♠ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဓမံ္မ သရဏံ ဂစ္ဆာမိ သံယံ သရဏံ ဂစ္ဆာမိ♠

Friday, 23 March 2012

တရားအားထုတ်လေ စိတ်မော်ဒယ်လ်သစ်လေ

စိတ်ကို
ညစ်နွမ်းစေတဲ့သဘော၊
စိတ်ကို
ပူလောင်စေတဲ့သဘော၊
စိတ်ကို
ပင်ပန်းဆင်းရဲစေတဲ့သဘောကို
ကိလေသာလို့ခေါ်ပါတယ်။
အလွယ်ပြောရရင်
မကောင်းတဲ့စိတ်၊
ညစ်ပတ်တဲ့စိတ်၊
ယုတ်မာတဲ့စိတ်၊
ကောက်ကျစ်တဲ့စိတ်၊
အဆင့်အတန်းမရှိတဲ့စိတ်၊
အောက်တန်းကျတဲ့စိတ်ဟာ
ကိလေသာပါပဲ။
စိတ်ဟာ
ကိလေသာများလေ
မော်ဒယ်လ်နိမ့်လေ၊
ကိလေသာပါးလေ
မော်ဒယ်လ်မြင့်လေပါပဲ။
ကိလေသာသွင်းလေ
မော်ဒယ်လ်ဟောင်းလေ၊
ကိလေသာရှင်းလေ
မော်ဒယ်လ်သစ်လေပါပဲ။
တရားအားထုတ်တယ်ဆိုတာ
ကိုယ့်စိတ်ကိုယ်
မော်ဒယ်လ်အသစ်လဲတာပါ။

(အရှင်ဆန္ဒဓိက ၏ စိတ်အားဖြည့် ဓမ္မမိုးစက် စာအုပ်မှကူးယူဖော်ပြပါသည်။)

သာဝကဗောဓိဥာဏ်အတွက်လည်းပါရမီလိုပါတယ်

'တို့က ပါရမီ မရှိဘူး'
'တို့က ပါရမီ နည်းတယ်' ဆိုတဲ့
အကြောင်းပြချက်တွေနဲ့
ဝိပဿနာအလုပ်ကို
လုံးဝ အားမထုတ်တဲ့သူတွေ၊
အားထုတ်ပေမယ့်
ပျင်းရိပေါ့လျော့နေသူတွေကို
ပါရမီ လွှဲချပြီး
ရေသာခိုနေတာမျိုး
မဖြစ်စေချင်လို့
တချို့ ဆရာတော်ကြီးများက
'ဒီဘ၀မှာတွင်
တရားထူးရဖို့ကတော့
ပါရမီမလိုပါဘူးဗျာ့၊
တကယ် အားထုတ်ဖို့ပဲ
လိုပါတယ်' လို့အားပေးစကား
မိန့်ကြားတော်မူကြပါတယ်။
ဆရာတော်ကြီးတွေရဲ့
ဆိုလိုရင်းအာဘော်ကို
ဘဘောမပေါက်ဘဲ
'ပါရမီ မလိုဘူး' လို့
တရားသေ လှေနံဓားထစ်
စွဲမှတ်လိုက်ရင်တော့
သာသနာတွင်း ပါရမီကုသိုလ်တွေ
အကြီးအကျယ်ဆုံးရှုံးပြီး
သာသနာနဲ့ တွေ့ရကျိုး
နပ်သင့်သလောက်
မနပ်နိုင်တော့ပါဘူး။
နိဗ္ဗာန်ရောက်ကြောင်းတရားကို
ပါရမီခေါ်တယ် ဆိုတာ
လုံးဝ မေ့မပစ်လိုက်ပါနဲ့။

(အရှင်ဆန္ဒဓိက ၏ စိတ်အားဖြည့် ဓမ္မမိုးစက် စာအုပ်မှကူးယူဖော်ပြပါသည်။)


Tuesday, 20 March 2012

မလျှော်ပဲပစ်ရက်များရင် ညှော်ခဲညစ်တက်သွားမယ်

အလုပ်များလို့ နေ့စဉ်အ၀တ်မလျှော်ဖြစ်ကြသူတွေအနေနဲ့
တစ်ပတ်တခါတော့ လျှော်ဖြစ်အောင် လျှော်ကြရသလို
နည်းလမ်းမသိ အလေ့အကျင့်မရှိလို့ စိတ်အ၀တ်ကို
နေ့စဉ်မလျှော်ဖြစ်ကြသူတွေအနေနဲ့ အနည်းဆုံး
တစ်ပတ်တစ်ရက်တော့ မလျှော်မဖြစ်
လျှော်ဖွပ်သင့်ပါတယ်။ တစ်ပတ်တစ်ရက်
ဥပုဒ်စောင့်တယ်ဆိုတောင်မှ တစ်လလေးရက်၊
တစ်နှစ်ဆိုတော့ လေးဆယ်ရှစ်ရက်ပဲရှိပါတယ်။
တစ်နှစ် (၃၆၅) ရက်ရဲ့ အစွန်းထွက် ၆၅ ရက်တောင်
မရှိပါဘူး။
တကယ်ဆို ၆၅ ရက်ပြည့်အောင်တောင် အပိုဆောင်းပြီး
စောင့်သင့်တယ် မဟုတ်ပါလား။

(အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့် ဓမ္မမိုးစက်စာအုပ်မှ ကူးယူဖော်ပြပါသည်။)

မိဘကျေးဇူး အကျေဆပ်လို့ရပါတယ်

မိဘကျေးဇူး ဆပ်ခြင်းနဲ့ ပတ်သက်တဲ့
ဘုရားအဆုံးအမကို ပြောကြပြီဆိုရင်
'မိဘကျေးဇူးကို ဘယ်လိုမှ ကျေအောင်မဆပ်နိုင်ဘူးလို့
မြတ်စွာဘုရား ဟောထားတယ်' လို့ လူအများပြောလေ့
ရှိကြပါတယ်။ အမှန်က 'ကျေအောင်မဆပ်နိုင်ဘူး' လို့
ဟောထားတာမဟုတ်ပါဘူး ၊ 'ကျေအောင်ဆပ်ဖို့မလွယ်ဘူး'လို့
ဟောထားတာပါ။ 'လွယ်လွယ်ဆပ်ရုံနဲ့
ကျေးဇူးမကျေနိုင်ဘူး' လို့ ဟောထားတာပါ။
'သာမန်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး။
အထူးဆပ်မှ ကျေးဇူးကျေနိုင်တယ်' လို့ ဆိုလိုပါတယ်။
ပစ္စည်းဝတ္တု ပေးလှူရုံ ၀တ်ကြီးဝတ်ငယ်ပြုစုရုံနဲ့
မိဘကျေးဇူးဆပ်လို့ မကျေပါဘူး။
ကုသိုလ်ပါရမီတိုးအောင် တရားထူးတရားမြတ်ရအောင်
စွမ်းဆောင်ပေးနိင်မှ မိဘကျေးဇူး ဆပ်လို့ကျေပါတယ်။

(အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့် ဓမ္မမိုးစက်စာအုပ်မှ ကူးယူဖော်ပြပါသည်။)

စိတ်ကောင်းစိတ်မြတ်တိုးပွားနေမှ ဘာဝနာသမားအစစ်

“ဘာဝနာ” ဆိုတဲ့ ပါဠိစကားလုံးက
“ဖြစ်စေခြင်း၊ တိုးပွားစေခြင်း” လို့
အဓိပ္ပာယ်ရပါတယ်။
စိတ်ကောင်းစိတ်မြတ်တွေ ဖြစ်ပေါ်လာအောင်
ဓာတ်ကောင်းဓာတ်မြတ်တွေ
တိုးပွားလာအောင်
ပြုလုပ်အားထုတ်တာကို
ဘာဝနာလို့ ခေါ်ပါတယ်။
စိတ်အစဉ်မှာ ဓာတ်ကောင်းဓာတ်မြတ်တွေ
တိုးပွားနေပြီဆိုရင်
နှုတ်အမူအရာမှာလည်း
ဓာတ်ကောင်းဓာတ်မြတ်တွေ
ကိန်းဝပ်နေပါတယ်။
ကိုယ်အမူအရာမှာလည်း
ဓာတ်ကောင်းဓာတ်မြတ်တွေ
လွှမ်းခြုံနေပါတယ်။
ဘာဝနာသမားစစ်စစ် တစ်ယောက်မှန်ရင်
ကိုယ်အမူအရာလည်း လိမ္မာယဉ်ကျေးသလို
နှုတ်အမူအရာလည်း ချိုသာနူးညံ့ပါတယ်။
စိတ်အမူအရာလည်း တည်ငြိမ်အေးချမ်းပါတယ်။

(အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့် ဓမ္မှနှင်းပွင့်စာအုပ်မှ ကူးယူဖော်ပြပါတယ်။)

တဏှာမှန်းသိမှ တဏှာကလွတ်မယ်

သံသရာမှာ ပျော်ချင်ရင်
တဏှာကို မေတ္တာလို့ လှည့်စားခွင့်ရှိပေမယ့်
သံသရာက လွတ်ချင်ရင်တော့
တဏှာကို တဏှာလို့
အမှန်အတိုင်းမြင်ဖို့ လိုအပ်ပါတယ်။
“င့ါမေတ္တာကို တဏှာလို့ ပြောရကောင်းလား” ဆိုပြီး
ဆတ်ဆတ်လူးဖြစ်နေရင်တော့
သူတော်ကောင်းတရားနဲ့ရော၊
မဂ်ဖိုလ်နိဗ္ဗာန်နဲ့ပါ
အဝေးကြီး ဝေးနေဦးမှာပါပဲ။
တုံ့ပြန်မှုကို မျှော်လင့်တဲ့စိတ်
ပတ်သက်မှုကို သာယာတဲ့စိတ်ဟာ
မေတ္တာမဟုတ်ပါဘူး၊ တဏှာပါ။
တဏှာက မေတ္တာအယောင်ဆောင်ပြီး
အမြဲလှည့်ပတ်နေပါတယ်။

(အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့် ဓမ္မှနှင်းပွင့်စာအုပ်မှ ကူးယူဖော်ပြပါတယ်။)

Thursday, 15 March 2012

သောတပန်ဖြစ်ကြောင်း

Friday, 9 March 2012

ပုဗ္ဗဏှသုတ် - ၁၁





ပုဗ္ဗဏှသုတ်
ပုဗ္ဗဏှသုတ် ရွတ်ဖတ်ခြင်း အကျိုး
ဂြိုလ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်။ ကံဇာတာ နိမ့်နေခိုက် အထူးရွတ်ဆိုရန် သင့်သည်။ လုပ်သမျှ အရာရာနှင့် အကြောင်းကြောင်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်။ အရေးကြီးသော ကိစ္စတခုခုကို အောင်မြင်အောင် ဆောင်ရွက်လိုသောအခါ မသွားမီ ဤသုတ်ကို သရဇ္ဈယ်ပါ။ မုချအောင်ပါလိမ့်မည်။
ပုဗ္ဗဏှသုတ် မြန်မာပြန်
1/ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။

ဗောဇ္ဖျင်သုတ် - ၁၀






ဗောဇ္ဖျင်သုတ်
ဗောဇ္ဖျင်သုတ်ရွတ်ဖတ်ရခြင်းအကျိုး
လူမမာများကို ရောဂါ သက်သာလာစေသည်။ ပျောက်ကင်းစေနိုင်သည်။ ဆေးရုံများတွင် အထူး ရွတ်သင့်သည်။ ပင်ရင်း ဗောဇ္ဖျင်သုတ် သုံးသုတ်ကို တွဲ၍ရွတ်လျှင် ပို၍ ကောင်းသည်။
ဗောဇ္ဖျင်သုတ်မြန်မာပြန်
1/ ဗောဇ္ဖျင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာ ပျောက်ကင်းစေနိုင်သည်။ ထကြွသောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ် ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။ 
2/ သတ္တဝါတို့သည် ဗောဇ္ဖျင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌ သိမြင်ကြပါလျှင် ဘဝသုံးပါးမှ ကျွတ်လွတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓေ နေရသည့်ဘေး၊ အိုရသည့် ဘေး၊ နာရ သည့်ဘေး ၊ သေရသည့်ဘေးတို့ ကင်းသော နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။
3/ ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့် သာမက အခြားသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော ဤဗောဇ္ဖျင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
4/ - ၅။ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ ၊သမာဓိ၊ ဥပေက္ခာ၊ ဤတရား ခုနှစ်ဖြာတို့ကို ဗောဇ္ဖျင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ဟောကြားပေ၏။ ထိုဗောဇ္ဖျင် ခုနှစ်ပါးတို့ကို ပွားများအပ်ကုန်၏။ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။
6/ ဤဗောဇ္ဖျင် ခုနှစ်ပါး တရားမြတ်စွာကို ပွားများသည်ရှိသော် တရားထူးတရားမြတ်တို့ကိုလည်း တိုးတက် သိစေနိုင်သည့် အကျိုး ရှိ၏။ ကိလေသာငြိမ်းအေးခြင်း အကျိုးလည်းရှိ၏။ အရဟတ္တမဂ်ကို ရရှိခြင်း အကျိုးလည်းရှိ၏။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။
7/ အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခ ရောက်ရသော ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပ မထေရ် နှစ်ပါးအား ဗောဇ္ဖျင်ခုနှစ်ပါး တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။
8/ ထိုမထေရ်နှစ်ပါးသည် ဗောဇ္ဖျင်တရားတော်ကို လွန်စွာနှစ်သက်ကြသည့်အတွက် တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။ 
9/ အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏။ ထိုအခါ စုန္ဒ မထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဖျင်တရား ဟောစေပြီး မြတ်စွာဘုရား နာကြားတော်မူသည်။
10/ ဗောဇ္ဖျင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာပျောက်ကင်းလေ၏။ ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား စီးပွားချမ်းသာ အမြဲဖြစ်ထွန်းပါစေသတည်း။
11/ မဟာကဿပ ထေရ်၊ မဟာမောဂ္ဂလာန် ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ အနာရောဂါတို့သည် နောက်ထပ် မဖြစ်နိုင်ကြတော့ပေ။ ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား ထာဝရ ချမ်းသာခြင်း ဖြစ်ပါစေသတည်း ။

အင်္ဂုလိမာလသုတ် - ၉





အင်္ဂုလိမာလသုတ်
အင်္ဂုလိမာလသုတ် ရွတ်ဖတ်ရခြင်းအကျိုး
မီးအဖွါးရခက်နေသော ကိုယ်ဝန်ဆောင် မိခင်လောင်းတို့အား သားဖွါးရလွယ်ကူစေသည်။ ဤပရိတ်ရေကို တိုက်ပေးနိုင်သည်။ ဖွားခါနီးမှ ရွတ်သည်ထက် နေ့စေ့လစေ့ ဖွားခါနီးလာလျှင် မပြတ် ရွတ်ပေးသင့်သည်။ တိရစ္ဆာန်မများ မွေးဖွားရ လွယ်အောင်လည်း ဤပရိတ်ဖြင့်ပင် ကူညီနိုင်ပေသည်။
အင်္ဂုလိမာလသုတ်မြန်မာပြန်
1/ ဤအင်္ဂုလိမာလ ပရိတ်တော်ကို ရွတ်ဖတ်သော မထေရ်မြတ်တို့၏ ထိုင်သည့်နေရာကို ဆေးကြောသည့် ရေသည်ပင်လျှင် ဘေးရန်ဟူသမျှကို ပျောက်ကင်းစေသည်။
2/ အင်္ဂုလိမာလပရိတ်တော်သည် ကိုယ်ဝန်သားကို ချမ်းသာလွယ်ကူစွာ ချက်ချင်းဖွားစေနိုင်သော အစွမ်းရှိ၏။ အင်္ဂုလိမာလ အမည်ရှိသော မထေရ်အတွက် မြတ်စွာဘုရားဟောကြားသော ပရိတ် တော်ဖြစ်၏။ အာယုကပ် ပတ်လုံးလည်း တည်၏။ တန်ခိုးလည်းအလွန်ကြီး၏။ ထိုပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါစို့။
3/ “အို…နှမ။ ငါသည် အရိယာဇာတ် ရဟန်းမြတ် ဖြစ်သောအခါမှစ၍ သေစေလိုသော စေတနာဖြင့် သတ္တဝါ တကောင်ကောင်ကို သတ်ဖူးသည်ဟု ငါမသိပေ”။ ထိုသို့မှန်သော သစ္စာစကားကြောင့် သင့်အား ချမ်းသာပါစေ။ ကိုယ်ဝန်သားလည်း ချမ်းသာပါစေ။

အာဋာနာဋိယသုတ် - ၈




အာဋာနာဋိယသုတ်
အာဋာနာဋိယသုတ် ရွတ်ဖတ်ခြင်းအကျိုး

ဤသုတ်ကို မပြတ်ရွတ်ပေးလျှင် နတ်တို့က လိုလားသည်၊ နတ်လိုက လူလို၊ လူလိုက ဂြိုလ်မ၊ ကံဇာတာ ထလာစေနိုင်သည်။ စုန်းပယောဂ တစ္ဆေ၊ မြေဘုတ် ပူးကပ်လျှင် ဤသုတ်ဖြင့် ထုတ်ပစ်နိုင်သည်။ ပယောဂ ခွာဆေး တမျိုး ဖြစ်ပေသည်။ ဤသုတ်ကို ရွတ်ပေးလျှင် လူနာကို အပ မမှီနိုင်ပေ။
အာဋာနိဋိယသုတ် မြန်မာပြန်
1/ သူတော်ကောင်းအပေါင်းက ကောင်းပါပေသည်ဟု လက်ခံချီးကျူးထားသော မြတ်စွာဘုရား၏ သာသနာတော်ကိုပင် မကြည်ညို မသက်ဝင်နိုင်ကြသော လူကြမ်း ဘီလူးတို့သည် ရက်စက်တတ်ကြကုန်၏။ မည်သည့်အခါမဆို နိုင်ထက်စီးနင်း နှိပ်စက်ကလူ ပြုတတ်ကြ၏။
2/ ထိုဘီလူး လူကြမ်းတို့က ပရိတ်သတ် မညှင်းဆဲ မနှိပ်စက်နိုင်စေရန်နှင့် သူတို့ကပင် ကူညီ စောင့်ရှောက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကြီးမြတ်သောလုံ့လ ရှိတော်မူသော် မြတ်စွာဘုရားက ဤအာဋာနိဋိက ပရိတ်တော် အရံအတားကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။ ယခုအခါ၌ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း၍ ရွတ်ဆိုကြပါကုန်စို့။
3/ စက္ခု ငါးပါးနှင့် ပြည့်စုံတော်မူသော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော ဝိပဿီ မြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးခြင်း ဖြစ်ပါစေ။ သတ္တဝါ အားလုံးအပေါ် ကြင်နာသနားမှုဖြင့် အစဉ်သနား စောင့်ရှောက်တော်မူသော သိခီ မြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးမှု ဖြစ်ပါစေ။
4/ မကောင်းမှု အညစ်အကြေးကို ဆေးကြောသန့်စင်ပြီးဖြစ်သော ခြိုးခြံသော အကျင့်ကိုလည်း ကျင့်တော်မူသော ဝေဿဘူ မြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ မာရ်စစ်သည် အပေါင်း ကို နှိမ်နှင်းအောင်မြင်တော်မူသော ကကုသန် မြတ်စွာဘုရားအားလည်း အကျွန်ုပ် ရှိခိုးပါ၏။
5/ မကောင်းမှု ဟူသမျှ အပပြုပြီးသော ငါးပါးသော ဝသီဘော်နှင့် ပြည့်စုံတော်မူသော ကောဏာဂုံ မြတ်စွာဘုရားအားလည်း အကျွန်ုပ်ရှိခိုး ပါ၏။ ခပ်သိမ်းသော ကိလေသာတို့မှ လွတ်ကင်းတော် မူပြီးသော ကဿပ မြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ် ရှိခိုးခြင်းဖြစ်ပါစေ။
6/ ဂေါတမဘုရားရှင်သည် လူတို့၏ ဆင်းရဲဒုက္ခဟူသမျှကို ပယ်ဖျောက်နိုင်စွမ်းရှိသော တရားတော်မြတ်ကို ဟောကြားတော်မူပေ၏။ ကိုယ်တော်မှလည်း အရောင်အဝါ ကွန့်မြူးဖြာယှက် ထွက်တော်မူ၏။ ဘုန်း- ကျက်သရေနှင့်လည်း ပြည့်စုံတော်မူပေ၏။ သကျသာကီဝင် မင်းသားလည်း ဖြစ်တော်မူ၏။ ထိုဂေါတမ မြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။
7/ လောက၌ ငြိမ်းအေးကုန်ပြီးသော ဘုရားရှင်အဆူဆူတို့သည် ယထာဘူတကျကျ သိကုန်၏။ ချောပစ်ကုန်းတိုက်သော စကားမျိုးကို မည်သည့်အခါမျှ ဆိုမိန့်တော်မမူ၊ ကြီးလည်း ကြီးမြတ်ကုန်၏။ ကြောက်ရွံ့ခြင်းလည်း ကင်းကုန်၏။

ဓဇဂ္ဂသုတ် - ၇






ဓဇဂ္ဂသုတ်
ဓဇဂ္ဂသုတ်ရွတ်ဖတ်ရခြင်းအကျိုး
ဤသုတ်ကို ရွတ်ဖတ်ပွားများလျှင် ပိုမို၍ ဉာဏ်ကောင်းလာစေနိုင်သည်။ မည်သည့်နေရာသို့ဖြစ်စေ နေ့နေ့ညည တယောက်တည်း သွားရဲလာရဲ နေရဲစေသည်။ စိတ်တန်ခိုးလည်း ကြီးလာလိမ့်မည်။ ပရိသတ်အလယ်မှာ ပြောရဲဆိုရဲ ရှိလာနိုင်သည်။ မိမိ၏ဘဝအခြေအနေ ခိုင်မြဲစေသည်။ ရာထူး တည်မြဲရေး၊ စည်းစိမ် တည်မြဲရေးအတွက် အကျိုးပြုလိမ့်မည်။ (ဘုရား၊ တရား၊ သံဃာဂုဏ်တော် များကို သီးသန့် ပွားများနိုင်သည်။
ဓဇဂ္ဂသုတ်မြန်မာပြန်
1/ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောင့်မေ့ဆင်ခြင်ကာမျှဖြင့် ကောင်းကင်၌ပင် တည်ခိုက်ကြုံသော်လည်း မြေပြင်မှာလို ခိုင်ခိုင်မြဲမြဲ တည်ခွင့်ရလေသည်။
2/ ဤဓဇဂ္ဂသုတ် ပရိတ်တော်ကြောင့် ဘီလူးဘေး၊ ခိုးသူဘေးစသော ဘေးအန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်ကြရသော လူတို့ကိုရေတွက်၍ မကုန်နိုင်ပါချေ။ ယခုအခါ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ကြပါကုန်စို့။
3/ သံဃဥက္ကဌ သံဃနာယက ဖြစ်တော်မူသော မဟာကဿပ အရှင်ဘုရား…. အကျွန်ုပ် အာနန္ဒာသည် ဤဓဇဂ္ဂသုတ် ပရိတ်တော်ကို မြတ်စွာဘုရားထံတော်မှ တိုက်ရိုက် ဤကဲ့သို့ ကြားနာ မှတ်သားထားလိုက်ပါ၏ ။
အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် အနာထပိဏ်သူဌေးကြီး၏ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ဇေတဝန် ကျောင်းကြီး၌ သီတင်းသုံးနေပါသည်။
4/ ထိုသို့နေတော်မူစဉ်အခါ မြတ်စွာဘုရားက “ရဟန်းတို့” ဟူ၍ ရဟန်းအများကို ခေါ်တော်မူပါသည်။ ရဟန်းတို့လည်း မြတ်စွာဘုရား စကားတော်ကို ခံယူရန် အသင့်ဖြစ်ကြပါသည်။ ထိုအခါ မြတ်စွာဘုရားက ဤသို့မိန့်ကြား ဟောမြွက်တော်မူပါသည် --
ချစ်သားတို့…. ရှေးအခါက တာဝတိံသာနတ်နှင့် အသုရာ နတ်စစ်သည်တို့ စစ်ခင်းခဲ့ကြဖူး၏။ ထိုအခါ သိကြားမင်းသည် တာဝတိံသာနတ် စစ်သည်တို့ကို ခေါ်ယူပြီး ဤသို့ပြောကြားခဲ့၏။
“အမောင်နတ်သားတို့၊ သင်တို့သည် စစ်မြေပြင်မှာ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ဖြစ်ခဲ့သည် ရှိသော် ငါသိကြားမင်း၏ တံခွန်ဖျားကို မော်၍ ကြည့်လိုက်ကြကုန်လော့။ ဤသို့ ကြည့်လိုက်ပါလျှင် သင်တို့ အကြောက်ပြေကြလိမ့်မည်။ မတုန်မလှုပ် ရဲရင့်လာကြလိမ့်မည်။ ကြက်သီးမွေးညှင်း ထခြင်းများလည်း ပြေပျောက်သွားကြလိမ့်မည်”။

ဝဋ္ဋသုတ် - ၆





ဝဋ္ဋသုတ်
ဝဋ္ဋသုတ်ရွတ်ဖတ်ရခြင်းအကျိုး 
မီးဘေးလွတ်ကင်းစေနိုင်သည်။ မိမိကိုယ်တိုင် မီးဘေး မသင့်ရအောင် မိမိရပ်ကွက် မီးဘေးကင်းအောင် သစ္စာပြုနိုင်သည်။
ဝဋ္ဋသုတ် မြန်မာပြန်
1/ သဗ္ဗညုတ ညဏ်တော်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို ဖြစ်ကျင့်သော ဘုရားအလောင်းသည် နုစဉ်ဘဝက ငုံးငှက်မျိုး၌ ဖြစ်ရလေ၏။ ဘုရားအလောင်း ငုံးငယ်ကို ဤပရိတ်တော်၏ တန်ခိုးကြောင့် တောမီးကွင်းရလေ၏။
2/ ဤပရိတ်တော်ကို ရှင်သာရိပုတ္တရာ မဟာထေရ်မြတ်အား မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။ ဤပရိတ်တော်သည် ကမ္ဘာတည်လိမ့်မည်။ တန်ခိုးလည်း လွန်စွာကြီး၏။ ယခုအခါ ထိုငုံးမင်းပရိတ်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါစို့။
3/ လောက၌ သီလ၏ ဂုဏ်ကျေးဇူးသည် ရှိပေ၏။ မှန်ကန်သောသစ္စာသည်ရှိပေ၏။ ကိုယ်ရေး၊ နှုတ်ရေး၊ စိတ်ရေး လုံးဝ စင်ကြယ်ခြင်းသည် ရှိပေ၏။ သတ္တဝါတို့အား ကြင်နာသနားခြင်းသည် ရှိပေ၏။ ဤသို့သော သစ္စာစကားဖြင့် အလွန်ကောင်းမြတ်သော သစ္စာပြုခြင်းကို ငါဘုရား နုစဉ်က ပြုခဲ့ဖူးလေပြီ။
4/ သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး ရှေးရှေးသော ဘုရားရှင်တို့ကို အောက်မေ့သတိရပြီး သစ္စာ၏အစွမ်းကို အမှီပြု၍ သစ္စာပြုခဲ့ဖူးလေပြီ။
5/ အို…တောမီး။ ငါ့မှာ အတောင်တို့ ရှိပါသော်လည်း မပျံနိုင်သေးပါ။ ငါ့မှာခြေတို့ ရှိပါသော်လည်း မသွားတတ်သေးပါ။ ငါ၏ မိဘတို့သည်လည်း (ငါ့ကိုထား၍) ထွက်သွားကြလေပြီ။ အို…တောမီး။ ငါ့ကို ဖဲကြဉ်ပါလော့။
6/ ချစ်သား… သာရိပုတ္တရာ။ ဤကဲ့သို့ ငါဘုရားလောင်း ငုံးငယ်က သစ္စာပြုလိုက်သောအခါ သစ္စာပြုပြီးသည်နှင့် တပြိုင်နက် တောမီးသည် ရေသို့ရောက်၍ ဖဲကြဉ်ရသကဲ့သို့ ငါ့ကို ဖဲကြဉ်လေ၏။ အရှိန်အလျှံ ကြီးမားလှသော တောမီးသည် မင်းပယ် (၁၆)ပယ်ခန့်မျှ ကွင်းလေ၏။
ချစ်သား သာရိပုတ္တရာ။ ငါ၏သစ္စာစကားနှင့် တူသောတရား မည်သည် မရှိချေ။ ဤပါရမီကား ငါဘုရား၏ သစ္စာပါရမီပင် ဖြစ်တော့သည်။

မောရသုတ် - ၅





မောရသုတ်
မောရသုတ်ရွတ်ဖတ်ရခြင်းအကျိုး
  ပီယဆေးခတ်ခြင်း၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတပါးတို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ်ပြုရန် တစုံတယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတပါးက မိမိ၏ ရာထူးအခြေအနေ လျောကျအောင် ကြံစည်နေလျှင်လည်း အကာအကွယ် ကောင်းတစ်ခုဖြစ်ပေသည်။ လုပ်ကြံသတ်ဖြတ်မှု မခံရအောင်လည်း စွမ်းပေသေးသည်။
မောရသုတ်မြန်မာပြန်
1/ - ၂၊ သဗ္ဗညုတ ဉာဏ်တော်၏ အခြေခံ အဆောက်အဦဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုး၌ ဖြစ်တော်မူခိုက် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းအောင် စီစဉ်ထားလေသည်။ မုဆိုးတို့သည် ဘုရားအလောင်း ဥဒေါင်းမင်းကို ဖမ်းယူရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြသော်လည်း ဖမ်း၍မရနိုင်ကြကုန်။ ဤမောရပရိတ်ကို မြတ်သောမန္တရား ဟူ၍ပင် မြတ်စွာဘုရား ဟောကြားခဲ့၏။ ယခုအခါ ဤမောရ ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။
3/ နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်း ဖြစ်၏။ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏။ ရွှေ အဆင်းနှင့်တူသော အဆင်းလည်းရှိ၏။ မြေပြင်တခုလုံးကိုထွန်းပသော အလင်းရောင်လည်းရှိ၏။ ယခု ဤနေမင်းသည် တက်လတ်ပေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ ထွန်းလင်းတောက်ပသော ဤနေမင်းကို ရှိခိုးပါ၏။ ရိုသေပါ၏။ ယနေ့တနေ့လုံး အသင်နေမင်း၏ အစောင့်အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။
4/ မြတ်စွာဘုရားတို့ မည်သည်မှာ မကောင်းမှု ဟူသမျှကို အပပြုကုန်ပြီဖြစ်၏။ တရားအားလုံးကို သိမြင်တော်မူကြပြီး ဖြစ်၏။ ထိုဘုရားရှင်တို့အား ကျွန်ုပ် ရှိခိုးပါ၏။ ထိုဘုရားရှင်တို့ကလည်း ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်း ရှိခိုးပါ၏။ ကိလေသာမှ ကင်းလွတ်ကုန်ပြီသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြုပြီးမှ အစာရှာထွက်လေ၏။
5/ နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏။ မြတ်သောမင်းလည်းဖြစ်၏။ ရွှေ အဆင်းအရောင်လည်း ရှိ၏။ မြေပြင်၌လည်း ထွန်းလင်းတောက်ပ၏။ ဤနေမင်းသည် ယခုဝင်လေ၏။ ကျွန်ုပ်သည် ရွှေ အဆင်းရှိသော မြေပြင်၌ တောက်ပသော အရောင်ရှိသော ရှင်နေမင်းကို ဦးညွှတ်ရှိခိုးပါ၏။ ယခု တညဥ့်ပတ်လုံး အရှင်နေမင်း၏ အစောင့်အရှောက်ခံယူ၍ ကျွန်ုပ် နေပါအံ့။
6/ မကောင်းမှုဟူသမျှကို ဖယ်ရှားပြီး တရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အား ဦးညွှတ်ရှိခိုးပါ၏ ။ ထိုဘုရားရှင်တို့သည် ကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော အရိယာ ပုဂ္ဂိုလ်တို့အားလည်း အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အား၎င်း၊ ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့အား၎င်း၊ အရဟတ္တဖိုလ် တရားအား၎င်း ကျွန်ုပ် ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင် ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြု၍ ညဥ့်အခါ၌ နေလေ၏။

ခန္ဓသုတ် ၎





ခန္ဓသုတ်
ခန္ဓသုတ်ရွတ်ဖတ်ရခြင်းအကျိုး
မြွေဘေးကင်းနိုင်သည်။ အခြားအဆိပ်ရှိသော သတ္တဝါတို့ ဘေးမှလည်း လွတ်နိုင်သည်။ မြွေကိုက် ကင်းကိုက် ခံရသော အခါမျိုး၌လည်း အကြိမ်ကြိမ် ရွတ်နိုင်သည်။ ဘေးရန်ကို ကျော်လွန်နိုင်ပေသည်။
ခန္ဓသုတ်မြန်မာပြန်
1/ ဤခန္ဓသုတ် ပရိတ်တော်သည် နတ်ဆေး နတ်မန္တရားနှင့် တူ၏။ မြွေလေးမျိုးတို့၏ ပြင်းထန်သော အဆိပ်ကို ပျောက်ကင်းစေ၏။
2/ အာဏာခေတ်ဟုခေါ်သော စကြဝဠာ ကုဋေတသိန်း အတွင်း၌ သတ္တဝါအများရှိကြ၏။ မြွေမှတပါး ကျန်သော သတ္တဝါတို့၏ ဘေးရန်ကိုလည်း တားမြစ်နိုင်စွမ်းပေ၏။ ထိုပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
3/ ဝိရူပက္ခ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဧရာပထ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဆဗျာပုတ္တ နဂါးမင်းတို့နှင့် အတတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ကဏှာဂေါတမ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။
4/ အခြေမဲ့သော သတ္တဝါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ အခြေလေးချောင်းရှိသော သတ္တဝါ၊ ခြေထောက်များစွာရှိသော သတ္တဝါ၊ ဤသတ္တဝါအားလုံးနှင့် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် အတူတကွ ဖြစ်ပါစေသတည်း။
5/ အခြေမဲ့သော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ အခြေနှစ်ချောင်းရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေလေးချောင်းရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေထောက်များစွာရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။
6/ အာရုံငါးပါးကို ခုံမင်တတ်သော သတ္တဝါအားလုံးတို့သည်၎င်း၊ အသက်ရှူရှိုက်တတ်သော သတ္တဝါ အားလုံးတို့သည်၎င်း၊ ကိုယ်ကာယ အထင်အရှားဖြစ်သော သတ္တဝါအားလုံးတို့သည်၎င်း၊ သတ္တဝါတိုင်း သတ္တဝါတိုင်းသည် အကောင်း အမြတ်တို့ကိုသာ မြင်ကြပါစေ။ အနည်းငယ်မျှပင် မကောင်းမှုသို့ မရောက်ကြပါစေနှင့်။
7/ (ကိလေသာသည် နှိုင်းယှဉ်စရာ အကြောင်းပမာဏဖြစ်၏။) မြတ်စွာဘုရားသည် ပမာဏပြုစရာ ကိလေသာမရှိ။ တရားတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ သံဃာတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ ကင်း၊ သန်း၊ မြွေ၊ ကင်းပုစွန်၊ ကင်းခြေများ၊ ပင့်ကူ (ပင့်ကူနက်)၊ တက်တူ (အိမ်မြှောင်)၊ ကြွက်စသော သတ္တဝါတို့သည် ပမာဏပြုစရာ ကိလေသာ ရှိကြကုန်၏။
8/ ကျွန်ုပ်သည် အစောင့်အရှောက်ကို ပြုအပ်ပြီ။ အရံအတားကို ပြုအပ်ပြီ။ သတ္တဝါတို့သည် ဖဲရှောင်ကြကုန်လော့၊ ကျွန်ုပ်သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ ဝိပဿီ စသော ဘုရားခုနှစ်ဆူတို့အားလည်း ဦးညွှတ်ရှိခိုးပါ၏။

မေတ္တသုတ် - ၃




မေတ္တသုတ်
 မေတ္တသုတ် ရွတ်ဖတ်ခြင်းအကျိုး
ချမ်းချမ်းသာသာ အိပ်ရနိုးရစေသည်။ အိပ်မက်ဆိုးများ မမက်အောင် ကာကွယ်နိုင်သည်။ မျက်နှာ ကြည်လင်၍ လူချစ်လူခင် များလိမ့်မည်။ အိပ်ခါနီးဆဲဆဲမှာ ရွတ်ပြီးအိပ်လျှင် ညအခါ ဘီလူးစီးခြင်း၊ ယောင်ယမ်း၍ ထပြေးခြင်း၊ အိပ်နေရင်း အသံနက်ကြီးဖြင့် အော်ခြင်း၊ အိပ်ရာနားရှိ တွေ့ကရာ ပစ္စည်းတို့ဖြင့် ယောင်ယမ်းပြီး ပစ်ပေါက်ခြင်း စသည်တို့ ကင်းသည်။ ထိုသို့ဖြစ်တတ်သူများသည် အထူးတလည် မေတ္တသုတ်ကို ရွတ်သင့်ပေသည်။
မေတ္တသုတ် မြန်မာပြန်
1/ မေတ္တသုတ်၏ အာနုဘော်ကြောင့် ဘီလူး၊ ဘုမ္မစိုးတို့သည် ကြောက်မက်ဖွယ်ကောင်းအောင် ရုပ်အဆင်းကို ဖန်ဆင်း၍ လူတို့အား မပြဝံ့ကြကုန်။ မေတ္တသုတ်တော်ကို ညဥ့်အခါ၌၎င်း၊ နေ့အခါ၌၎င်း မပျင်းမရိ ရွတ်ဖတ်လေ့ရှိသောသူသည် -
2/ အိပ်သောအခါ ချမ်းသာစွာ အိပ်ရလေ၏။ အိပ်ပျော်နေစဉ်၌လည်း အိပ်မက်ဆိုးကို မမြင်မက်နိုင်။ ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသော မေတ္တသုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
3/ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်စွာသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်ခြင်းကို ပြုရာသည်။ ပြုနိုင်စွမ်း ရှိသူလည်း ဖြစ်ရာ၏။ ကောင်းစွာဖြောင့်မတ်ရာ၏။ ပညာရှိတို့ ဆိုလွယ် ဆုံးမလွယ်သူလည်း ဖြစ်ရာ၏။ နူးညံ့ သိမ်မွေ့ရာ၏။ မာန်မာန မထားရာ။
4/ ရောင့်ရဲလွယ်ရာ၏။ သူတပါးတို့က ပြုစုလွယ်၊ မွေးမြူလွယ်သူမျိုး ဖြစ်ရာ၏။ ကိစ္စနည်းစေရာ၏။ အသက်မွေးမှု ပေါ့ပါးခြင်း ရှိရာ၏။ မျက်စိ စသော ဣနြေ္ဒ တည်ငြိမ်မှု ရှိရာ၏။ အမူအရာ မကြမ်းတမ်းစေရာ။ ဒါယကာများ ဆွေမျိုးများ၌ သံယောဇဉ် ညှိတွယ်လွန်းခြင်း မဖြစ်စေရာ။
5/ ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှု တစုံတခုကို အနည်းငယ်မျှပင် မပြုမကျင့်ရာ။ သတ္တဝါခပ်သိမ်း ချမ်းသာကြပါစေ။ ဘေးမရှိပါစေနှင့်။ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
6/ အသက်ရှူရှိက်သော သတ္တဝါအားလုံး၊ ထိတ်လန့်လွယ်သော သတ္တဝါအားလုံး၊ တည်ကြည်သော သတ္တဝါအားလုံး၊ ကိုယ်ခန္ဓာရှည်သော သတ္တဝါအားလုံး ၊ ကြီးသော သတ္တဝါအားလုံး၊ မတိုမရှည် မကြီးမငယ် အလယ်အလတ်ဖြစ်သော သတ္တဝါ၊ ပုသော တိုသော သတ္တဝါ၊ ပိန်သော ကြုံသော သတ္တဝါ ၊ ဆူသော ဖြိုးသော သတ္တဝါ။
7/ မျက်စိဖြင့်မြင်နိုင်သော သတ္တဝါ၊ မျက်စိဖြင့် မမြင်နိုင်သော သတ္တဝါ၊ အဝေးမှာရှိသော သတ္တဝါ၊ မနီးမဝေးမှာရှိသော သတ္တဝါ၊ ဖြစ်ပြီးသော သတ္တဝါ၊ နောင်ဖြစ်လတ္တံသော သတ္တဝါ၊ ဆိုခဲ့ပါ သတ္တဝါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကုန်သတည်း။
8/ တယောက်နှင့် တယောက် အမျက်ဒေါသ မထွက်ရာ၊ အလုပ်ကိစ္စ တခုခုနှင့် စပ်လျဉ်း၍ တယောက်ယောက်ကို ချုပ်ချယ်သောစကား မပြောရာ၊ မုန်းတီးသောစိတ်ဖြင့် အမှတ်မထားရာ၊ အနည်းငယ်မျှ မထီမဲ့မြင် မထင်ကောင်း၊ အချင်းချင်း တယောက်နှင့်တယောက် ဆင်းရဲဒုက္ခကို အလို မရှိသင့်ပေ။
9/ အမိသည် မိမိဝမ်း၌လွယ်၍ မွေးရသော တဦးတည်းသောသားကို အသက်လောက် ချစ်မြတ်နိုး၍ အစဉ်မပြတ် စောင့် ရှောက်သည့်နည်းတူ သတ္တဝါအားလုံးတို့အပေါ်၌ အတိုင်းမသိ ကြီးမားသော မေတ္တာစိတ်ကို ပွားများရာ၏။
10/ အထက်အောက် ဘေးဘီ အရပ်မျက်နှာအားလုံး အကျဉ်းအမြောင်းမရှိ၊ အတွင်းရန် အပြင်ရန်မရှိ၊ အတိုင်းမသိ မြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများစေရာ၏။
11/ အိပ်ငိုက်သောအခါမှတပါး မတ်တပ်ရပ်စဉ်ဖြစ်စေ၊ လမ်းလျှောက်သွားနေစဉ်ဖြစ်စေ၊ ထိုင်နေစဉ် ဖြစ်စေ၊ လဲလျောင်းနေစဉ်ဖြစ်စေ အမြဲမပြတ်သတိချပ်လျက် မေတ္တာပို့နေရာ၏။ ယင်းသို့ မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်း၊ ထိုင်ခြင်းကို “မြတ်သောနေခြင်း”ဟူ၍ ဤဂေါတမဘုရား သာသနာတော်၌ ဆိုကြလေပြီ။
12/ မှားသောအယူဝါဒကို လက်မခံဘဲ ကိုယ်ကျင့်သီလ ရှိစေရာ၏။ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံစေရာ၏။ ကိလေသာအာရုံ ကာမဂုဏ်တို့၌ တပ်နှစ်သက်ခြင်းကို ပယ်ဖျောက်ရာ၏။ ဤသို့သော လူမျိုးသည် မိခင်ဝမ်း၌ တဖန် ပဋိသန္ဓေ မနေရတော့ပေ။ (ဝဋ်ဘဝ ချုပ်ငြိမ်း၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ပေလတ္တံ။

ရတနသုတ် - ၂





ရတနသုတ်
ရတနသုတ်ရွတ်ဖတ်ခြင်းအကျိုး
· ကပ်ကြီးသုံးပါးကို ကျော်နင်းစေနိုင်သည်။
· စုန်း၊ တစ္ဆေ၊ ကဝေ ပယောဂ ဟူသမျှကို နိုင်သည်။
· အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခ ရောက်ရသောအခါ၊ အချုပ်ထောင်၊ နှောင်အိမ် စသည်တို့၌ ကျရောက်သောအခါ အမြန် လွတ်မြောက်စေနိုင်သည်။
· နတ်ကောင်း နတ်မြတ်တို့၏ စောင်မ ကြည့်ရှုခြင်းကို ခံရမည် ဖြစ်ပေသည်။
ရတနသုတ်မြန်မာပြန်
1/ ဒီပင်္ကရာ ထွတ်ချာသေဌ်နင်း တရားမင်း၏ခြေရင်းတော်၌ ဘုရားဆုကို တောင်းသည့်ကာလမှ အစပြု၍
· မြတ်စွာဘုရား ဖြည့်ဆည်းဖူးခဲ့သော ပါရမီ(၁ဝ) ပါး၊ ဥပ ပါရမီ(၁ဝ) ပါး၊ ပရမတ္တ ပါရမီ (၁ဝ)ပါး အားဖြင့် အမျှ(၃ဝ)သော ပါရမီတို့ကို၎င်း၊
· စွန့်ခြင်းကြီး ငါးပါးတို့ကို၎င်း၊
· လောက၏ အကျိုးစီးပွားအလို့ငှာ ကျင့်ခြင်း၊ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားအလို့ငှာ ကျင့်ခြင်း၊ ဘုရားဖြစ်ခြင်းအကျိုးငှာ ကျင့်ခြင်း ဟူသော စရိယသုံးပါးတို့ကို၎င်း၊
· နောက်ဆုံးဘဝ၌ အမိဝမ်းတွင်း၌ ပဋိသန္ဓေ ယူတော်မူခြင်း၊ ဖွားမြင်ခြင်း၊ မြတ်သော တောထွက်ခြင်း၊ ပြင်းစွာသောလုံ့လဖြင့် ကမ္မဌာန်းအကျင့်ကို ကျင့်ခြင်း၊ ဗောဓိပလ္လင်၌ မာရ်ငါးပါးကို အောင်မြင်တော်မူခြင်း၊ သဗ္ဗညုတညဏ်ကို ထိုးထွင်းသိမြင် ရရှိခြင်း၊ ဓမ္မစကြာ တရားတော်မြတ်ကို ဟောကြားခြင်းနှင့် ကိုးပါးသော လောကုတ္တရာ တရားတို့ကို၎င်း၊
ဤသို့လျှင် မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော် အားလုံးတို့ကိုလည်း စိတ်ဖြင့် ဆင်ခြင်၍ ဝေသာလီပြည်၏ မြို့တံတိုင်း သုံးထပ်တို့၏ အကြားတို့၌ ညဥ့်သုံးယံ ကာလပတ်လုံး ပရိတ်ရွတ်ဖတ် အရံအတား ပြုခဲ့သော အရှင် အာနန္ဒာမထေရ်မြတ်ကဲ့သို့ (သတ္တဝါတို့အပေါ်) သနားကရုဏာ စိတ်ထားလျက် (ရတန သုတ်ပရိတ်တော်ကို ရွတ်ဖတ်ကြပါကုန်စို့။)
2/ - ၃၊ ရတနသုတ် ပရိတ်တော်၏ အာဏာစက်ကို စကြစဠာ ကုဋေတသိန်း၌ ရှိကြကုန်သော နတ်အပေါင်းတို့က ခံယူကြကုန်၏။ ဤပရိတ်တော်သည် ဝေသာလီပြည်၌ ကျရောက်သော အနာ ရောဂါဘေး၊ ဘီလူးဘေး၊ အစာငတ်မွတ် ခေါင်းပါးခြင်းဘေး ဟူသော ဘေးအန္တရာယ်ကြီး သုံးမျိုးကို လျင်မြန်စွာ ကွယ်ပျောက်စေနိုင်ခဲ့၏။ ယခုအခါ၌ ဤရတနသုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
4/ မြေ၌တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ်၊ တာဝတိံသာ နတ်တို့သည်၎င်း၊ ကောင်းကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသောနတ်တို့သည်၎င်း ဤပရိတ်ရွတ်ရာ နေရာအရပ်၌ အညီအညွှတ် ရောက်ရှိလာကြကုန်ပြီ။ နတ်ပရိသတ်အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါကုန်။ မြတ်စွာဘုရား ဟောတော်မူခဲ့သော ပရိတ် တရားတော်ကိုလည်း ရိုသေလေးမြတ်စွာ နာယူကြပါကုန်။
5/ အို… နတ်အပေါင်းတို့။ ဤနေရာ၌ အညီအညွှတ် စည်းဝေးရောက်ရှိနေကြသော သင်နတ်အများ နားဆင်ကြပါကုန်။ လူတို့သည် နေ့ညမဟူ ကြည်ဖြူလေးမြတ်စွာ အသင်နတ်တို့အား ပူဇော်ပသမှု ပြုကြပါသည်။ သို့ဖြစ်၍ သင်တို့သည် လူတို့အား ချစ်ခင်ကြပါကုန်။ မမေ့မလျော့ စောင့်ရှောက် ကြပါကုန်။

မင်္ဂလသုတ် - ၁






 မင်္ဂလသုတ်
မင်္ဂလသုတ် ရွတ်ဖတ်ခြင်းအကျိုး
မင်္ဂလသုတ်ကို မပြတ် ရွတ်ဖတ်သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့်နေရာမှာ နေသည်ဖြစ်စေ၊ ဘေးအန္တရာယ် ကင်းသည်။
ရန်သူတို့က မိမိအား မအောင်မြင်နိုင် ။
မိမိ၏ ဘဝအဆင့်အတန်းသည်လည်း တနေ့ထက်တနေ့ တိုးတက် ချမ်းသာလာမည် ဖြစ်ပေသည်။
အချုပ်အားဖြင့် ရန်ကင်းသည်။ သူတစ်ပါး မကောင်းမကြံနိုင်၊ ဘဝအခြေအနေ ကြီးပွားတိုးတက်စေသည်။ မဂ်ညဏ် ဖိုလ်ညဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏ စိတ်သန္တာန်မှာ ပေါ်လာနိုင်ပေသည်။
မင်္ဂလာသုတ် မြန်မာပြန်
1/ “မည်သည့်တရားသည် မင်္ဂလာတရားနည်း” ဟူ၍ လူနှင့်နတ်တို့သည် (၁၂)နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း အဖြေမှန် မရခဲ့ကြပေ။ စီးပွားချမ်းသာခြင်း၏ အကြောင်းမှန်ဖြစ်သော မင်္ဂလာ တရားပေါင်း (၃၈)ပါး ရှိလိမ့်မည်ဟူ၍လည်း မည်သူမျှ မသိမမြင်နိုင်ခဲ့ကြပေ။
2/ လူတယောက်စီ တယောက်စီထက်၎င်း၊ သန်းပေါင်းများစွာသော လူသားအားလုံးတို့ထက်၎င်း၊ နတ်တပါးစီ တပါးစီထက်၎င်း၊ နတ်အားလုံးထက်၎င်း သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည် လောကအကျိုးကို ရှေ့ရှုလျက် မင်္ဂလာတရား (၃၈)ပါးကို ထုတ်ဖော် ဟော်ကြားတော်မူခဲ့၏။ မင်္ဂလာတရားသည် လူမှုဒုစရိုက်တရားကို ပယ်ဖျောက်တတ်၏။ ယခုအခါ သူတော်ကောင်း အပေါင်းတို့နှင့်အတူ ကျွန်ုပ်တို့သည် မင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ် ပူဇော်ကြပါကုန်စို့။
3/ ပထမ သံဂါယနာပွဲတော်ကြီး၏ သံဃဥက္ကဌ ဖြစ်တော်မူသော မဟာကဿပ အရှင်ဘုရား…… ဤ မင်္ဂလသုတ်တော်ကို အကျွန်ုပ် အာနန္ဒာသည် နောင်တော် မြတ်စွာဘုရားထံမှ တိုက်ရိုက် ဤသို့ ကြားနာလိုက်ရပါ၏။ မှတ်သားလိုက်ရပါ၏။ ဆောင်ထားလိုက်ရပါ၏။
အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေပါသည်။ ဇေတဝန်ကျောင်းသည် အနာထပိဏ် သူဌေးကြီး ဆောက်လုပ်လှူဒါန်းသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ကောင်းသော ကျောင်းတော်ကြီး ဖြစ်ပါသည်။
တညသ၌ ညဥ့်ဦးယံလွန်၍ သန်းခေါင်ယံ အရောက်တွင် အမျိုးအမည် မထင်ရှား မသိသာသော နတ်သားတပါး ရောက်လာပါသည်။ သူသည် အလွန် နှစ်လိုဖွယ် ရုပ်အဆင်းရှိပါသည်။ ဇေတဝန်ကျောင်းတိုက် တခုလုံးကိုလည်း သူ၏ကိုယ်မှ အရောင်အဝါဖြင့် ထွန်းလင်းစေပါသည်။
ယင်းသို့ ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင် ရှိရာသို့ ချဉ်းကပ်လာပါသည်။ မြတ်စွာ ဘုရားကို အလွန် ရိုသေလေးမြတ်စွာ ရှိခိုးပါသည်။ ရှိခိုးပြီးနောက် တင့်အပ်လျောက်ပတ်သော နေရာ၌ မတ်တတ်ရပ်နေပါသည်။ ယင်းသို့နေရာယူပြီးမှ ထိုနတ်သားသည် မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်။
4/ ဘုန်းတော်ကြီး မြတ်လှသော မြတ်စွာဘုရား။ နတ်အပေါင်းတို့သည်၎င်း၊ လူအပေါင်းတို့သည်၎င်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို လိုချင်ကြသည်။ တောင့်တကြသည် ဖြစ်ပါ၍ မည်သည့်တရားသည် စီးပွားချမ်းသာခြင်း၏ အကြောင်းဖြစ်သော မင်္ဂလာတရားတော် ဖြစ်သလဲ ဟူ၍ (၁၂)နှစ်တိုင်တိုင် အချိန်ယူပြီး စဉ်းစားတွေးခေါ် ကြံဆခဲ့ကြပါသည် ဘုရား။ ယင်းသို့ ကြံစည် တွေးဆကြပါသော်လည်း မင်္ဂလာတရားမှန်ကို မည်သူမျှ တွေးကြံ၍ မသိနိုင်ကြပါသည် ဘုရား။ သို့အတွက်ကြောင့် မင်္ဂလာတရား ဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင် ထုတ်ဖော်၍ ဟောကြားတော်မူပါဘုရား။
5/ အို.... နတ်သား။ သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ဤတရားသုံးပါးကို မင်္ဂလာ ဟူ၍ သင် မှတ်သားလော့။
6/ အို.... နတ်သား။ တင့်အပ်လျောက်ပတ်သော အရပ်ဒေသ၌ နေခြင်း၊ ရှေးဘဝက ပြုခဲ့ဖူးသောကောင်းမှု ရှိခြင်း၊ မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
7/ အို.. နတ်သား။ အကြားအမြင် ဗဟုသုတ ရှိခြင်း၊ စက်မှုလက်မှု စသော သိပံ္ပပညာ တတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့် ဝိနည်းတရားကို ကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကို ပြောခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
8/ အို.... နတ်သား။ အမိအဘကို လုပ်ကျွေးမွေးမြူခြင်း၊ သားမယားကို ထောက်ပံ့ပေးကမ်း ချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်သော အလုပ်ကိုလုပ်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
9/ အို.... နတ်သား။ အလှူပေးခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ ဆွေမျိုးတို့အား ထောက်ပံ့ခြင်း၊ အကုသိုလ်ကင်းသော အလုပ်ကိုလုပ်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍ သင် မှတ်ဦးလော့။
10/ အို.... နတ်သား။ မကောင်းမှု ဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း ၊ မကောင်းမှုကို မလုပ်ဖြစ်အောင် မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို မသောက်မစား ဖြစ်အောင်ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့် ကောင်းမှုအလုပ်တို့ကို မပြတ်သတိရပြီး မမေ့မလျော့ ဆောင်ရွက်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
11/ အို.... နတ်သား။ ရိုသေထိုက်သူကို ရိုသေခြင်း ၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ်ချခြင်း၊ ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း၊ သူတပါးက မိမိအပေါ် ပြုဖူးသော ကျေးဇူးကို သိတတ်ခြင်း၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း၊ ဤတရားငါးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
12/ အို.... နတ်သား။ သည်းခံတတ်ခြင်း၊ သူတော်ကောင်းတို့က ဆုံးမသည့် စကားကို နာယူလွယ်ခြင်း၊ သူတော်ကောင်း ရဟန်းပုဏ္ဏားတို့အား ဖူးမျှော်ရခြင်း၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော။
13/ အို.... နတ်သား။ ခြိုးခြံစွာ ကျင့်ခြင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်း၊ အရိယာသစ္စာ တရားကို သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာ ဟူ၍ သင် မှတ်ဦးလော။
14/ အို.... နတ်သား။ လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ကြုံရသော ရဟန္တာ အရှင်သူမြတ်၏ စိတ်သည် မတုန်မလှုပ်၊ မစိုးမရိမ်၊ ရမ္မက်ကင်း၏၊ ဘေးကင်း၏။ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
15/ အို....နတ်သား။ ဤကဲ့သို့သော (၃၈)ပါး မင်္ဂလာတရားကို လက်တွေ့ လိုက်နာကျင့်ကြံ ပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌နေနေ မိမိအား ရန်သူတို့က မအောင်နိုင်၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏။ ထို (၃၈)ပါးသော တရားသည်သာလျှင် လူတကာ၊ နတ်တကာတို့အတွက် မြတ်သောမင်္ဂလာ ဖြစ်ကြောင်း သင် မှတ်သားလေလော့။

ပဌာန်း၂၄ ပစ္စည်း (၂၄)

ပဌာန်း၂၄ ပစ္စည်း (၁၂ - ၂၃)

ပဌာန်း၂၄ ပစ္စည်း (၅ - ၁၁)

ပဌာန်း၂၄ ပစ္စည်း (၁ - ၄)

Wednesday, 7 March 2012

မြတ်ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်များ

ကဆုန်လပြည့်နေ့
(၁)မဟာသက္ကရာဇ် (၆၈) ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗနီအင်ကြင်းတော ဘုရားအလောင်း ဖွားမြင်တော်မူသည်။
(၂)မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် အင်ကြင်းတော သုံးလောကထွတ်ထား သဗ္ဗညုတ ဗုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူသည်။
(၃)မဟာသက္ကရာဇ် (၁၄၈) ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ကုဿိန္နာရုံ အလုံးစုံသော သင်္ခါရတရားတို့ ချုပ်ငြိမ်းရာ ပရိနိဗ္ဗာန်ပြုတော်မူသည်။

ဝါဆိုလပြည့်နေ့
(၁)မဟာသက္ကရာဇ် (၆၇) ခုနှစ်၊ ၀ါဆိုလပြည့် ကြာသပတေးနေ့တွင် အလောင်းတော် သန္ဓေယူတော်မူသည်။
(၂)မဟာသက္ကရာဇ် (၉၇) ခုနှစ်၊ ၀ါဆိုလပြည့် တနလာင်္နေ့တွင် အလောင်းတော် တောထွက်တော်မူသည်။
(၃)မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ၀ါဆိုလပြည့် မြတ်ဗုဒ္ဓသည် ပဉ္စ၀ဂ္ဂီငါးဦး (ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇီ) တို့အား မိဂဒါဝုန်တော ဓမ္မစကြာတရားတော်ကို တရားဦးအဖြစ် ဟောကြားတော်မူသည်။
(၄)မဟာသက္ကရာဇ် (၁၀၉) ခုနှစ်၊ ၀ါဆိုလပြည့် မိစ္ဆာတိတ္ထိတို့အား ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာ ပြတော်မူသည်။

မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ၀ါဆိုလပြည့်ကျော် (၅) ရက် ကြာသပတေးနေ့တွင် မြတ်ဗုဒ္ဓသည် သောတာပန်တည်ပြီးသော ပဉ္စ၀ဂ္ဂီ (၅) ပါးတို့အား အနတ္တလက္ခ္စဏဒေသနာတော်အား ဟောကြားတော်မူရာ ဒေသနာတော်အဆုံး၌ ပဉ္စ၀ဂ္ဂီ (၅) ပါးလုံး ကိလေသာကုန်ခန်း ရဟန္တာအဖြစ်သို့ ရောက်ရှိကြကုန်၏။

မဟာသက္ကရာဇ် (၁၀၉) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်၌ ၀ါတွင်းကာလပတ်လုံး အဘိဓမ္မာတရားတော် ဟောကြားတော်မူခြင်းပြီးဆုံး၍ လူ့ပြည်သို့ ပြန်လည်ကြွရောက်တော်မူသည်။ အဘိဓမ္မာအခါတော်နေ့ဟု ခေါ်ဝေါ်ပညတ်ခဲ့ကြ၏။

တန်ဆောင်မုန်းလပြည့်နေ့ အခါရာသီအားဖြင့်လည်းကောင်း သစ်ပင်ပန်းမန်တို့ စုံစုံညီညီပွင့်ကြခြင်းအားဖြင့်လည်းကောင်း၊ အလွန်သာယာကြည်နူးဖွယ်ကောင်းလှသော ညချမ်းချိန်ခါဝယ် မြတ်ဗုဒ္ဓသည် အဇာတသတ်မင်းကြီးနှင့်တကွ အလွန်ကျက်သရေရှိလှ၍ အလွန်ကြည်ညိုဖွယ်ကောင်းလှသော အပ်ကျသံပင်မကြားရလောက်အောင်ပင် အလွန်တိတ်ဆိတ် ဣနြေ္ဒရှိလှသော ရဟန်းပရိသတ်ကြီးအား ရဟန်းဝတ်ရခြင်း အကျိုးကိုပြဆိုသည့် သာမညဖလမြတ်ဒေသနာတော်ကို ဟောကြားတော်မူသည်။

မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ တပို့တွဲလပြည့်နေ့ ညချမ်းချိန်ခါတွင် မြတ်ဗုဒ္ဓသည် သံဃာပရိတ်သတ်တို့အား ရှေးရှေးနောင်တော်ဘုရားရှင်အပေါင်းတို့၏ ဓမ္မတာအစဉ်အလာအတိုင်း သြ၀ါဒပါတိမောက် မြတ်တရားဒေသနာတော်ကို ဟောကြားတော်မူ၏။

ဗုဒ္ဓ၀င် ခုနစ်နေ့
ကြာသပတေးနေ့တွင် ဘုရားအလောင်း ပဋိသန္ဓေယူတော်မူသည်။
သောကြာနေ့တွင် ဖွားမြင်တော်မူသည်။
တနလာင်္နေ့တွင် တောထွက်တော်မူသည်။
ဗုဒ္ဓနေ့တွင် သဗ္ဗညုတ ဘုရားရှင်အဖြစ်သို့ ရောက်ရှိတော်မူသည်။
စနေနေ့တွင် မြတ်ဗုဒ္ဓသည် ဓမ္မစကြာတရားဦးဟောကြားတော်မူသည်။
အင်္ဂါနေ့တွင် မြတ်ဗုဒ္ဓသည် ပရိနိဗ္ဗာန်စံတော်မူသည်။
တနင်္ဂနွေနေ့တွင် မြတ်ဗုဒ္ဓ၏ ရုပ်ကလာပ် တေဇောဓါတ် မီးလောင်တော်မူသည်။

Monday, 5 March 2012

ပါရမီ ထိုက်သည့် ဒါန ၂၀ ၄ ၂၀၀၅

Friday, 2 March 2012

အကောင်းမြင်မှအမြင်ကောင်းမယ် အစောင်းမြင်ရင်အမြင်စောင်းမယ်

ဆင်ခြင်မှုအပမာဒနဲ့ ပြည့်စုံဖို့ အတွက်

ယောနိသော မနသိကာရဆိုတဲ့

အကောင်းမြင်စိတ်ထားရှိဖို့

အထူးလိုအပ်ပါတယ်။

အရာရာကို အကောင်းဖက်ကနေ

ကြည့်တတ် ၊ မြင်တတ်၊

နှလုံးသွင်းတတ်မှသာ

အကုသိုလ်တရား ခေါင်းပါးပြီး

ကုသိုလ်တရား

တိုးပွားနိုင်ပါတယ်။

ထစ်ခနဲရှိ အဆိုးအမြင်

ထစ်ခနဲရှိ အဆိုးထင်နေလို့ကတော့

ဘယ်လောက်ကောင်းတဲ့

အာရုံနဲ့ပဲ ကြုံကြုံ

ကောင်းကွက်ကို မတွေ့ ပဲ

ဆိုးကွက်တွေချည်းပဲ

တွေ့နေပါလိမ့်မယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)