားလုံး
တပည့်တော်တို့ အနီးကပ်ပြုစုလုပ်ကျွေးပါရစေလို့ အလုအယက်လျှောက်ကြတာပေါ့။
လျှောက်ထားသမျှ ရဟန်းသံဃာတွေ မြတ်စွာဘုရားရဲ့ Reject နဲ့ တိုးတော့တာပဲ။

နောက်ဆုံးတော့ သံဃာကြားထဲ ခေါင်းကြီးစိုက်ပြီး ငြိမ်နေတဲ့ ရှင်အာနန္ဒာကြီးကို ၀ိုင်းတိုက်တွန်း ရတော့တာပေါ့။

တိုက်တွန်းတော့ ရှင်အာနန္ဒာကြီး ဘာပြောတယ်ထင်တုန်း။ မြတ်စွာဘုရားရှင်အနေနဲ့ တပည့်တော်တောင်းဆိုတဲ့အချက် (၈) ချက်ကို လိုက်လျောပေးနိုင်မှသာ အလုပ်အကျွေးလုပ်နိုင် မည်ဖြစ်ကြောင်းလျှောက်ကြားတယ်။

ကြည့်စမ်း၊ သူများတွေ သူ့ထက်ငါ မြတ်စွာဘုရားကို အလုပ်အကျွေးလုပ်ချင်လွန်းလို့ အလုအယက်လျှောက်နေတဲ့အချိန် ရှင်အာနန္ဒာကြီးကတော့ အေးဆေးပဲ။ အချက် (၈) ချက်တောင် မြတ်စွာဘုရားဘက်က လိုက်လျှောဘို့ တောင်းဆိုလိုက်သေးတယ်။

လောက လူ့သဘာဝက ကိုယ့်ဆွေမျိုးထဲက တစ်ယောက်ယောက်များ ရာထူးကြီးကြီးရရင် ရာထူးကြီးကြီးရထားထဲ့ အဲ့ဆွေမျိုးကို အမှီပြုပြီး မြေ၊ အိမ်ယာ၊ တိုက်တာ၊ ဈေးခန်း၊ ကားစသည်များရအောင် အခွင့်အရေးယူတတ်ကြတာထုံးစံပဲ။

ရှင်အာနန္ဒာကရော?
မြတ်စွာဘုရားဟာ ငါ့အစ်ကိုဝမ်းကွဲပဲ၊ ဒီတစ်ချီတော့ ငါ့အကွက်ဆိုက်ပြီ၊ ငါ့ဆွေမျိုးကောင်းစားတုန်း ငါလဲ တစ်သက်တာဖူလုံအောင် ရိက္ခာရှာလိုက်မဟဲ့၊ ဖွားဘက်တော် နောင်တော်ဘုရားဆီက အခွင့်အရေးရတုန်း တောင်းလိုက်အုံးမဟဲ့ ဆိုတဲ့ အတ္တကိုယ်ကျိုးအတွက် ရှင်အာနန္ဒာကြီးက အဆိုပါ အချက် (၈) ချက်ကို တောင်းဆိုခဲ့တာလား။ မဟုတ်ပါဘူး။

သူတောင်းဆိုခဲ့တာ မြတ်စွာဘုရားအတွက်ပါ။ ရဟန်းသံဃာတော်တွေအတွက်ပါ။ ဗုဒ္ဓဘာသာဝင်တွေ အတွက်ပါ။ ရှင်အာနန္ဒာ မြတ်စွာဘုရားရဲ့ အလုပ်အကျွေးဖြစ်ဘို့အတွက် မြတ်စွာဘုရားထံက သူတောင်းဆိုတဲ့ အချက် (၈) ချက်ကို လေ့လာကြည့်ရအောင်။

၁။ မြတ်စွာဘုရား ရရှိလာတဲ့ သင်္ကန်းကို ဘယ်တော့မှ သူ့ကို မပေးရဘူးတဲ့။

၂။ မြတ်စွာဘုရားရဲ့ ဆွမ်းကို သူ့ကို ဘယ်တော့မှ မကျွေးပါနဲ့တဲ့။

၃။ မြတ်စွာဘုရားနေတဲ့ သန့်ရှင်းသပ်ယပ်တဲ့ ကျောင်းတော်အခန်းကို
ဘယ်လိုအကြောင်းပြချက်နဲ့မှ သူ့ကို မနေခိုင်းပါနဲ့ တဲ့။

၎။ မြတ်စွာဘုရားကို ဆွမ်းလှူဘို့ သင်္ကန်းလှူဘို့ စသဖြင့်
ပင့်တဲ့နေရာတွေကို သူ့ကို ဘယ်တော့မှ မခေါ်ပါနဲ့တဲ့။

၅။ သူ့ကို ပင့်တဲ့နေရာတွေကိုတော့ မြတ်စွာဘုရား အမြဲလိုက်ပါပေးရမယ်တဲ့။

၆။ ရပ်ဝေးရပ်နီးမှ မြတ်စွာဘုရားကို ဖူးမျှော်ဘို့ လာကြတဲ့ဧည့်ပရိသတ်တွေကို
မိတ်ဆွေဖွဲ့ခွင့်ပြုပါတဲ့။

၇။ သူ့မှာ တစုံတရာ သံသယရှိလို့ မေးစရာရှိလာလျှင်
ဘယ်အချိန်မဆို မြတ်စွာဘုရားထံလာရောက် လျှောက်ထားခွင့်ပြုပါတဲ့။

၈။ မြတ်စွာဘုရားအနေနဲ့ သူ့မျက်ကွယ် ဘယ်မှာပဲ တရားဟောခဲ့ ဟောခဲ့၊
သူ့ကို ပြန်ဟောပြရမယ်တဲ့။

ရှင်အာနန္ဒာကြီးတောင်းဆိုတဲ့ ဒီအချက် (၈) ချက်ကို ကြည့်ပြီး ရှင်အာနန္ဒာကြီးကို ကြည်ညိုလိုက်တာ။ အားကျလိုက်တာ။ ဖတ်ရင်းဖတ်ရင်းနဲ့ ၀မ်းသာ သဘောကျလွန်းလို့ နားနားပြီး ဖတ်ရတယ်။

ဒီအချက်တွေထဲက ပထမ (၃) ချက်ကို သေချာဖတ်ပြီး စဉ်းစားကြည့်ရအောင်။ ဘ၀မှာ အရေးအကြီးဆုံးဖြစ်တဲ့ စားဝတ်နေရေးနဲ့ပတ်သက်ပြီး ရှင်အာနန္ဒာ မြတ်စွာဘုရားနဲ့ မပတ်သက်ချင်ဘူး။
ဘုရားကို အလုပ်အကျွေးပြုစုလို့ ဘုရားရဲ့ ပေးစာ ကမ်းစာ စားရ ၀တ်ရတဲ့ဘ၀မျိုး
ရှင်အာနန္ဒာ မနေလိုဘူး။ ဒါ့အပြင်ရှင်အာနန္ဒာကြီး ဘုရားပြုစုလုပ်ကျွေးပြီး ဘုရားပေးစာ ကမ်းစာစားပြီး ကြီးပွါးနေတာပါကွာ။ လူအများပြောမှာကို သူလိုလားဟန်မတူဘူး။

နံပါတ် (၄) တောင်းဆိုချက်ကို ကြည်။ ဘုရားတစ်ပါးတည်းပင့်တာကို ရှင်အာနန္ဒာကြီးက
(လုပ်ကျွေးပြုစုတာကို အကြောင်းပြပြီး) လိုက်ကပ်စားသောက်နေတာဟေ့ လို့ ပတ်ဝန်းကျင်ကလည်း မြင်လာနိုင်တယ်။ ဒီလိုလဲ သူအမြင်မခံနိုင်ဘူး။

နံပါတ် (၅) တောင်းဆိုချက်ကြတော့ သူ့ကို သူ့ဒကာ ဒကာမတွေက ပင့်ရင်တော့ မြတ်စွာဘုရားပါ လိုက်ပေးရမယ်ဆိုပဲ။ ဘယ်လောက် ဆရာသမားကို ရှေ့တန်းတင်တဲ့ ရှင်အာနန္ဒာကြီးလဲ။ ရှင်အာနန္ဒာတောင်းတဲ့ ပထမအချက် (၅) ချက်ကို နားလည်မိတာပါ။ ညီအစ်ကို တစ်ဝမ်းကွဲ ဖွားဖက်တော်ဖြစ်တဲ့ နောင်တော်ဘုရားဆီက လုံးဝအခွင့်အရေးမယူတတ်တဲ့ ရှင်အာနန္ဒာကြီးကို ကြည့်ပြီး အလားတူ ဆွေမျိုးတော်စပ်တဲ့ ရှင်ဒေ၀ဒတ်ကြီးကိုလဲ သတိရမိသေးတယ်။
https://www.facebook.com/BuddhismBeams
by Dhamma Garden
.....................................
http://www.dhammagarden.com/ မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Monday, 6 August 2012

ဘုရားရှိခိုးခြင်း ဟူသည်

ဘုရားရှိခိုးခြင်းသည် စိတ်တည်ငြိမ်အောင်ပြုလုပ်သည်ဟု မှားယွင်းစွာ ထင်မြင်သူအချို့ ရှိကြလေသည်။ အမှန်စင်စစ် ယင်းထက် အဓိပ္ပါယ်များစွာ ကျယ်ဝန်းသည်ကို သိရှိရန် လိုအပ်ပါသည်။

ဘုရားရှိခိုးပူဇော်ရန် နည်းလမ်းမှာ - ရတနာသုံးပါးအပေါ် ယုံကြည်မှုထက်သန်သော သဒ္ဒါ၊ စင်ကျယ်သော သီလ၊ တည်ငြိမ်သော သမာဓိ၊ မပြန့်လွင့်သော သတိ၊ သစ္စါလေးပါးနှင့် မြတ်တရားအကျိုး အကြောင်းတို့ကို သိမြင်သော ပညာ စသည့် ဗိုလ် အင်္ဂါ ငါးပါး ကပ်၍ ရှိခိုးရမည်ဟု အဘိဓမ္မာကျမ်းတွင် မြတ်စွာဘုရားရှင်ကိုယ်တိုင် အတိအလင်း ဟောကြားထားပါသည်။

အချိန်မှန်ကိုက် အဓိဌာန်ပြီး ဘုရားရှိခိုးခြင်း၊ ဂါထာရွတ်ခြင်း၊ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ခြင်း အစရှိသဖြင့်တို့က သဒ္ဒါ၊ သတိ၊ သီလ၊ သမာဓိ၊ ပညာ စသည်တို့ အမြဲစွဲကပ်၍ သာသနာ အဓွန့်ရှည်ရန်၊ ဘုရားဟော တရား မပျောက်ပျက်ရန် အကျိုးဆောင်ခြင်းတစ်မျိုးဖြစ်ရာ အမြဲပြုသော မဟာကုသိုလ်မျိုး ဖြစ်ရသည်။ သို့သော်လည်း ယခုခေတ်အခါ ယင်းသို့ အကျိုးသိမြင် ရှိခိုးခြင်းထက် အခြားရည်ရွယ်ချက်များ ဖြင့် ရှိခိုးနေကြသည်။ ဥပမာ- ကံ့ညံ့များ ပျောက်ရန်၊ ချမ်းသာရန်၊ အသက်ဘေးလွတ်မြောက်ရန်၊ စီးပွားဥစ္စာ တိုးပွားရန်၊ စာမေးပွဲအောင်ရန်၊ ရာထူးတိုးရန် ဟူ၍ ဖြစ်သည်။ အမှန်စင်စစ် ယင်းသို့ အကျိုးမျော်၍ ရှိခိုး ခြင်းသည် လောဘစိတ် အခြေခံခြင်းဖြစ်သောကြောင့် ကိလေသာပို၍ စွဲမြဲရသည်။ အကုသိုလ်ဖြစ်တတ်သည်။ သို့တည်းမဟုတ် ညံ့ဖျင်းသော ကုသိုလ် ဖြစ်ရသည်။

ထို့ပြင် ဘုရားရှိခိုးခြင်းဟူသည် ပြုခဲ့သော အပြစ်၊ အကုသိုလ်များ ပျောက်စေရန်လည်း မဟုတ်ပါ။ မည်သည့် ကံကိုမှ ဘုရားက ပြန်လည် ပြုပြင်စီရင်ပေး၍မရ။ ဘုရားရှိခိုးခြင်းက မိမိဟာ သဒ္ဒါ၊ သတိ၊ သမာဓိ၊ ပညာ၊ သီလ စတာတွေနဲ့ ပြည့်စုံနေသေးပြီး ရတနာသုံးပါးကို အမြဲပူဇော်ဆည်းကပ်တယ်ဆိုတာကို ပြန်လည် အမှတ်ရ သတိကပ်စေခြင်း၊ သာသနာ မကွယ်ပျောက်စေရန် ဘုရားဟော ဂါထာများကို ပြန်လည် ရွတ်ဖတ်ခြင်း၊ နတ်လူ အပေါင်း အမျှဝေသည်က မေတ္တာ ဘာဝနာ ကုသိုလ်ယူခြင်း၊ စသည်ဖြင့် စသည်ဖြင့်ဘုရားရှိခိုးခြင်း၏ အကြောင်းတရား များက အင်မတန် ပေါများလှပါတယ်။ အကြောင်းတရားများသလောက် အကျိုးတရား အဖြင့် မဟာကုသိုလ်ထူးများ ရသည်။

ထို့ကြောင့် ဘုရားရှိခိုးခြင်းဟူသည် စိတ်တည်ငြိမ်အောင်လုပ်သည် ဆိုသော သေးသိမ်သည့်အတွေးကို ပျောက်ပျက်စေပြီး ဘုရားဟောတရား အတိုင်း ကြောင်းကျိုးသိမြင် ရှိခိုးပူဇော်ရန် လိုအပ်ပါသည်။

ဘုရားဟောတရား၊ သုတ်၊ ဂါထာ၊ ကျမ်းများကို မကွယ်ပျောက်စေခြင်းငှာ အဓိပ္ပါယ်လေ့လာသိရှိပြီး ရွတ်ဖတ်ပူဇော်ခြင်းက သာသနာကို တည်တံ့စေသကဲ့သို့ မဂ်ဖိုလ်၊ နိဗ္ဗာန် ရောက် အကျိုးထူးလှပါသည်။ အမှန်ကိုသိ ဥာဏ်မျက်စိဖြင့် လေ့လာသိမြင် ကျင့်ကြံနိုင်ကြပါစေသော်။


https://www.facebook.com/photo.php?fbid=344164929003979&set=a.150971318323342.40753.150948268325647&type=1&relevant_count=1

မနေသူတွေထဲမှာ နေလိုက်ပါ

မနေသူတွေထဲမှာ နေလိုက်ပါ
-------------------------------

♣ မြင့်သူတွေထဲမှာ နိမ့်သူဖြစ်ပါ၊
♣ နိမ့်သူတွေထဲမှာ မြင့်သူဖြစ်ပါ။
♣ မနေသူတွေထဲမှာ နေပါ၊
♣ ပျော်သူတွေထဲမှာ မပျော်ပါနဲ့။(ထေရ၊ဋ္ဌ၊၁၊၂၁၃။)-တဲ့

ဒီစကား (၄)ခွန်းကို အရှင်ပိယဉ္ဇဟမထေရ်က မိန့်တော်မူခဲ့တာပါ။
(၁) မြင့်သူတွေထဲမှာ နိမ့်သူဖြစ်ပါ တဲ့။

လောကထဲမှာ ဘ၀င်မြင့်နေသူ မာနကြီးနေတွေရှိပါတယ်၊ အဲဒီသူတွေထဲမှာ ဘ၀င်မမြင့်ပဲ၊ မာနမကြီးပဲ နေပါလို့ဆိုလိုတာပါ။

ရုပ်ရည်ကြောင့်ဖြစ်စေ၊ ပညာကြောင့်ဖြစ်စေ၊ စီးပွားရေး၊ ကျန်းမာရေးစတဲ့ အရေးတွေကြောင့် ဘ၀င်မြင့် မာနကြီး စိတ်ကြီးဝင်သူတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါပဲလေ၊ အဲဒီအထဲမှာ ဘ၀င်မမြင့် မာနမကြီးပဲ နိမ့်သူအဖြစ် ကိုယ့်ဘ၀ကို ကျေနပ်လိုက်စမ်းပါ။ မာနဆိုတဲ့အတိုင်း မာပြီးနသွားတာလေ။ ဘ၀င်မြင့်တယ်ဆိုတာလဲ နှလုံးသားကိုလေပင့်လို့ မြင့်တက်သွားတဲ့ ပူပေါင်းတစ်မျိုးပါဘဲ ပါးလျပ်ပြီး အထဲမှာလေတွေပဲရှိနေတယ်။ အဲ…ဒါပေမယ့် တကယ်ချွန်တဲ့သူနဲ့တွေ့ရော ပေါက်ကွဲတတ်ပြီး ဘာမှမဟုတ်ဘူးဖြစ်သွားတတ်တယ်

၂။ နိမ့်သူတွေထဲမှာ မြင့်သူဖြစ်ပါ-တဲ့။

နှလုံးသွင်း(စိတ်ဓာတ်)ညံ့ဖျင်းတဲ့အတွက် ပျင်းနေလို့ ဂုဏ်တွေ နိမ့်ကျသူတွေအထဲမှာ နှလုံးသွင်း(စိတ်ဓာတ်)မွန်မြတ်မှန်ကန်မှု ကြိုးစားအားထုတ်မှုတွေနဲ့ ဂုဏ်တွေ မြင့်တက်သူဖြစ်အောင် ကြိုးစားလိုက်စမ်းပါလို့ အရှင်ပိယဉ္ဇဟကမထေရ်က ဆိုလိုတာပါ။

စိတ်ဓာတ်တွေညံ့ဖျင်းနေရင် ဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး ရှိတဲ့ဥစ္စာ တတ်တဲ့ပညာ ကြီးကျယ်တဲ့ ရာထူးအာနာပါဝါတွေကို ခုတုံးလုပ်ပြီး အတ္တအဆိပ်တွေနဲ့ လူတွေကို ဒုက္ခပေးတတ်တယ်။ အဲသည်လိုလုပ်ရင်းနဲ့ သူဂုဏ်ကို သူတူးဖြိုမိမှန်းမသိ တူးဖြိုပြီး နိမ့်ကျသွားတော့မှာ နောက်ဆုံး အပါယ်လားတဲ့အထိပေါ့။ အဲဒီလိုလူတွေထဲမှာ စိတ်ဓာတ်မွန်မြတ်သူဖြစ်အောင် ကြိုးစားဖို့ပါ၊ မွန်မြတ်တဲ့စိတ်ဓာတ်ရှိမှ လိုနေသူတွေကို ဖြည့်ပေးချင်မယ်၊ နိမ့်နေသူတွေကို မြှင့်ပေးချင်မယ်၊ သိမ်ငယ်သူတွေကို ညှာတာနိုင်မယ်။ အကောင်းတွေအားလုံးကို ပြုလုပ်နိုင်မယ်လေ…။ ဒါကြောင့် နိမ့်နေသူတွေထဲ မြင့်လိုက်ပါ။

၃။ မနေသူတွေထဲမှာ နေပါ။

အကျင့်မြတ်နဲ့နေနည်း အရိယတို့ရဲ့ နေနည်းတွေနဲ့ မနေသူတွေထဲမှာ အကျင့်မြတ်နဲ့နေသူ၊ အရိယာတို့နေနည်းနဲ့နေသူ ဖြစ်အောင်ကြိုးစားပါလို့ ဆိုလိုခြင်းဖြစ်ပါတယ်။
လောကမှာ အကျင့်မြတ်နဲ့နေသူတွေထက် အကျင့်မြတ်နဲ့မနေသူတွေက ပိုများပါတယ်၊ သူများမပြောပါနဲ့ ကိုယ့်စိတ်ကို ကိုယ်ပဲဝေဖန်ကြည့်ပါ၊ ငါ ဘယ်စိတ်နဲ့နေတာပိုများသလဲလို့ပေါ့။

အကျင့်မြတ်စိတ်နဲ့နေတဲ့အချိန်၊ အရိယာတွေနေနည်းနဲ့ နေတဲ့အချိန်ရယ်၊ အဲဒီနည်းတွေနဲ့ မနေတဲ့အချိန် ဘယ်ဟာက ပိုများမလဲ ချိန်စရာမလိုဘူးထင်ပါတယ်။ အကျင့်မြတ်နဲ့မနေသူတွေထဲမှာ နေနိုင်သူဖြစ်အောင် ကြိုးစားဖို့ အရှင်မြတ်ကြီးက မိန့်တော်မူနေတာပါဗျာ။

၎။ ပျော်သူတွေထဲမှာ မပျော်ပါနဲ့။

ကာမဂုဏ်အပျော် ကိလေသာအပျော်တွေနဲ့ ပျော်နေသူတွေထဲမှာ သူတို့လို မပျော်မိအောင် ကြိုးစားအားထုတ်ဖို့ကို အရှင်မြတ်က မိန့်တော်မူလိုရင်းပါ။
ဟုတ်တယ်။ ကိုယ်အပါအ၀င် အတော်များများ ပျော်နေတာက ကာမဂုဏ်ထဲမှာ၊ နေ့စဉ် စားဝတ်နေရေးဆိုတဲ့ အရေးသုံးရေးမှာ အစားကာမဂုဏ်၊ အ၀တ်ကာမဂုဏ်၊ နေထိုင်ရေးကာမဂုဏ်တွေမှာ ပျော်နေတာ စဉ်းစားကြည့်။

သြော်…ဒါနဲ့စကားစပ်လို့ အကောင်းတွေသုံးတိုင်း ကာမဂုဏ်မှာပျော်နေတာလို့မယူဆပါနဲ့။ ဒါကြောင့် ပညာရှိတွေက သုံးတာသုံးပါ မစွဲပါနဲ့လို့ သတိပေးကြတာပေါ့။ ကိုယ့်ပြုခဲ့တဲ့ ကာမာဝစရကုသိုလ်ကံ အကျိုးပေးကြောင့် ရရှိလာတဲ့ အာရုံကောင်းတွေကို သုံးရမှာပေါ့လေ၊ သို့သော် မစွဲကြလေနဲ့လို့ တိုက်တွန်းတော်မူကြတာပါ။

ဟုတ်တယ် ကာမဂုဏ်ဆိုတာကလဲ ကာမ..ကုန် မကာလျှင်..မကုန်လို့ ရွှေကျင်ဆရာတော်ဘုရားမိန့်တော်မူဘူးသလို့ ကာနိုင်မှ ကုန်တဲ့အမျိုးလေ။ ဒါကြောင့် ကာမဂုဏ်အပျော်မျိုးမှာ မပျော်မိအောင် တံတိုင်းတွေ အထပ်ထပ်နဲ့ ကာရံထားကြဖို့လိုတာပေါ့လေ။

ကာမဂုဏ်ပျော်တွေဆိုတာ အပူပျော်တွေပါ၊ အဲဒီအပူပျော်တွေနဲ့မပျော်ပဲ သမထ၀ိပဿနာနဲ့ပျော်သူ၊ ဈာန်မဂ်ဖိုလ်တွေနဲ့ပျော်သူတွေက အအေးပျော်လို့ဆိုရမှာပေါ့။ ဒါကြောင့် အအေးပျော်နဲ့ပျော်နိုင်အောင် ပျော်သူတွေထဲမှာ မပျော်မှ အအေးပျော်နဲ့ပျော်နိုင်မှာဖြစ်ပါတယ်။

သာမဏေကျော်၏ အတုယူဖွယ်စိတ်ထားများကို မှီးသည်။

(အမှားပါခွင့်လွတ် လိုအပ်လျှင်ဖြည့်စွက်ပါရန် မေတ္တာရပ်ပါသည်။)

♠♠♠ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ…။


https://www.facebook.com/photo.php?fbid=139562869518355&set=a.110769665731009.12529.100003939288500&type=1&relevant_count=1 

Wednesday, 25 July 2012

ဝိပဿနာရှုခြင်း၏အကျိုးနှင့်အကျင့်လမ်းကိုဆင်ခြင်ခြင်း

ဝိပဿနာရှုခြင်း၏အကျိုးနှင့်အကျင့်လမ်းကိုဆင်ခြင်ခြင်း
ဤ၀ိပဿနာ အလုပ်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန် ကိုရ၏. အပါယ်ဆင်းရဲ သံသရာ ဆင်းရဲတို့မှ လွတ်ကင်း ထွက်မြောက်၏။ ဤမျှ ကြီးကျယ်သော အကျိုးကို ပေါ့ရော့ ပျင်းရိစွာ အားထုတ်၍ ဘယ်မှာ ရနိုင်ပါမည်နည်း။

လောက၌ ငွေတရာ တစ်ထောင် ရဖို့ဆိုလျှင်ပင် ခဲယဉ်းစွာ အားထုတ်ရသည် မဟုတ်ပါလော။ ၇- ရက် ၁၅- ရက် တစ်လ စသည်ဖြင့် ပြည့်စုံစွာ အားထုတ်၍ ဆင်းရဲခပ်သိမ်း ငြိမ်းမည့် လုပ်ငန်းကို အဘယ်ကြောင့် အားတက်သရော မလုပ်နိုင်ပါအံ့နည်း။

တစ်နေ့ အပင်ပန်းခံ၍ လုပ်သည့်အတွက် တစ်သက်လုံးချမ်းသာမည်ဆိုလျှင် သာ၍ပင် စိတ်ပါလက်ပါ လုပ်ထိုက်၏။၁၅ ရက် တစ်လ စသည် အပင်ပန်းခံ၍ အားထုတ်ခြင်းဖြင့် သံသရာတလျှောက်လုံးတွင် တွေ့ကြုံသွားရမည့် ဆင်းရဲဟူသမျှမှ လွတ်ကင်း ထွက်မြောက်နိုင်စေသည့် ၀ိပဿနာ အလုပ်မျိုးကို အဘယ့်ကြောင့် လောကီအလုပ်ထက် အပင်ပန်းခံ၍ အားမထုတ်နိုင်ဘဲ ရှိအံ့နည်း။

အိုသူတော်ကောင်း မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အလွန်ကြီးမားတဲ့ အကျိုးကို ရစေနိုင်တဲ့ ၀ိပဿနာ အလုပ်ကို ပြင်းထန်စွာ အားထုတ်ပါလော့။

အကျင့်လမ်းကိုဆင်ခြင်ပါ

ဤ၀ိပဿနာသည် သာမန်ပုဂ္ဂိုလ်တို့ သွားနိုင်သော လမ်းခရီးမဟုတ်ပေ။ ခပ်သိမ်းသော ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့သာ သွားနိုင်သောလမ်း ဖြစ်ပေသည်။

ပျင်းရိသော လူညံ့တို့သည် ဤလမ်းကို မသွားနိုင်ကုန်။ ဤလမ်းကို သွားသောသူသည် ဘုရား ပစ္စေကဗုဒ္ဓါ အရိယာတို့၏ ဂုဏ်ထူး အကျင့်ထူးနှင့် တစိတ်တပိုင်းအားဖြင့် ပြည့်စုံနေပေ၏။

အို...သူတော်ကောင်း ဘုရားစသော ပုဂ္ဂိုလ်မြတ်တို့၏ ဂုဏ်အကျင့်ကို ယူရာ၌ အဘယ့်ကြောင့် ပေါ့လျော့နေပါသနည်း။ ထိုပုဂ္ဂိုလ်မြတ်တို့၏ သွားရိုးလမ်းကို ခရီးတွင်အောင် ထက်သန်စွာနှင့် ကြိုးစား၍သာ သွားပါလော့။

မဟာစည်ဆရာတော်(၀ိပဿနာရှုနည်းကျမ်း- အကျဉ်းချုပ်) သတိပဋ္ဌာန်လေးပိုင်းနှင့်ပတ်သက်၍အထူးမှာထားချက်(မဟာစည်-၀ိပဿနာရှုနည်းကျမ်း)

ဝိပဿနာရှုချင်အောင် စိတ်ကိုအားပေးနည်း

ဝိပဿနာ ရှုနေသော အို သူတော်ကောင်း-သင်မမေ့နဲ့၊ မပျင်းနဲ့။ မေ့လျော့ ပျင်းရိနေလျှင် သင်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်။ မလွတ်မြောက်နိုင်လျှင် တရံတခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်။ ရှေးကလဲ ခံစားခဲ့ရလှလေပြီ။

"ငရဲဒုက္ခ နှင့်ကြုံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ် ကျ၍ ဘယ်လိုပင် ငိုကြွေး တောင့်တနေသော်လည်း သင်သည် ဤ ၀ိပဿနာ အလုပ်ကို အားထုတ်ခွင့် ရမည်မဟုတ်ပေ။ ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။ သို့ဖြစ်၍ သင်မပျင်းပါနဲ့။ မမေ့ပါနဲ့။ ၀ိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့"

ဤသို့သော အဓိပ္ပါယ်ကိုပင် ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရား အဆုံးအမတော် ကို ရိုသေစွာ လိုက်နာပါလော့။

ဈာယ(တုဝံ) ဘိက္ခု မာ ပမာဒေါ၊
မာ တေ ကမာဂုစေ ရမေဿု စိတ္တံ၊
မာ လေဟဂုဠံ ဂိလီပမတ္တော၊
မာကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။
(ဓမ္မပဒ ၃၇၁- ဂါထာ)
ဘာသာပြန်

ရဟန်း။ -သင်သည်။ မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။ မေ့၍ မနေလေလင့်။ သင်၏စိတ်ကို ငါးပါးအာရုံ ကာမဂုဏ် ထဲ၌၊ မွေ့လျော် နှစ်ခြိုက် ပျော်ပိုက်၍ မနေစေလင့်။ မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့် တရံတခါ ငရဲရွာသို့ ရောက်လတ်၍ မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို အလိုမကျဘဲ မမျိုရပါစေလင့်။ ငရဲမီး တပြောင်ပြောင် အပူလောင်ခံရသည် ဖြစ်၍ ဒီဟာက ဆင်းရဲလှပါတကား ဟူ၍ ဟစ်အော် ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။
တိရစ္ဆာန်ဘုံ တွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့် မရနိုင်။ အဖျား၌ သံချွန်တပ်သော နှင်တံ၊ ရိုးရိုးနှင်တံတို့ဖြင့် ထိုးဆွ ရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို ရုန်းဆောင်နေရသော မြင်းနွားကျွဲ ဖြစ်စဉ်၌လည်း အားထုတ်ခွင့် မရနိုင်။

ပြိတ္တာဘုံ တွင် အနှစ်သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင်ငတ်မွတ်နေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ကာလကဥ္ဒိက အသုရကာယ် ဘုံတွင် အရိုးအရေမျှဖြင့် အတောင် ခုနစ်ဆယ် ရှစ်ဆယ် ပမာဏ ခန္ဓာကိုယ်ရှိလျက် မစားရ မသောက်ရလဲ လေနေပူ စသည်တို့ဖြင့် ပင်ပန်းဆင်းရဲနေစဉ်၌လည်း အားထုတ်ခွင့် မရနိုင်။ ထိုတိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် အားထုတ်သော်လည်း ၀ိပဿနာ ဥာဏ်၊ မဂ်ဖိုလ်ဥာဏ် တို့ကို မရနိုင်ကုန်။

အို သူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင် ၀ိပဿနာ အလုပ်ကို အားထုတ်နိုင်သည့် အခါပေတည်း။ သို့ဖြစ်၍ သင်မပျင်းနဲ့၊ မမေ့နဲ့၊ အားထုတ်ပါလော့။

ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို အားပေးပုံတည်း။
မဟာစည်ဆရာတော်(၀ိပဿနာရှုနည်းအကျဉ်းချုပ်-စာ၈)

့ဤဆိုဒ်မှ မျှဝေပါသည်

Sunday, 24 June 2012

အာနာပါန

(၁) အာနာပါနပေးပုံ

မိုးကုတ်ဆရာတော်ဘုရားကြီးသည် အားထုတ်စယောဂီသစ်များကို အာနာပါနရှု၍ သမာဓိထူထောင်ခိုင်းသည်။ ("ဒီရောက်လာတဲ့ အလုပ်တောင်းတဲ့၊ အလုပ်လုပ်တဲ့ ဒကာ ဒကာမတွေ တစ်ရက်ဆိုလို့ရှိရင် ဘုန်းကြီးကအလုပ်ကို မပေးသေးဘူး.. သမာဓိဖမ်းပါဦးလို့ ပြောလိုက်တယ်.." {ဘာကြောင့်မဂ်မရပါလိမ့် သမာဓိမရှိလို့ စာအုပ်ကြီး-၂၈/ စာအုပ်သေး -၁၀၀ မှ-} အာနပါနထူထောင်ခိုင်းပုံမှာ နှာသီးဖျားတွင် စိတ်ထားပြီး လေထွက်တာသိ လေ၀င်တာသိအောင် လုပ်ရပါမည်..ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်၊ နာရီဝက်တိုင်တိုင် စသည်ဖြင့် "ထွက်လေ ၀င်လေ" ကိုထွက်တိုင်းသိ ၀င်တိုင်းသိအောင် သတိထား ၀ီရိယစိုက်၍ စောင့်သိပေးရပါမည်။ ဖြစ်ပျက်မြင်ပြီးသော်လည်း သမာဓိ အားမကောင်းသေးသော ယောဂီများလည်း တရားစတင် ရှုမှတ်တိုင်း မိနစ်အနည်းငယ် (သို့) လိုအပ်သလောက် အာနာပါနရှု၍ သမာဓိထူထောင်သင့်ပါသည်။

(၂) ဒိဋ္ဌိဖြုတ်ပေးပုံ

မိုးကုတ်ဆရာတော် ဘုရားကြီးသည် ယောဂီများ ခန္ဓာဥာဏ်ရောက် တရားအားမထုတ်ခင် အမြင်မှား ဒိဋ္ဌိသုံးမျိုးကို အသိဥာဏ်ဖြင့် ကွာအောင် ဒိဋ္ဌိဖြုတ်ပေး တော်မူပါသည်။ ဤအချက်သည် မိုးကုတ်ဝိပဿနာ၏ ထူးခြားမှု တရပ်ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည် ၀ိပဿနာတရား အားထုတ်ချင်လာအောင်၊ အားထုတ်ရာတွင်လဲ ကြိုးစားအားထုတ် လာအောင် သံဝေဂ ရဖွယ်တရားများကို ပိုင်နိုင်စွာ ဟောကြား ဆုံးမတော်မူပြီးနောက် ဒိဋ္ဌိဖြုတ်တရားများကို ဟောကြားတော်မူပါသည်။ ဒိဋ္ဌိဖြုတ် တရားများ ဟောကြားရာတွင် ဟောတရားများအပြင် ပဋိစ္စသမုပ္ပါဒ် ဒေသနာစဉ်ကို ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် တီထွင်ရေးဆွဲတော်မူသော ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ဒေသနာပုံစံဖြင့် ဟောကြား ပြသတော်မူပါသည်။ ဒိဋ္ဌိဖြုတ်တရား၏ အဓိက အနှစ်ချုပ်မှာ ပုဂ္ဂိုလ်သတ္တ၀ါမရှိဘဲ ဓမ္မသဘောသာရှိကြောင်း ထိုဓမ္မသဘောများသည်လဲ ခိုင်မြဲမနေဘဲ ဖြစ်ပြီးပျက်နေကြောင်း၊ မခိုင်မြဲသော်လည်း အကြောင်းအကျိုးမဆက်ပဲ အစပျောက်ပြတ်စဲ သွားခြင်းမျိုး မဟုတ်ကြောင်း သိရှိစေရန် ဖြစ်ပါသည်။ ယောဂီများသည် ခန္ဓာဥာဏ်ရောက် တရားအားမထုတ်မှီ ဒိဋ္ဌိကိုအသိဥာဏ်ဖြင့် ကွာအောင် ဒိဋ္ဌိဖြုတ်တရား၊ ပဋိစ္စသမုပ္ပါဒ်တရားများကို ကြေကြေလည်လည်ရှိအောင် နာကြားသင်ယူထားကြရပါမည်။

မိုးကုတ်ဆရာတော်ဘုးရားကြီးက (၁) သတိပဋ္ဌာန်၊ (၂) သတိပဋ္ဌာန ဘာဝနာ၊ (၃)  သတိပဋ္ဌာန အကျင့်လမ်းဆုံး ဟူ၍ ဟောကြားဆုံးမတော်မူသော ၀ိပဿနာကျင့်စဉ် (၃၀၊၈၊၆၁) တရားတော်နှင့်အညီ ဤစာတမ်း၌ အဆင့်ဆင့် ရေးသားတင်ပြ သွားပါမည်။

(၃) စိတ္တာနုပဿနာရှုပွားပုံ

သတိပဋ္ဌာန်
"စိတ်တွေပေါ်တိုင်း သိတာ သတိပဋ္ဌာန်" ဟု ဟောကြားချက်နှင့်အညီ ယောဂီတို့သဏ္ဍာန်၌ ပေါ်နိုင်သည့် စိတ်အမျိုးအစား(၁၃)မျိုးမှာ-

(၁) မြင်စိတ်၊
(၂) ကြားစိတ်၊
(၃) နံစိတ်(အနံ့ရစိတ်)၊
(၄) စားစိတ်၊
(၅) ယားနာကောင်းစိတ်(ကိုယ်စိတ်)၊
(၆) လောဘစိတ်(လိုချင်စိတ်၊ ရချင်စိတ်၊ စားချင်စိတ်....စသည်..)၊
(၇) ဒေါသစိတ်(မကျေနပ်စိတ်၊ အလိုမကျစိတ်၊ ပျင်းစိတ်......စသည်..)၊
(၈) မောဟစိတ်(တွေဝေစိတ်၊ ငိုက်မျဉ်းစိတ်၊ သံသယစိတ်....စသည်...)၊
(၉) အလောဘစိတ် (ပေးကမ်းလှူဒါန်းလိုစိတ်၊ ကုသိုလ်ကောင်းမှုပြုလိုစိတ်......စသည်...)၊
(၁၀) အဒေါသစိတ် (သနားစိတ်၊ သူတပါးကောင်းကျိုးလိုလားစိတ်...စသည်..)၊
(၁၁) တွေးတောကြံစည်စိတ် (ရောက်တတ်ရာရာ ကြံစည်စိတ်....)၊
(၁၂) လေကိုရှုသွင်းစိတ်၊
(၁၃) လေကိုရှိုက်ထုတ်လိုစိတ်။

အထက်ပါ စိတ်(၁၃)မျိုး မိမိသဏ္ဍာန်၌ ပေါ်နေသည်ကို ပေါ်တိုင်းပေါ်တိုင်း သိအောင်လုပ်ရပါမည်။ အဆင်းတခုခုမြင်တိုင်း မြင်စိတ်ပေါ်သည်ဟု သိရပါမည်။ အသံတခုကြားလျှင် ကြားစိတ်ပေါ်သည်ဟု သိပေးရမည်။ အနံ့တခုခုရတိုင်းလဲ အနံ့ရစိတ် စိတ်ပေါ်သည်(သို့) နံစိတ်ပေါ်သည်ဟု သိပေးရမည်။ လျှာပေါ်တွင် အရသာတခုခု စားတိုင်းစားတိုင်း စားစိတ်ပေါ်နေသည်ဟု သိရပါမည်။ ကိုယ်ပေါ်တွင် ယားခြင်း၊ နာခြင်း၊ ပူခြင်းစသည်ဖြင့် ဘာပဲပေါ်ပေါ် ကိုယ်စိတ်ပေါ်သည်ဟု သိပေးရမည်။ မနောဒွါရတွင်လဲ လိုချင်ရချင်စိတ်ပေါ်လျှင် လောဘစိတ် (သို့) လိုချင်စိတ်ပေါ်သည်ဟု သိရပါမည်။ ကိုယ့်သဏ္ဍာန် ပေါ်သည့်စိတ်ကို ကိုယ်သိနိုင်သလိုသာ သိနိုင်ပါသည်။ ပါဠိအမည်ဖြင့် မှန်ကန်စွာသိနိုင်ဖို့ အရေးမကြီးပါ။ ပေးချင်လျှင် ပေးချင်စိတ် ပေါ်သည်ဟု မကျေနပ်လျှင် မကျေနပ်စိတ်ပေါ်သည်ဟု အသိလိုက်ပေးယုံသာ။ အိပ်ချင်လျှင်လဲ အိပ်ချင်စိတ်ပေါ်သည်ဟု သိပေးရမည်။ (အခြားစိတ်များကိုလဲ ဤနည်းတူ သိကြရပါမည်။) ယောဂီပုဂ္ဂိုလ်သည် မိမိသဏ္ဍာန်၌ ပေါ်လာသောစိတ်များကို ပေါ်တိုင်းပေါ်တိုင်း လိုက်လိုက်သိပေးနေခြင်းသည် သတိပဋ္ဌာန်ပွားများ ကျင့်ကြံရာရောက်သလို မိမိသဏ္ဍာနရှိ ခန္ဓာငါးပါးထဲမှ ၀ိညာဏက္ခန္ဓာကို ရှာဖွေတွေ့ရှိခြင်း ဖြစ်ပါသည်။ ထိုခန္ဓာသည် ပရမတ်ခန္ဓာအစစ်ပင် ဖြစ်ပါသည်။ ထိုခန္ဓာသည် လုံးရပ်သဏ္ဍာန်၊ ပုံဟန်၊ နိမိတ်မရှိပါ။ သိမှုသဘောသာလျှင် ရှိပါသည်။ ထို့ကြောင့် ဆရာတော်ဘုရားကြီးက "ခွေးမဟောင်တဲ့ ခန္ဓာကို ၀ိပဿနာ ရှုရမယ်" ဟုဆုံးမတော်မူပါသည်။ ဤသတိပဋ္ဌာန်အဆင့် ပွားများမှုကို ပိုင်နိုင်လာသော ယောဂီသည် ၀ိပဿနာရှုစရာ အရှုခံခန္ဓာကို ရှာတွေ့လာပြီး ဟု ဆိုနိုင်သကဲ့သို့ ငါမြင်တယ်၊ ငါကြားတယ်၊ ငါတွေးတယ် စသောငါထင်မှု သက္ကာယဒိဋ္ဌိကိုလဲ ပွားများမှုဖြင့် ဖြုတ်ရာရောကနေပါသည်။

(၄) သတိပဋ္ဌာနဘာဝနာ

သတိပဋ္ဌာန်အဆင့် ပွားများအားထုတ်၍ ခန္ဓာပေါ်တိုင်း(သို့) စိတ်ပေါ်တိုင်းသိလာနိုင်သော ယောဂီသည် သတိပဋ္ဌာနဘာဝနာဖြစ်အောင် ဆက်လက်ရှုပွားရမည်။ သတိပဋ္ဌာန ဘာဝနာဟူသည် ထိုစိတ်၏အပျက်ကို ရှုနိုင်ခြင်းကိုခေါ်သည်။

အနိစ္စရှု၊ အနိစ္စမှတ်၊ အနိစ္စသိရှုပွားနည်း

ဤရှုပွားနည်းတွင် မိမိသဏ္ဍာန်၌ ပစ္စုပ္ပန်တည့်တည့်အကြောင်းတိုက်ဆိုင်၍ ပေါ်လာသော စိတ်၏နောက်မှ ဥာဏ်လိုက်ရန်ဖြစ်ပါသည်။ ဥပမာ- လိုချင်စိတ်တခုပေါ်လာပါက သတိပဋ္ဌာန်အဆင့်တွင် လိုချင်စိတ်ပေါ်သည်ဟု သိပေးခဲ့ပါသည်။ ယခု သတိပဋ္ဌာနဘာဝနာအဆင့်တွင် ထိုလိုချင်စိတ်နောက်မှ ထိုစိတ်သည် အနိစ္စပဲဟုရှု /မှတ် /သိပေးရပါမည်။ (အနိစ္စဟုဆိုရာတွင် ပါဋ္ဌိဘာသာဖြင့် သိနားလည်နိုင်လျှင် အနိစ္စဟုသိရပါမည်။ သို့မဟုတ် ဒီစိတ်ကလေးကလည်း မခိုင်မြဲဘူး (သို့) ဖြစ်ပြီး ပျက်နေတဲ့သဘောပဲ၊ အပျက်ပဲ ဟုမိမိနားလည်လက်ခံသဘောကျသလို အသိလိုက်ရပါမည်။) အခြားစိတ်များပေါ်တိုင်းလဲ အလားတူအသိလိုက်ပေးပါ။ ဤအနိစ္စရှုနည်းသည် ဘာကအနိစ္စမှန်း၊ ဘယ်လိုအနိစ္စမှန်း မသိပဲ ရမ်းရှုနေခြင်းမျိုးမဟုတ်ပဲ မိမိသဏ္ဍာန်ပေါ်လာသော အရှုခံပရမတ်ခန္ဓာကို ဥာဏ်ဖြင့်လက်ညှိုးထိုး၍ "မင်းအနိစ္စပဲ" ဟု ရှုခြင်းမျိုးဖြစ်ပါသည်။

ကိုယ့်စိတ်ကိုယ်အကဲခတ်ရှုပွားနည်း

ဤရှုပွားနည်းတွင် အရှုခံစိတ်တခုခုပေါ်လာသောအခါ ယောဂီပုဂ္ဂိုလ်က ထိုစိတ်ရှိသေးသလား မရှိတော့ဘူးလားဟု အကဲခတ်ရှုပွားရန် ဖြစ်ပါသည်။ ဤရှုပွားနည်းဖြင့် ရှုပွားလိုသောယောဂီသည် စိတ်တွေ၏နိယာမ သဘောတရားအရ "စိတ်နှစ်ခုပြိုင်မပေါ်နိုင် " ဟူသောအချက်ကို သဘောကျ လက်ခံထား ရပါမည်။ စိတ်တွေပြိုင်ပေါ်နေသည်ဟူသော အထင်မှားသည် "မျက်စိတမှိတ်၊ လျှပ်တပြတ်၊ လက်ဖျစ်တတွတ်အတွင်း စိတ်ပေါင်း ကုဋေတသိန်းကျော် တခုနှင့်တခု မပြိုင်ဘဲ ဆင့်ကာဆင့်ကာ ပေါ်သွားသည်" ဟူသော အလွန် လျင်မြန်သော စိတ်အလျင်ကိုနားမလည်နိုင်၊ မသိနိုင်သောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ဤအဆင့်တွင် ယောဂီက မိမိသဏ္ဍာန်ပေါ်လာသော စိတ်ကိုရှိမရှိ အကဲခတ်/တွေး/ဥာဏ်ဖြင့်ကြည့်လိုက်သောအခါ ကြည့်သော၊ တွေးသော၊ အကဲခတ်သော စိတ်သာရှိ၍ ရှေ့ကပေါ်သွားသော စိတ်မရှိတော့ဟု သိ၍မခိုင်မြဲခြင်း အနိစ္စသဘောကို ဥာဏ်၌ ထင်မြင်နိုင်ပါသည်။

(၅) ဝေဒနာနုပဿနာ ရှုပွားပုံ

သတိပဋ္ဌာန်

ခံစားမှုသဘောဖြစ်သည့် ဝေဒနာတွေပေါ်တိုင်း သိအောင်ပွားများရပါမည်။
ယောဂီသဏ္ဍာန်၌ ပေါ်နိုင်သည့် ဝေဒနာအမျိုးအစား (၁၂)မျိုးမှာ-
(၁) မြင်သောအခိုက် ဥပေက္ခာဝေဒနာ၊
(၂) ကြားသောအခိုက်  ဥပေက္ခာဝေဒနာ၊
(၃) အနံ့ရသောအခိုက်  ဥပေက္ခာဝေဒနာ၊
(၄) စားသောအခိုက်  ဥပေက္ခာဝေဒနာ၊
(၅) ကိုယ်ပေါ်တွင် ချမ်းသာခိုက်  သုခဝေဒနာ၊
(၆) ကိုယ်ပေါ်တွင် ဆင်းရဲခိုက်  ဒုက္ခဝေဒနာ၊
(၇) စိတ်တွင် ချမ်းသာခိုက် သောမနဿဝေဒနာ၊
(၈) စိတ်တွင် ဆင်းရဲခိုက်  ဒေါမနဿဝေဒနာ၊
(၉) စိတ်တွင်ချမ်းသာသည်လဲ မဟုတ်၊ ဆင်းရဲသည်လဲမဟုတ်ခိုက်  ဥပေက္ခာဝေဒနာ၊
(၁၀) စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် လေရှုရှိုက်နေခိုက် သောမနဿ ဝေဒနာ၊
(၁၁) စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြင့် လေရှုရှိုက်နေခိုက် ဒေါမနဿဝေဒနာ၊
(၁၂) စိတ်ချမ်းသာသည်လဲမဟုတ် ဆင်းရဲသည်လဲမဟုတ် လေရှုရှိုက်နေခိုက်  ဥပေက္ခာဝေဒနာ ပေါ်နေပါသည်။
ဤအဆင့်တွင် စိတ္တာနုပဿနာရှုပွားပုံအတိုင်း - ဝေဒနာတွေပေါ်တိုင်းပေါ်တိုင်း ဘာဝေဒနာ ဘာဝေဒနာဟု သိအောင်ကြိုးစားရမည်။

သတိပဋ္ဌာနဘာဝနာ

အနိစ္စရှု၊ အနိစ္စမှတ်၊ အနိစ္စသိရှုပွားနည်း

မိမိသဏ္ဍာန်ပေါ်လာသောဝေဒနာ၏နောက်မှ အနိစ္စဟု သိသောဥာဏ်လိုက်ရမည်ဖြစ်သည်။
(အကျယ်မှာ စိတ္တာနုပဿနာရှုပွားပုံနည်းအတိုင်း ဖြစ်ပါသည်။)


ကိုယ့်ဝေဒနာကို အကဲခတ်ရှုနည်း

စိတ္တာနုပဿနာပါ အကဲခတ်ရှုပွားနည်းအတိုင်း ရှုမှတ်ရပါမည်။ အကဲခတ်သည့်ဥာဏ်ပေါ်ခိုက် ရှေ့ကပေါ်သွားသောအရှုခံဝေဒနာ မရှိတော့ပါ။

(၆) အထွေထွေသိမှတ်ဖွယ်ရာ

အနိစ္စလက္ခဏာ

ဝိပဿနာရှုသောယောဂီသည် ပရမတ်သဘောခန္ဓာ၏ မခိုင်မြဲမှုအနိစ္စကို မြင်ရန်ကြိုးစားကြရမည် ။ အနိစ္စသဘောကိုဥာဏ်ဖြင့်မြင်သိရန် အနိစ္စ၏လက္ခဏာကို သိအောငf ကြည့်ရပါမည်။ "ဖြစ်ပြီးမရှိတော့ခြင်းသည်" အနိစ္စလက္ခဏာဖြစ်ပါသည်။ "ပေါ်ပြီးပျောက်သွားခြင်း" "ရှိရာကမရှိတော့ခြင်း" သည်ပင် အနိစ္စလက္ခဏာဖြစ်သည်။ အရှုခံခန္ဓာပေါ် လာသောအခါ ရှိမရှိအကဲခတ်ကြည့်လိုက်သောအခါ "ပေါ်ပြီးပျောက်သွားခြင်း" "ရှိရာကမရှိတော့ခြင်း" "ဖြစ်ပြီးမရှိတော့ခြင်းသည်" အနိစ္စလက္ခဏာကို သိ၍ အနိစ္စမခိုင်မြဲခြင်းသဘော ကို ဥာဏ်၌ထင်မြင်လာနိုင်ပါသည်။ (ဤနေရာတွင် လုံးဝမရှိသော သဘောမျိုးမဟုတ်၊ လုံးဝမရှိတာရှုခဲ့လျှင် ပညတ်ဘက်သို့ ရောက်သွားပါမည်။ ၂၁၊၄၊၆၄ ဟော စာအုပ်သေး-၂၁၆ စာအုပ်ကြီး-၂၃ တွင် အကျယ်လေ့လာနိုင်ပါသည်။)

ဆင်အိပ်ဥပမာ

ဆရာတော်ဘုရားကြီးသည် ယောဂီများအား ဥာဏ်၌ဖြစ်ပျက်ထင်မြင်ပုံကို နားလည်စေရန် ဆင်အိပ်သည့်ဥပမာဖြင့်   ဟောကြားတော်မူပါ သည်။ တောအစပ်တွင်ရှိသော အိမ်၌နေသော သူသည် ညအခါအိမ်ရှေ့မှဆင်အော်သံများကို ကြားရသည်။ နံက်သို့ရောက်သောအခါ အိမ်ရှေ့သို့ ထွက်ကြည့်ရာတွင် ဆင်လာအိပ်သွားသောလက္ခဏာများဖြစ်သော ခြေရာ၊အိပ်ခဲ့သောနေရာများကို ကြည့်ခြင်းအားဖြင့် ဆင်ကိုမမြင်ခဲ့ရသော်လည်း ဆင်ခြင်ဥာဏ်ဖြင့် ဆင်လာအိပ်ပြီး ပြန်သွားပြီးဟု သိနိုင်ပါသည်။  ထို့အတူယောဂီများကလည်း မိမိ သဏ္ဍာန်ပေါ်နေသည့် ပရမတ်ခန္ဓာကို မိမိဥာဏ်ဖြင့်ပြိုင်ပြီး သိနေသည့်သဘောမဟုတ်ဘဲ ပညာဥာဏ်ဖြင့်ဆင်ခြင်၍ "ဖြစ်လဲဖြစ်ခဲ့ပြီး ယခုမရှိတော့ဘဲ ပျက်သွားပြီး" ဟုဖြစ်မှုပျက်မှုကို သိခြင်းမျိုးဖြစ်အောင် ကြိုးစားပွားများ အားထုတ်ကြရပါမည်။

ပင့်ကူဥပမာရှုပွားပုံ

စိတ္တာနုပဿနာ(သို့) ဝေဒနာနုပဿနာရှုပွားရာတွင် ပင့်ကူဥပမာရှုပွားပုံကို ဆက်လက်ဖော်ပြပါမည်။ တောထဲတွင်ပင့်ကူကြီးများသည် ပင့်ကူမျှင်များဖြင့်အိမ်ဖွဲ့ထားပြီး ၄င်းတို့သည် အိမ်၏အလယ်ဗဟို၌ နေကြသည်။ စားစရာအကောင်တခုခု ပင့်ကူအိမ်၌ကပ်လာလျှင် ထိုနေရာ၌ သွားစားပြီးအလယ်ဗဟိုချက်မ၌ ပြန်နေသည်။ ထို့အတူယောဂီများ သည်  ဗဟိုချက်မနှင့်တူသော ထွက်လေ၀င်လေနှင့် ယှဉ်တွဲနေသောစိတ် (သို့) ဝေဒနာ၏အပျက်ကို ပင်တိုင်ထားရှု၍ အခြားစိတ် (သို့)ဝေဒနာများပေါ်လာပါက ပေါ်ရာထင်ရှားရာစိတ် (သို့)ဝေဒနာကို ရှုရပါမည်။ ဤနေရာတွင် ပင်တိုင်ရှုပွားပုံသည် အာနာပါနသက်သက် သမာဓိထူထောင်ခြင်း မျိုးမဟုတ်ဘဲ ထိုဝင်လေထွက်လေအခိုက် ယှဉ်သောစိတ်(သို့)ဝေဒနာ၏ အပျက်ကို မိအောင်ရှုရန်ဖြစ်သည်ကို အထူးသတိပြုကြရပါမည်။

ဓမ္မာနုပဿနာရှုပွားပုံ

မိုးကုတ်ဆရာတော်ဘုရားကြီးသည် ဓမ္မာနုပဿနာရှုပွားနည်းကို သစ္စာလေးပါး ထင်မြင်အောင်ရှုနည်း၊ ဒုက္ခသစ္စာထင်မြင်အောင်ရှုနည်း စသည်ဖြင့် ဟောကြား ဆုံးမ တော်မူပါသည်။ ဤစာတမ်းတွင် ဒုက္ခသစ္စာထင်မြင်အောင်ရှုနည်းကို တင်ပြသွားပါမည်။ မိမိသဏ္ဍာန်၌ မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားတိုင်း၊ ထိတွေ့တိုင်း၊ ကြံတွေးတိုင်း ထိုသဘောတွေကို "ဒုက္ခသစ္စာတွေပဲ" ဟု ဥာဏ်ဖြင့်သိအောင် ကြိုးစားအားထုတ်ကြရပါမည်။ ဤနေရာတွင် ဆရာတော်ဘုးရားကြီးကဘုးရားဟောပါဠိတော် အကိုးအကားများ၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာပါ သစ္စာဖွဲ့ပုံများဖြင့် လည်းကောင်း၊ ဖြစ်ပြီးပျက် သွားသောတရားများသာဖြစ်၍ ဘာပေါ်ပေါ်ဒုက္ခသစ္စာများသာဖြစ်ကြောင်း လက်ခံလာနိုင်အောင် ဟောကြားပြသဆုံးမတော်မူပါသည်။


ဖစ်ပျက်မုန်းအောင်၊ ဖြစ်ပျက်ဆုံးအောင် ရှုကြပါ။

မိုးကုတ်ဝိပဿနာရှုနည်းအရ ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ အာနာပါနဖြင့် သမာဓိထူထောင်ပါ။ ထို့နောက်ခန္ဓာ၊ အာယတန၊ဓါတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားများ နာကြားသင်ယူ၍ ဒိဋ္ဌိကိုအသိဥာဏ်ဖြင့်ခွာနိုင်အောင် ကြိုးစားကြရပါမည်။ ထို့နောက် ထိုသမာဓိ ဥာဏ်ပညာ အသိဥာဏ်များဖြင့် မိမိသဏ္ဍာန်၌ ပေါ်လာသောခန္ဓာငါးပါးမှတပါး ဖြစ်သောစိတ်(သို့) ဝေဒနာ တွေကို ပေါ်တိုင်းပေါ်တိုင်း သိအောင်ကြိုးစားရပါမည်။ ထို့နောက်ထိုခန္ဓာတွေ၏အပျက်ကို မြင်အောင်ရှုကြရပါမည်။ ထို့နောက် ဒုက္ခသစ္စထင်မြင် လာသည်အထိ ဆက်လက်ရှုပွားကြရပါမည်။ ဖြစ်ပျက်၊ အနိစ္စ၊ဒုက္ခသစ္စာ သိသောဥာဏ်ကို ကြိမ်ဖန်များစွာဖြစ်အောင် ပွားများကြရပါမည်။ သို့မှသာ ၄င်းဖြစ်ပျက်၊ အနိစ္စ၊ဒုက္ခသစ္စာကို မလိုချင်သော၊ မုန်းသောဥာဏ်ပေါ်လာပြီး ဆက်လက်ရှုပွားသွားပါက ဖြစ်ပျက်၊ အနိစ္စ၊ ဒုက္ခသစ္စာတို့၏ချုပ်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်အာရုံပြုနိုင်မည် ဖြစ်သည်။ ယောဂီအပေါင်း တို့သည် မိမိသဏ္ဍာန်၌ ပေါ်လာသောစိတ်(သို့)ဝေဒနာတွေ၏ ဖြစ်မှုပျက်မှုကို သတိထား၊၀ီရိယစိုက်ပြီး ပညာဖြင့် ဖြစ်ပျက်ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည်အထိ ကျင့်ကြံပွားများနိုင်ကြပါစေသတည်း။

ကိုနိုင်လင်းဟန်(ဓမ္မရောင်ခြည်) ဓမ္မဒါနအဖြစ်ဖြင့် ရေးသားပေးပို့သည်။

မောင်းထောင်မြေဇင်းဆရာတော်ကြီး၏ သြ၀ါဒများ

ပုဂ္ဂိုလ် (၄) မျိုး


ယောဂီတို့ အခုလို သာသနာနှင့်တွေ့ကြုံ ဆုံဆည်းရတဲ့အခိုက် ကြိုးစားအားထုတ်ကြ၊ ဒီဘ၀ ဒီအချိန် လူဖြစ်တဲ့ပုဂ္ဂိုလ်တိုင်း ကံကောင်းတယ်။
ပုဂ္ဂိုလ်ကလည်း (၄) မျိုးရှိတယ်။
၁။ သာသနာနှင့်တွေ့ပြီး လူမဖြစ်တဲ့ ပုဂ္ဂိုလ်
၂။ လူဖြစ်ပြီးသာသနာနှင့် မတွေ့တဲ့ ပုဂ္ဂိုလ်
၃။ သာသနာနှင့်လည်းမတွေ့ လူလည်းမဖြစ်တဲ့ ပုဂ္ဂိုလ်
၎။ သာသနာနှင့်လည်းတွေ့ လူလည်းဖြစ်တဲ့ ပုဂ္ဂိုလ်
အခုယောဂီတို့ သာသနာနှင့်လည်းတွေ့ပြီး လူလည်းဖြစ်နေပြီ၊ သာသနာအတွင်း ဘုရားစစ် ဘုရားမှန်၊ တရားစစ်
တရားမှန်၊ သံဃာစစ် သံဃာမှန်ရှိနေသေးတာ- ကြိုးစားကြ အချိန်မီသေးတယ်။



  ခွင့်သာတုန်း ရုန်းသွားကြ


ယောဂီတို့ အခုလို ဘုရားသာသနာတော်ကြီးနှင့် ကြုံရ၊ ဆုံရလို့ လူ့ဘ၀လည်းရလို့၊ ဘုရားဆိုတဲ့အသံ၊ တရားဆိုတဲ့
အသံ၊ သံဃာဆိုတဲ့အသံတွေကြားနေရတာ။
ဒီအချိန် ကြက်တို့ ၀က်တို့ ငှက်တို့ဖြစ်နေရင် ဘုရား၊ တရား၊ သံဃာဆိုတဲ့အသံတွေလည်း ကြားနေရပါ့မလား။
ခုချိန်မှာဖြစ်နေကြတဲ့ ရှင်ရော လူရော အကုန်လုံးကံကောင်းကြတယ်… အခွင့်အရေးတွေလည်း အများကြီးရကြတယ်။
ဒါကြောင့် လယ်တီဆရာတော်ကြီးက-
၁။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးလိမ့်လား။
၂။ ခွင့်သာဆဲမှ မခဲချင်ရင် အလွဲနင့်ပြင်ရှိသေးလိမ့်လား။
၃။ ခွင့်သာတုန်းမှ မရုန်းချင်ရင် အရှုံးနင့်ပြင်ရှိသေးလိမ့်လား…..တဲ့။
ကိုင်းယောဂီတို့ အခွင့်သာတုန်း မမိုက်ကြနှင့် လမ်းမလွဲစေနှင့် အရှုံးမပေးကြနှင့်။

လက်မှတ်ရအောင်ယူထားကြ


ဘုန်းကြီးတို့ရော ယောဂီတို့ရော..ဘယ်အသက်အရွယ်၊ ဘယ်ရောဂါ၊ ဘယ်အချိန်၊ ဘယ်မြို့ဘယ်ရွာမှာသေပြီး ဘယ်ဘုံ ဘယ်ဘ၀ရောက်မယ်ဆိုတာ
ဘုရား၊ ရဟန္တာမှတပါး ဘယ်သူမှ မသိနိုင်ဘူး။ အခုလို အချိန်ကောင်း၊ အခါကောင်း၊ ဘ၀ကောင်းရနေတဲ့ အချိန် လူ့ဘ၀လည်း
ရနေပြီ။ သာသနာနှင့်လည်းတွေ့နေပြီ။ သင့်တင့်လျှောက်ပတ်တဲ့ အရပ်ဒေသလည်းရောက်နေပြီ။ ဆရာကောင်း သမားကောင်း
တွေလည်း တွေ့နေရတယ်။ ကျန်းမာရေး လည်းကောင်းနေတယ်။ သတိလက်မလွတ်စေကြနှင့်။
ဒီထက်ကောင်းတဲ့အချိန် ဒီထက်ကောင်းတဲ့ ဘ၀… ရဘို့မလွယ်ကူဘူး။
“သံသရာခရီးကြီး လမ်းမဆုံးချင်းသွားရဦးမယ်၊ ကိုယ့်လက်မှတ် ကိုယ်ရအေင်ယူထားကြ”

အရွယ်သုံးပါး


ယောဂီတို့ ဒီဘ၀… ဒီသာသနာတော်ကြီးနှင့်တွေ့တဲ့အချိန် အရွယ်သုံးပါး တစ်ပါးပါး အမိအရ တရားအားထုတ်ကြ။
ကြည့်ပါလား… ဘုရားလက်ထက်တော်က မဟာဓနသူဋ္ဌေးသား ပထမအရွယ်ကသာ တရားအားထုတ်မယ်ဆိုရင် အရဟတ္တဖိုလ်ဆုကြီး ရမယ်။ ဒုတိယအရွယ်မှာလည်း တရားအားထုတ်မယ်ဆိုရင် အနာဂါမ် ဆုကြီးရမယ်။ တတိယအရွယ် တရားအားထုတ်မယ်ဆိုရင်လည်း သောတာပန်ဆုကြီးရမယ်လို့ ဘုရားက ဟောထားတာ။
မဟာဓနသူဋ္ဌေးသား လောကီမှာလည်း ပထမအရွယ် စီးပွားလုပ်ရင် ပထမတန်းစား သူဋ္ဌေးဖြစ်မှာ။ ဒုတိယအရွယ်
စီးပွားလုပ်ရင် ဒုတိယတန်းစား သူဋ္ဌေးဖြစ်မှာ။ တတိယအရွယ် စီးပွားလုပ်ရင် တတိယတန်းစား သူဋ္ဌေးဖြစ်မှာ။
ခှုတော့ လောကီရော လောကုတ္တရာရော ဘာမှမရတော့
“ဖွတ်မရ ဓားမဆုံး” ပေါ့
ဟုတ်တယ်… အရွယ်သုံးပါး တစ်ပါးပါးမှ လောကီ၊ လောကုတ္တရာ ဘာမှမလုပ်တော့ အကုန်ဆုံးရှုံးတာ ယောဂီတို့လည်း
အတိတ်ကံက ဘယ်ဆုတွေ ရမယ်ဆိုတာ ပြောမရဘူး ကြိုးစားကြ။

မိုးရွာတုန်းရေခံထားကြ


ယောဂီတို့ ဒီသာသနာက ရှိနေပေမယ့် ခုအားထုတ်ကြတဲ့ သမထ၊ ၀ိပဿနာ တရားတွေက အမြဲတမ်းထွန်းကားနေတာ မဟုတ်ဘူး။ တစ်ခါတစ်ရံ ထွန်းကားတာ။ ဥပမာ… လောကမှာ ဥတု၊ ရာသီတွေကလည်း သူ့ရာသီနှင့်သူ
ပြောင်းလဲနေတာ။ ခေတ်ကာလကလည်း သည်အတိုင်းပဲ၊ ဒီနေ့နှင့်မနက်ဖြန်တောင်မတူဘူး။ အချိန်တိုင်း၊ နာရီတိုင်း၊ ရက်တိုင်း၊ လတိုင်း၊ နှစ်တိုင်းပြောင်းလဲနေတာ။
“အမြဲတမ်းလည်း မိုးရွာတာမဟုတ်ဘူး၊ မိုးရွာတုန်း ရေခံထားကြ”
သာသနာက နှစ်ထောင့်လေးရာကျော် ကျန်သေးတယ်ဆိုပေမယ့် ကိုယ်နှင့်မဆိုင်ဘူး၊ ကိုယ်ယူမှ ကိုယ်ရတာ၊ ကိုယ်လုပ်မှ ကိုယ်ရတာ၊ မိုးရွာနေပေမဲ့ ကိုယ်ကထွက်ပြီးမိုးရေမခံရင် ကိုယ်မသောက်ရ၊ မသုံးရ၊ မချိုးရဘူး။
တရားတော်ကလည်း ဒီအတိုင်းပဲ ကိုယ်လုပ်မှ ကိုယ်ရတာ၊ ကိုယ်မလုပ် ကိုယ်မရဘူး။ ယောဂီတို့ ကိုယ့်အတွက်လုပ်တာ ကြိုးစားကြ…။

ကိုယ့်ဘက်ကလိုတာ


မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက-
ဘုန်းကြီးတို့၊ ယောဂီတို့အတွက် သူတော်ကောင်း သူမြတ်လောင်းကြီး တွေ သွားကြတဲ့ လမ်းကြောင်းအတိုင်းလိုက်ခ့ဖဲို့။
“ဘာမှလိုလေသေးမရှိအောင် ဟောထားခဲ့တာ မှာတော်မူထားခဲ့တာ- လိုတာက ဘုန်းကြီးတို့၊ ယောဂီတို့ဘက်ကလိုတာ”
ကြည့်ပါလား- ဒီလို ဒါနကုသိုလ်တွေပြုရင် နိဗ္ဗာန် မရမီ ဘ၀တိုင်း ဘ၀တိုင်း ပစ္စည်းဥစ္စာတွေပေါတယ်။ ဒီလို သီလတွေဆောက်တည် စောင့်ထိန်းရင် ဘ၀တိုင်း ဘ၀တိုင်း ကိုယ်တွင်း ကိုယ်ပရောဂါ ဘေးအန္တရာယ်တွေကင်းပြီး အသက်ရှည်တယ်။ ဒီလို
သမထ၊ ၀ိပဿနာတရားတွေ အားထုတ်ရင် ဈာန်၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ချမ်းသာတွေ ခံစားနိုင်တယ်၊ ရောက်ရှိနိုင်တယ်။ အဲဒီလို မြတ်စွာဘုရားက သတ္တ၀ါတွေ သနားတော်မူလို့၊ င့ညှဲာတော်မူလို့ထားခ့တဲာ။ ဒါတောင် လူတွေက ကိုယ့်အတွက် ထားခဲ့မှန်း ဟေားခဲ့မှန်းမသိကြဘူး။ သနားစရာတွေ ၀မ်းနည်းစရာတွေ။

အအေးနဲ့အပူ


မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေက အလွန်အေးမြတဲ့ တရားတွေ ယောဂီတို့ရဲ့စိတ်တွေက အပူတွေ ရောလို့မရဘူး။ ခုလို အားထုတ်နေတဲ့ တစ်ရှုတစ်ရှိုက်က စပြီး ယောဂီတို့ရဲ့စိတ်တွေ ငြိမ်းချမ်းသွားအောင် အေးမြသွားအောင် အားထုတ်ရမှာ မေတ္တာလည်း များများပို့ကြ..
မေတ္တာပို့တော့ မေတ္တာပို့တဲ့ကိုယ့်စိတ်က အရင်အေးမြတာ။ ကိုယ့်စိတ်ကလည်း တကယ်တမ်း သတ္တ၀ါတွေအပေါ် အေးမြစေလိုတဲ့ စိတ်ဆန္ဒနှင့် ထိထိရောက်ရောက်ပို့ပါ။ ကိုယ်က ကိုယ့်ရဲ့ကိုယ်စောင့်နတ်ကစပြီး မေတ္တာပို့တော့ ဆိုင်ရာဆိုင်ရာ နတ်တွေလည်း မနေနိုင်တော့ဘူး။ ၀ိုင်းဝန်းကူညီ စောင့်ရှောက် မစကြတာပေါ့။ မယုံမရှိနှင့် ဘုန်းကြီးကိုယ်တွေ့တွေ အများကြီးဘဲ၊ ယုံယုံကြည်ကြည် လုပ်ရင် မကြာခင်တွေ့ရ ခံစားရမှာ…။

Saturday, 19 May 2012

အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ကြီး ဘဒ္ဒန္တ သောဘဏမဟာထေရ်




- မဟာစည်ခေါ် ဆရာတော် ထွန်းပေါ်ထင်ရှားသည်။ သတိပဋ္ဌာန် ကျင့်လမ်းမှန် ထုတ်ပြန်ဟောကြားသည်။
- ကျမ်းပေါင်းများစွာ စီရင်ကာ သာသနာပြုနေသည်။ ဆဋ္ဌသင်္ဂါ တင်စဉ်မှာ သြသာဝန်ဆောင်သည်။
- ပါဠိမေးကာ ဋ္ဌကထာ ဋီကာစီစစ်သည်။ အရှင်သောဘန ပဏ္ဍိတ အဂ္ဂမဟာထေရ်။
- ၀ိသုဒ်မြန်မာ ကျမ်းရွှေစာ ချောစွာရေးခဲ့သည်။ တစ်ထောင့်သုံးရာ သုံးခြောက်မှာ ပ-၀ါကွယ်တိတိ။
- ဘေးရန်ကင်းကွာ ဤကျမ်းစာ ကောင်းစွာပြီးမြောက်သည်။ ထိုနည်းတူစွာ များသတ္တာ ဘေးကွာရန်ကင်းကြပါစေ။
- အပြစ်ကင်းပ ကြံသမျှ ပြည့်ဝအောင်မြင်ကြပါစေ။ မေတ္တာ ကရုဏာ မုဒိတာ ပွားကာချမ်းသာကြပါစေ။
- ထူးသူတွေမှာ ဤကျမ်းစာ ဖတ်ကာနားလည်ကြပါစေ။ နားလည်ပြီးပြန် ကျင့်လမ်းမှန် ကျင့်ကြံပေါက်ရောက်ကြပါစေ။
- မဂ်ဖိုလ်နိဗ္ဗာန် ချမ်းသာမှန် အမြန်သိမြင်ကြပါစေ။ သို့နှင့်မြတ်စွာ သာသနာ ရောင်နေ၀ါသို့ထွန်းစေသော်။

ဝိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်လေးများ
- ၀ိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။ စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
- ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။ မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
- ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။ မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။
- ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။ မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
- စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။ ၀ိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
(မဟာစည်ဆရာတော်)

ဖောင်းပိန်ဝါယောမှ မဂ်ဖိုလ်သို့

“ဘုန်းကြီးတို့ကတော့ ထိုင်နေဆဲမှာ အထင်ရှားဆုံးဖြစ်ပြီး ရှုမှတ်လို့လည်းလွယ်တဲ့ ဝမ်းဗိုက်ထဲက တွေ့ထိလှုပ်ရှားမှုက စပြီး ရှုမှတ်ဖို့ ညွှန်ကြားနေပါတယ်။ ဝမ်းဗိုက်က တောင့်တင်းလှုပ်ရှားတာဟာ ဝါယောဓာတ်ပဲ။ အဲဒီ ဝါယောဓာတ်ကို အရပ်သုံးစကားဖြင့် ဖောင်းတယ်ပိန်တယ်လို့မှတ်ဖို့ ညွှန်ကြားနေပါတယ်။

ညွှန်ကြားတဲ့အတိုင်း ရိုသေစွာ ရှုမှတ်ကြတဲ့ ယောဂီတွေဟာ ခုနစ်ရက် အတွင်းလောက်မှာပင် သမာဓိ အားရှိပြီး စိတ္တဝိသုဒ္ဓိလည်း ပြည့်စုံသဖြင့် ရုပ်နာမ် နှစ်ပါးကိုလည်း ကိုယ်ပိုင် ဉာဏ်ဖြင့်ပင် ပိုင်းခြားသိသူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ။

ဒါလောက်တွင်လည်း မကသေးပါဘူး။ အကြောင်းနဲ့ အကျိုးကို ကိုယ်ပိုင်ဉာဏ်ဖြင့် ပိုင်းခြားသိပြီးတော့ အဖြစ်အပျက် အနိစ္စ ဒုက္ခ အနတ္တသဘောတွေကိုလည်း ကိုယ်ပိုင်ဉာဏ်ဖြင့်ပင် ပိုင်းခြားသိသူတွေ ထောင်သောင်းများစွာ ရှိနေပါပြီ။

ဝိပဿနာဉဏ် ရင့်သန်တဲ့အခါ ဒွါရ ခြောက်ပါးက ထင်ရှားပေါ်လာသမျှ ရုပ်နာမ်တွေကို ဖြစ်စဉ်အတိုင်း လိုက်၍ ရှုသိနိုင်တဲ့အပြင် ဝိပဿနာဉာဏ် ပြည့်စုံလို့ အရိယမဂ်ဖိုလ်ဉာဏ်ပါ ပြည့်စုံပြီလို့ ယုံကြည် စိတ်ချရလောက်တဲ့ ယောဂီတွေလည်း ထောင်ပေါင်းများစွာ ရှိနေပါပြီ။”

(မဟာစည် ဆရာတော်၊ သက္ကပဉှသုတ် စာ ၄၆)

ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီး ဆောင်ပုဒ်
- ကာမချမ်းသာ သုံးဆောင်တာ ပယ်ခွါရှောင်ရမည်။ မသုံးဆောင်ပဲ ကိုယ်ဆင်းရဲ ဒါလဲရှောင်ရမည်။
- စိတ်အလိုကျ လွှတ်ထားက ကာမသုခါ နုယောဂါ။ ပင်ပန်းရုံမျှ အားထုတ်က အတ္တကိလမထာ နုယောဂါ။
- သစ္စာမမြင် မဂ္ဂင်မပါ လေ့ကျင့်ကာဖြင့် ချမ်းသာမြဲမည်။ ယုံကြည်ဆုံးဖြတ် ယူဆမှတ် သီလဗ္ဗတပင်။
- အစွန်းနှစ်သွယ် လမ်းမှားပယ် အလယ်လမ်းမှန်ဖြစ်ပေသည်။ လမ်းမှန်ကိုလျှောက် ဥာဏ်မြင်ပေါက် ဆိုက်ရောက်နိဗ္ဗာန်ပြည်။
- ကိုယ်အမူရာ ဖြစ်တိုင်းမှာ မှန်စွာသိရမည်။ စိတ်အမူရာ ဖြစ်တိုင်းမှာ မှန်စွာသိရမည်။
- ကောင်းဆိုးလတ်ပါ ဝေဒနာ မှန်စွာသိရမည်။ သဘောတရား ထင်ပေါ်ငြား ပိုင်းခြားသိရမည်။

မဟာစည်ဆရာတော်ကြီး၏ သြကာသ ကန်တော့ချိုး
- သြကာသ သြကာသ သြကာသ
- ကာယကံ ၀စီကံ မနေကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပြောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး မိဘ, ဆရာသမား တို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
- ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ၀ိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။