♠ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဓမံ္မ သရဏံ ဂစ္ဆာမိ သံယံ သရဏံ ဂစ္ဆာမိ♠
Monday, 27 February 2012
တကယ်အလုပ်လုပ်နေမှ တကယ်သတိရတယ်လို့ခေါ်တာပါ
မမေ့တာကို အပမာဒလို့ 
ခေါ်တယ်ဆိုပေမယ့်
လက်တွေ့အလုပ်မပါပဲ
သတိရနေရုံသက်သက်ကိုတော့
အပမာဒလို့  မခေါ်နိုင်ပါဘူး။
" လုပ်ရဦးမယ် ၊ လုပ်ရဦးမယ် " လို့ 
သတိရနေရုံနဲ့
မမေ့တဲ့ အပမာဒအဆင့်
မရောက်သေးပါဘူး။ " လုပ်ရမယ် " လို့
သတိရနေတဲ့အလုပ်ကို
တကယ်လက်တွေ့
ထလုပ်လိုက်ပီဆိုတော့မှ
လုပ်နေဆဲအခိုက်အတန့်မှာ
မမေ့တဲ့အပမာဒအဆင့်
ရောက်သွားပါတယ်။
လုပ်ပီးသွားလို့ ကိုယ့်အလုပ်ကိုယ်
အာရုံမပြုတော့ပဲ အေးအေးဆေးဆေး
နားနေချိန်မှာလည်း အပမာဒတရား
မရှိတော့ပါဘူး။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
ကောင်းကျိုးပေးတာ ကုသိုလ်ပါ
ကောင်းကျိုးမှန်သမျှ
ကုသိုလ်ရှင်ရဲ့စိတ်ကို
ဖြူစင်သန်းရှင်းစေတဲ့အပြင်
ကုသိုလ်ရှင်အတွက်
ကောင်းကျိုးချမ်းသာ
အဖြာဖြာကိုလည်း
ဆောင်ကြည်းပေးနိုင်စွမ်း
ရှိပါတယ်။
ကုသိုလ်ကြောင့်
ဆိုးကျိုးကြုံရတယ်၊
ဆင်းရဲခံရတယ်
လို့မရှိပါဘူး။
ကောင်းကျိုးကြုံရတယ်၊
ချမ်းသာစံရတယ်
လို့ ပဲရှိပါတယ်။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
Sunday, 26 February 2012
အမြတ်နေသူကိုသတိရမှ အနေမြတ်သူဖြစ်လာမယ်
ဘုရားဂုဏ်တော်ပွားခြင်းရဲ့ အနှစ်သာရက
အန္တရယ်ကင်းဖို့ ၊ လာဘ်ရွှင်ဖို့ မဟုတ်ပါဘူး။
နေ့စဉ်ဘ၀ထဲက ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့
လုပ်ရပ်တွေကို ဂုဏ်တော်သဘာဝနဲ့အညီ
အကောင်းဆုံးဖြစ်အောင်ပြုပြင်ဖို့အတွက်ပါ။
ဂုဏ်တော်ဟာဘ၀ရဲ့ စည်းကမ်း 
ဂုဏ်တော်ဟာ ဘ၀ရဲ့ လမ်းညွှန်လို့ ဆိုနိုင်ပါတယ်။
ဂုဏ်တော်လမ်းညွှန်ချက်နဲ့အညီ ကိုယ့်ဘ၀ကို
ဖန်တီးတည်ဆောက်ဖို့ ဂုဏ်တော်ပွားရတာပါ။ 
                 အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
ဘုရားဂုဏ်မှန်းဆရင်၊တရားဂုဏ်အစွမ်းရတယ်
ဂုဏ်တော်ပွားတယ်ဆိုတာ တတယ်တော့မတ္တူကူးတာပါ။
မြတ်စွာဘုရားရှင်မှာရှိတဲ့  အရည်အချင်းတွေ၊
အစွမ်းသတ္တိတွေကို ကိုယ့်စိတ်ထဲ ၊ ကိုယ့်နှလုံးသားထဲမှာ
စိတ်ဝင်ပျံနှံ့လာအောင် မိတ္တူကူးယူတာပါ။
စံပယ်ပန်းကို လက်ထဲဆုပ်ကိုင်ထားရင် စံပယ်ပန်းရနှံ့
လက်ထဲကူးဆက်လာသလို မြတ်စွာဘုရားရှင်ရဲ့
အရည်အချင်းတစ်ခုခု အစွမ်းသတ္တိတစ်ခုခုကို
ထပ်တလဲလဲ အမှတ်ရနေရင် အဲဒီအရည်အချင်းမျိုး
အဲဒီအစွမ်းသတ္တိမျိုး ကိုယ့်စိတ် ၊ ကိုယ့်နှံ့လုံးသားမှာ
ကူးစက်လာပါတယ်။
                         အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
Tuesday, 21 February 2012
ဝိပသနာ ကျင့်စဉ် (ဘဒ္ဒန္တဇာနေယျ)
ဝေဒနာရှုပုံ - ဘဒ္ဒန္တဇာနေယျ (မြစိမ်းတောင် ဆရာတော်)
Saturday, 18 February 2012
ခန္ဓာငါးပါး တရားတော် ၁၉ ၂ ၂၀၀၅
မဂ်ဖိုလ်ရခြင်း မရခြင်း
မေတ္တာဖြင့် စီးပွားရှာခြင်း
ဓမ္မပဒ
                                               ယမက၀ဂ်
၁။   နာမ်တရားတို့သည်စိတ်လျှင် ရှေ့သွားရှိကုန်၏။စိတ်လျှင်အကြီးအမှူးရှိကုန်၏။စိတ်ဖြင့်ပြီးကုန်၏။
အကယ်၍ ပြစ်မှားလိုသောစိတ်ဖြင့် ပြောဆိုလျှင်သော်၎င်း၊ ပြုလုပ်လျှင်သော်၎င်း၊ ကြံစည်လျှင်သော်၎င်း၊ လှည်းဘီးသည် ၀န်ဆောင်နွား၏နောက်သို့ အစဉ်လိုက်ပါလာဘိသကဲ့သို့၊ ထိုအမှုကြောင့် ထိုသူ၏နောက်သို့ ဆင်းရဲခြင်းသည် အစဉ်လိုက်ပါလာ၏။
၂။   နာမ်တရားတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူးရှိကုန်၏။ စိတ်ဖြင့် ပြီးကုန်၏။ အကယ်၍ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် ပြောဆိုလျှင်သော်၎င်း၊ ပြုလုပ်လျှင်သော်၎င်း၊ ကြံစည်လျှင်သော်၎င်း၊ လှည်းဘီးသည် ၀န်ဆောင်နွား၏နောက်သို့ အစဉ်လိုက်ပါလာဘိသကဲ့သို့၊ ထိုအမှုကြောင့် ထိုသူ၏နောက်သို့ ချမ်းသာခြင်းသည် အစဉ်လိုက်ပါလာ၏။
၃။ ၄။   ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှင်းဆဲဖူးပြီ၊ ငါ့ကို အောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု၊ သူ့အပေါ်၌ အကြင်သူတို့သည် ရန်ငြိုးဖွဲ့ကုန်၏။ ထိုရန်ငြိုးဖွဲ့သောသူတို့အား ရန်သည် မငြိမ်းအေးနိုင်။
၅။   ဤလောက၌ ရန်တုန့်မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မငြိမ်းအေးနိုင်ကုန်။ ရန်တုန့်မမူခြင်းဖြင့်သာလျှင် ရန်အေးနိုင်ကုန်၏။ ဤသဘောကား ရှေးရိုးစဉ်လာ ဓမ္မတာပင်တည်း။
၆။   ဤလောက၌ လူမိုက်တို့သည် ငါတို့သေလိမ့်မည်ဟု မသိကြကုန်။ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုန်မှုတို့သည် မပြေငြိမ်းနိုင်ကြကုန်။ ဤလောက၌ ပညာရှိသူတို့သည်ကား ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏။ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုန်မှုတို့သည် ပြေငြိမ်းကုန်၏။
၇။   တင့်တယ်၏ဟု အဖန်ဖန်ရှုနေသော၊ ဣနြေ္ဒတို့၌ မစောင့်စည်းသော၊ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိသော၊ ပျင်းရိသော၊ ၀ီရိယလျော့သောသူကို၊ ကိလေသာမာန်သည် ဧကန်မုချ နှိပ်စက်ညှင်းဆဲ သကဲ့သို့တည်း။
၈။   တင့်တယ်၏ဟု အဖန်ဖန်ရှုမနေသော၊ ဣနြေ္ဒတို့၌ စောင့်စည်းသော၊ ဘောဇဉ်၌ အတိုင်းအရှည်ကို သိသော၊ သဒ္ဓါတရားရှိသော၊ အားထုတ်အပ်သော ၀ီရိယရှိသောသူကို၊ ကိလေသာမာန်သည် ဧကန်မုချ မနှိပ်စက် မညှင်းဆဲနိုင်ပေ။ ကျောက်တောင်ကို လေသည် မနှိပ်စက် မညှင်းဆဲနိုင်သကဲ့သို့တည်း။
၉။   ဣနြေ္ဒကို ဆုံးမခြင်း ကင်း၍၊ မှန်ကန်စွာပြောဆိုခြင်း မရှိသော၊ ကိလေသာဖန်ရည် မကင်းပါဘဲလျှက် ဖန်ရည် သင်္ကန်းကို ၀တ်သောသူသည် ဖန်ရည်ဆိုးသင်္ကန်းနှင့် မထိုက်တန်ပေ။
၁၀။   ဣနြေ္ဒတို့ကို ဆုံးမ၍၊ မှန်ကန်စွာပြောဆိုခြင်း ရှိသော၊ ကိလေသာဖန်ရည်ကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသော သူသည်သာလျှင်၊ ဖန်ရည်ဆိုးသင်္ကန်းနှင့် ထိုက်တန်၏။
၁၁။   အနှစ်မရှိသော တရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်သော၊ အနှစ်ရှိသော တရား၌ အနှစ်မရှိဟု အယူရှိကြကုန်သော သူတို့သည် မှားယွင်းသောကြံစည်မှုလျှင် အာရုံရှိကုန်သည်ဖြစ်၍၊ အနှစ်ရှိသောတရားကို မရနိုင်ကြကုန်။
၁၂။   အနှစ်ရှိသော တရားကိုလည်း အနှစ်ရှိသောတရားဟူ၍၊ အနှစ်မရှိသော တရားကိုလည်း အနှစ်မရှိသောတရားဟူ၍
သိကြကုန်သောကြောင့်၊ ထိုသူတို့သည် မှန်ကန်သော ကြံစည်မှုလျှင် အာရုံရှိကုန်သညဖြစ်၍၊ အနှစ်ရှိသောတရားကို ရနိုင်ကြကုန်၏။
၁၃။   ကောင်းစွာမိုး၍ မထားအပ်သော အိမ်ကို၊ မိုးရေသည် ဖောက်၍၀င်နိုင်သကဲ့သို့၊ ကောင်းမွန်စွာ မပွားအပ်သော စိတ်ကို ရာဂသည် ဖောက်၍၀င်နိုင်၏။
၁၄။   ကောင်းစွာမိုး၍ ထားအပ်သော အိမ်ကို၊ မိုးရေသည် ဖောက်၍မ၀င်နိုင်သကဲ့သို့၊ ကောင်းမွန်စွာ ပွားအပ်သော စိတ်ကို ရာဂသည် ဖောက်၍မ၀င်နိုင်ပေ။
၁၅။   မကောင်းမှု ပြုလုပ်သောသူသည် ဤဘ၀၌ စိုးရိမ်ရ၏။ တမလွန်ဘ၀၌ စိုးရိမ်ရ၏။ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘ၀တို့၌ စိုးရိမ်ရ၏။ ထိုသူသည် မိမိ၏ ညစ်နွမ်းသောကံကို သိမြင်၍ စိုးရိမ်ရ၏။ ပူပန်ရ၏။
၁၆။   ကောင်းမှု ပြုလုပ်သောသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏။ တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏။ ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀တို့၌ ၀မ်းမြောက်ရ၏၊ အလွန် ၀မ်းမြောက်ရ၏။
၁၇။   မကောင်းမှု ပြုလုပ်သောသူသည် ဤဘ၀၌လည်း ပူပန်ရ၏။ တမလွန်ဘ၀၌လည်း ပူပန်ရ၏။ ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀၌ ပူပန်ရ၏။ ငါသည် မကောင်းမှုကို ပြုမိပြီဟူ၍ ပူပန်ရ၏။ ဒုဂ္ဂတိဘုံသို့ ကျရောက်ပါမူကား အလွန်အမင်း ပူပန်ရ၏။
၁၈။   ကောင်းမှု ပြုလုပ်သောသူသည် ဤဘ၀၌လည်း နှစ်သက်ရ၏။ တမလွန်ဘ၀၌လည်း နှစ်သက်ရ၏။ ပစ္စုပ္ပန် တမလွန်
နှစ်တန်သောဘ၀တို့၌ နှစ်သက်ရ၏။ ငါသည် ကောင်းမှုကို ပြုအပ်ပြီဟူ၍ နှစ်သက်ရ၏။ သုဂတိဘုံသို့ ကျရောက်ပါမူကား
အလွန်နှစ်သက်ရ၏။ 
၁၉။   နွားရှင်ဖြစ်သူ သူတစ်ပါးတို့အား နွားများကို ရေတွက်၍ အပ်လိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားရသကဲ့သို့၊ အကျိုးစီးပွားနှင့် စပ်ယှဉ်သော တရားစကားကို များစွာဟောကြားနေသော်လည်း၊ မေ့မေ့လျော့လျော့ နေသောသူသည်၊ ပြုထိုက်သည်ကို ပြုသည် မမည်ပေ။ မဂ်ဖိုလ်အရသာကို မခံစားရပေ။
၂၀။   အကျိုးစီးပွားနှင့် စပ်ယှဉ်သော တရားစကားကို အနည်းငယ်မျှသာ ဟောပြောပါသော်လည်း တရားအားထုတ်သော အကျင့်ကို ကျင့်လေ့ရှိသူ ဖြစ်ပါမူကား ရာဂ၊ ဒေါသ၊ မောဟကို ပယ်ပြီးလျှင် ကောင်းစွာ အပြားအားဖြင့် သိသည်ဖြစ်၍ ကိလေသာတို့မှ လွတ်သောစိတ် ရှိသည်ဖြစ်၍၊ ဤလောက၌၎င်း၊ တမလွန်လောက၌၎င်း၊ စွဲလန်းမှု မရှိတော့ပြီ။ ထိုသူသည်  မဂ်ဖိုလ်အရသာကို ခံစားရပေသည်။
                                                   အပ္ပမာဒ၀ဂ် 
၂၁။   မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏ အကြောင်းတည်း။ မေ့လျော့စွာ နေခြင်းသည် သေခြင်း၏ အကြောင်းတည်း။ မမေ့ မလျော့သော သူတို့သည် သေသည် မမည်ကုန်။ မေ့လျော့သောသူတို့ကား သေသည် မည်ကုန်၏။
၂၂။   မမေ့မလျော့သော ပညာရှိတို့သည် ဤသို့သော ထူးခြားချက်ကိုသိ၍၊ မမေ့မလျော့သော သတိတရား၌ ရွှင်လန်း ၀မ်းမြောက်ကြကုန်လျက်၊ အရိယာတို့ ကျက်စားရာ လောကုတ္တရာ တရားတို့၌ မွေ့လျော်ကြကုန်၏။
၂၃။   ထိုပညာရှိတို့သည်၊ ကိလေသာကို လောင်ကျွမ်းစေကြပြီးလျှင်၊ အမြဲမပြတ်လုံ့လပြုကုန်၍၊ မတွန့်မဆုတ် လုံ့လပြု ကုန်၍၊ ယောဂလေးပါး၏ကုန်ရာ အတုမရှိသော မြတ်နိဗ္ဗာန်သို့ ရောက်ကြကုန်၏။
၂၄။   ထကြွလုံ့လ ရှိသောသူ၊ သတိရှိသောသူ၊ စင်ကြယ်သော ကံသုံးပါး ရှိသောသူ၊ စူးစမ်းဆင်ခြင်၍ ပြုလေ့ရှိသောသူ၊ ဣနြေ္ဒကို စောင့်စည်းသောသူ၊ တရားသဖြင့် အသက်မွေးသောသူ၊ မမေ့မလျော့သောသူအား၊ အခြွေအရံ အကျော် အစောသည် တိုးပွား၏။
၂၅။   ထကြွလုံ့လ ပြုခြင်းနှင့်၎င်း၊ မမေ့မလျော့ခြင်းနှင့်၎င်း၊ သီလစောင့်ခြင်းနှင့်၎င်း၊ ဣနြေ္ဒကို ဆုံးမခြင်းနှင့်၎င်း၊ ပြည့်စုံ သော ပညာရှိသည်၊ အရဟတ္တဖိုလ်ဟူသော မှီရာကျွန်းကို ပြုလုပ်ရာ၏။ ထိုကျွန်းကို ကိလေသာရေအလျဉ်သည် မဖျက်ဆီး နိုင်ပေ။
၂၆။   ပညာမဲ့၍ မိုက်မဲသောသူတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏။ ပညာရှိသည်ကား မမေ့မလျော့ခြင်းကို အမြတ်ဆုံးသောဥစ္စာ ကဲ့သို့ စောင့်ရှောက်၏။
၂၇။   ထို့ကြောင့် သင်တို့သည် မေ့လျော့ခြင်းကို အားမထုတ်ကြကုန်လင့်။ ကာမတို့၌ မွေ့လျော်ခြင်းဟု ဆိုအပ်သော တဏှာနှင့် အကျွမ်းဝင်ခြင်းကို အားမထုတ်ကြကုန်လင့်။ အဘယ်ကြောင့်နည်းမူကား၊ သမထ ၀ိပဿနာဖြင့် ကိလေသာကို ရှို့မြိုက်သော၊ မမေ့မလျော့သောသူသည်၊ မြင့်မြတ်သော နိဗ္ဗာန်ချမ်းသာသို့ ရောက်နိုင်သောကြောင့်တည်း။
၂၈။   ပညာရှိသည် မေ့လျော့ခြင်းကို မမေ့လျော့ခြင်းဖြင့် ပယ်ဖျောက်၏။ စိုးရိမ်မှုကင်းပြီးသော ရဟန္တာသည်၊ ဒိဗ္ဗစက္ခု တည်းဟူသော၊ ပညာပြဿဒ်သို့ တက်ပြီးလျှင်၊ စိုးရိမ်မှု ရှိနေကြသော သတ္တ၀ါအပေါင်းကို ကြည့်ရှု၏။ တောင်ထိပ်၌ တည်နေသောသူသည်၊ မြေပြင်၌ တည်နေသောသူတို့ကို ကြည့်ရှုသကဲ့သို့၊ ရဟန္တာပညာရှိသည် သူမိုက်တို့ကို ကြည့်ရှု၏။
၂၉။   လျင်မြန်သောမြင်းသည် ခွန်အားနည်းသောမြင်းကို နောက်ချန်ထား၍ သွားဘိသကဲ့သို့၊ မမေ့မလျော့သော ပညာရှိ တို့သည် မေ့လျော့နေသောသူတို့ကို နောက်ချန်ထား၍ သွား၏။ နိုးကြားနေသော ပညာရှိသည် အိပ်မောကျနေသူတို့ကို နောက်ချန်ထား၍ သွား၏။
၃၀။   မာဃလုလင်သည် ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ ရောက်၏။ ကုသိုလ် ကောင်းမှု၌ မမေ့လျော့ခြင်းကို ပညာရှိတို့ ချီးမွမ်းကြကုန်၏။ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။
၃၁။   မီးသည် ကြီးငယ်မရှောင် လောင်စာဟူသမျှ လောင်ကျွမ်းဘိသကဲ့သို့၊ မမေ့လျော့ခြင်း၌ မွေ့လျော်၍၊ မေ့လျော့ခြင်း ကို ဘေးဟု ရှုလေ့ရှိသော ရဟန်းသည်၊ ကြီးကြီးငယ်ငယ် သံယောဇဉ်တွယ်တာမှု ဟူသမျှကို လောင်ကျွမ်းစေလျက်၊ နိဗ္ဗာန်သို့ သွား၏။
၃၂။   မမေ့လျော့ခြင်း၌ မွေ့လျော်၍၊ မေ့လျော့ခြင်းကို ဘေးဟု ရှုလေ့ရှိသော ရဟန်းသည်၊ မဂ်ဖိုလ်မှ ဆုတ်ယုတ်ခြင်းငှာ မထိုက်တန်ပေ။ ထိုရဟန်းသည် နိဗ္ဗာန်၏ အနီး၌သာလျှင် ရှိနေပေသည်။
                                                 စိတ္တ၀ဂ်
၃၃။   လေးသမားသည် မြားကို ဖြောင့်အောင်ပြုဘိသကဲ့သို့၊ တုန်လှုပ်တတ်သော၊ လျှပ်ပေါ်လော်လည်သော၊ စောင့်ထိန်း ရန် ခက်ခဲသော၊ တားမြစ်ရန်ခက်ခဲသော စိတ်ကို၊ ပညာရှိသည် ဖြောင့်အောင်ပြု၏။
၃၄။   ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍၊ ကုန်းပေါ်၌ ပစ်ချထားအပ်သော ငါးသည်၊ တဖျပ်ဖျပ် တုန်လှုပ်ဘိ သကဲ့သို့၊ ကိလေသာမန် ကိုယ်တွင်းရန်ကို ပယ်နိုင်ရန်၊ ကာမနယ်မှ ထုတ်ဆောင်ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။
၃၅။   နှိမ်နင်းရန် ခဲယဉ်းထသော၊ လျှင်မြန်သော သဘောရှိသော၊ အလိုရှိရာအာရုံ၌ ကျရောက်ကျက်စားလေ့ရှိသော စိတ်ကို ဆုံးမခြင်းသည် ကောင်း၏။ ဆုံးမပြီး၍ ယဉ်ကျေးသောစိတ်သည် ချမ်းသာသုခကို ရွက်ဆောင်၏။
၃၆။   အလွန်တရာ မြင်နိုင်ခဲထသော၊ အလွန်တရာ သိမ်မွေ့ထသော၊ အလိုရှိရာအာရုံ၌ ကျရောက်ကျက်စားလေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင့်ရှောက်ထားအပ်သော စိတ်သည် ချမ်းသာသုခကို ရွက်ဆောင်၏။
၃၇။   အဝေးသို့သွားတတ်သော၊ တစ်ခုတည်း ကျက်စားတတ်သော၊ အကောင်အထည် မရှိသော၊ ဟဒယ၀တ္ထုတည်း ဟူသော လှိုင်ဂူ၌ နေသော စိတ်ကို အကြင်သူတို့သည် စောင့်စည်းကြကုန်၏။ ထိုသူတို့သည် မာန်အနှောင်အဖွဲ့မှ လွတ်မြောက်ကြကုန်လတ္တံ့။
၃၈။   မတည်တံ့သောစိတ် ရှိသော၊ သူတော်ကောင်းတရားကို မသိသော၊ ယုံကြည်မှု မခိုင်မြဲသောသူအား၊ ပညာသည် မပြည့်စုံပေ။
၃၉။   ရာဂဖြင့် မစွတ်စိုသောစိတ် ရှိသော၊ ဒေါသဖြင့် ထိပါးပုတ်ခတ်စိတ် မရှိသော၊ ကောင်းမှု မကောင်းမှုကို ပယ်ပြီးသော နိုးကြားသော ရဟန္တာပုဂ္ဂိုလ်အား၊ ဘေးရန်မရှိတော့ပေ။
၄၀။  ဤခန္ဓာကိုယ်ကို အိုးနှင့်တူ၏ဟု သိ၍၊ ဤစိတ်ကို မြို့နှင့်တူ၏ဟု ဉာဏ်၌သက်ဝင်စေလျက်၊ ပညာလက်နက်ဖြင့် ကိလေသာမာန်ကို တိုက်ဖျက်ရာ၏။ တိုက်ဖျက်၍ အောင်မြင်သော တရားကိုလည်း ကပ်ငြိတွယ်တာခြင်း မရှိဘဲ စောင့်ရှောက်ထားရာ၏။
၄၁။   ဤခန္ဓာသည် စိတ်ဝိညာဉ် ကင်းသွားခဲ့သော်၊ အသုံးမကျသော ထင်းတုံးကဲ့သို့ စွန့်ပစ်အပ်သည်ဖြစ်၍၊ မကြာမီ မြေပေါ်၌ အိပ်ရပေလိမ့်မည် တကား။
၄၂။   ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကိုမြင်၍ ပျက်စီးအောင် ပြုရာ၏။ ရန်သူတစ်ယောက်သည် ရန်သူ တစ်ယောက်ကို မြင်၍ ပျက်စီးအောင် ပြုရာ၏။ မကောင်းသဖြင့် ထားအပ်သော စိတ်သည်ကား၊ ထိုစိတ်ဖြစ်ပွားသောသူကို ထို့ထက်ပင် ယုတ်ညံ့အောင် ပြုပေသည်။
၄၃။   လူ နတ် နိဗ္ဗာန် သုံးတန်သော ထိုချမ်းသာကို၊ အမိသည်လည်း ပြုမပေးနိုင်၊ အဖသည်လည်း ပြုမပေးနိုင်၊ ဆွေမျိုးတို့ သည်လည်း ပြုမပေးနိုင်။ ထိုသို့သော ချမ်းသာကို၊ ကောင်းစွာထားအပ်သောစိတ်သာလျှင် ထိုမိဘဆွေမျိုးတို့ထက်၊ တစ်ဆင့်ထက် တစ်ဆင့် မြင့်မြတ်အောင် ပြုလုပ်ပေးနိုင်သည်။
                                                    ပုပ္ဖ၀ဂ်
၄၄။   ဤခန္ဓာကိုယ်တည်းဟူသော မြေကြီးကို၎င်း၊ အပါယ်လေးဘုံတည်းဟူသော ကာမလောကကို၎င်း၊ နတ်လောကနှင့် တကွသော ဤလူ့လောကကို၎င်း၊ အဘယ်သူသည် ဉာဏ်ဖြင့် စိစစ်ရွေးချယ်နိုင်မည်နည်း။ ကျွမ်းကျင်ပြီးသော ပန်းသည်သည် ပန်းကို ကောင်းစွာ စိစစ်ရွေးချယ်သကဲ့သို့၊ ကောင်းစွာဟောကြားအပ်သော တရားအစု ( ဓမ္မပဒ ) ကို၊ အဘယ်သူသည် စိစစ်ရွေးချယ်နိုင်မည်နည်း။
၄၅။   ဤခန္ဓာကိုယ်တည်းဟူသော မြေကြီးကို၎င်း၊ အပါယ်လေးဘုံတည်းဟူသော ကာမလောကကို၎င်း၊ နတ်လောကနှင့် တကွသော ဤလူ့လောကကို၎င်း၊ သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် စိစစ်ရွေးချယ်နိုင်ပေလတ္တံ့။ ကျွမ်းကျင်ပြီးသော ပန်းသည်သည် ပန်းကို ကောင်းစွာ စိစစ်ရွေးချယ်သကဲ့သို့ ကောင်းစွာဟောကြားအပ်သော တရားအစု ( ဓမ္မပဒ ) ကို၊ သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် စိစစ်ရွေးချယ်နိုင်ပေလတ္တံ့။
၄၆။   ဤခန္ဓာကိုယ်ကို ရေမြှုပ်နှင့် တူ၏ဟုသိ၍၊ တံလှပ်သဘောရှိ၏ဟု ဥာဏ်ဖြင့်ထိုးထွင်း သိမြင်လျက်၊ မာရ်နတ်မင်း၏ ပန်းခိုင်သဖွယ်ဖြစ်သော ၀ဋ်သုံးပါးတို့ကို ဖြတ်တောက်ပြီးလျှင်၊ သေမင်းမမြင်နိုင်ရာ နိဗ္ဗာန်သို့ သွားရာ၏။
၄၇။   ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးနေသောသူကဲ့သို့၊ ကာမဂုဏ်တို့၌ လွန်စွာကပ်ငြိတွယ်တာစိတ် ရှိနေသော သူကို၊ ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသောရွာကို လွှမ်းမိုးတိုက်ယူသွားသကဲ့သို့၊ သေမင်းသည် ယူဆောင်၍ သွား၏။
၄၈။   ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးနေသောသူကဲ့သို့၊ ကာမဂုဏ်တို့၌ လွန်စွာကပ်ငြိတွယ်တာစိတ် ရှိနေသော၊ ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်သောသူကို၊ သေမင်းယုတ်သည် မိမိအလိုအတိုင်း ပြုလုပ်သည်။
၄၉။   ပျားပိတုန်းသည် ပန်းပွင့်ကိုသော်၎င်း၊ အဆင်းအနံ့ကို၎င်း၊ မပျက်စေဘဲ၊ ပန်းဝတ်ရည်ကို စုပ်ယူပျံသွားဘိသကဲ့သို့ ရဟန်းသည် ပန်းတည်းဟူသော သဒ္ဓါတရားကို၎င်း၊ အဆင်းအနံ့တည်းဟူသော စည်းစိမ်ဥစ္စာကို၎င်း၊ မပျက်စီးစေဘဲ၊ ရွာ၌ ကျင့်သုံးရာ၏။
၅၀။   သူတစ်ပါး၏ မသင့်လျော်သော အပြစ်ဒေါသကို မကြည့်ရှုရာ။ သူတစ်ပါးတို့၏ ကောင်းမှု၊ မကောင်းမှု၊ ပြုမပြုကို မကြည့်ရှုရာ။ မိမိ၏ ကောင်းမှု၊ မကောင်းမှု ပြုမပြုကိုသာလျှင် ကြည့်ရှုရာ၏။
၅၁။   အဆင်းသာရှိ၍ အနံ့မရှိသော၊ လှပတင့်တယ်သော ပန်းသည်၊ တစ်စုံတစ်ရာ အကျိုးမရှိသကဲ့သို့၊ ကောင်းစွာဟော ကြားအပ်သော တရားဒေသနာတော်သည်၊ မလိုက်နာ မကျင့်သုံးသောသူအား အကျိုးဆောင်၍ မပေးနိုင်ချေ။
၅၂။   အဆင်းရောအနံ့ပါ ပြည့်စုံ၍ လှပတင့်တယ်သောပန်းသည်၊ အကျိုးများစွာ ရှိသကဲ့သို့၊ ကောင်းစွာဟောကြား အပ်သော တရားဒေသနာတော်သည်၊ လိုက်နာကျင့်သုံးသောသူအား အကျိုးများစွာ ရွက်ဆောင်ပေသည်။
၅၃။   ပန်းပုံကြီးအတွင်းမှ များစွာသောပန်းကုံးတို့ကို သီကုံးသကဲ့သို့ ဖြစ်ပေါ်လာသော သတ္တ၀ါသည်၊ ဥစ္စာ သဒ္ဓါတည်း ဟူသော အစုအပုံအတွင်းမှ များစွာသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ရာ၏။
၅၄။   ပန်းတို့၏ရနံ့သည် လေညာသို့ မရောက်နိုင်ပေ။ စန္ဒကူး၊ တောင်ဇလပ်၊ ကြက်ရုံးတို့၏ရနံ့သည်လည်း လေညာသို့ မရောက်နိုင်ပေ။ သူတော်ကောင်းတို့၏ သီလတည်းဟူသော ရနံ့သည်ကား အရပ်မျက်နှာအားလုံးသို့ သင်းပျံ့ လွှမ်းမိုးနိုင်၏။
၅၅။   စန္ဒကူးရနံ့သည်၎င်း၊ တောင်ဇလပ်ပန်း ရနံ့သည်၎င်း၊ ကြာညိုပန်း ရနံ့သည်၎င်း၊ မြတ်လေးပန်း ရနံ့သည်၎င်း ရှိပေ၏။ ထိုရနံ့မျိုးတို့ထက် သီလတည်းဟူသော ရနံ့သည်သာလျှင် အတုမရှိ မြင့်မြတ်လှပေ၏။
၅၆။   တောင်ဇလပ်ပန်း၊ စန္ဒကူးပန်းတို့၏ ရနံ့သည် အနည်းငယ်မျှသာဖြစ်၏။ သီလရှိသောပုဂ္ဂိုလ်တို့၏ သီလတည်း ဟူသော ရနံ့သည်ကား ထူးကဲမွန်မြတ်သည်ဖြစ်၍ နတ်ပြည်သို့ထိတိုင်အောင် သင်းပျံ့ကြိုင်လှိုင်၏။
၅၇။   သီလနှင့်ပြည့်စုံကုန်သော၊ မမေ့မလျော့နေလေ့ရှိကုန်သော၊ ကောင်းစွာဥာဏ်ဖြင့်သိ၍ ကိလေသာမှ လွတ်မြောက် သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို၊ မာရ်နတ်သည် မတွေ့မမြင်နိုင်ပေ။
၅၈။   လမ်းမကြီး၌ စွန့်ပစ်ထားသော အမှိုက်ပုံ၌၊ မွှေးရနံ့ကြိုင်လှိုင်၍ နှစ်သက်ဖွယ်ရှိသော ပဒုမ္မာကြာပန်း ပေါက်လာ သကဲ့သို့  
၅၉။   အမှိုက်ပုံသဖွယ်ဖြစ်သောသတ္တ၀ါတို့ အလယ်၌ နေသော၊ ဘုရားရှင်၏တပည့်သည်လည်း၊ အကန်းသဖွယ်ဖြစ်သော ပုထုဇဉ်တို့ကို၊ ပညာဖြင့်ကျော်လွန်၍ တင့်တယ်၏။
                                                    ဗာလ၀ဂ်
၆၀။   အိပ်မပျော်သူအား ညဥ့်တာသည် ရှည်လျား၏။ ခရီးပန်းသောသူအား တစ်ယူဇနာခရီးသည် ရှည်လျား၏။ သူတော် ကောင်းတရားကို မသိသော သူမိုက်တို့အား သံသရာသည် ရှည်လျား၏။
၆၁။   တရားကျင့်သုံးသောသူသည်၊ မိမိထက် မြင့်မြတ်သူနှင့် တူညီသူကို မရနိုင်ပါလျှင်၊ တစ်ယောက်တည်းသာလျှင်၊ စွဲမြဲစွာ ကျင့်သုံးသင့်၏။ လူမိုက်တို့နှင့် ပေါင်းသင်းဆက်ဆံ၍ အကျိုးမရှိချေ။
၆၂။  ငါ့အား သားသမီးတို့ ရှိကုန်၏၊ ဥစ္စာတို့ ရှိကုန်၏ဟူ၍ လူမိုက်သည် သာယာစွဲလန်းမှုဖြင့် ဆင်းရဲပင်ပန်းရ၏။ အမှန်အားဖြင့် မိမိအား အတ္တဟူ၍ မရှိပါဘဲလျက် အဘယ်မှာ မိမိ၏သားသမီး ရှိပေမည်နည်း။ အဘယ်မှာ မိမိဥစ္စာ ရှိပေမည်နည်း။
၆၃။   လူမိုက်သည် မိမိမိုက်သည့်အဖြစ်ကို သိ၏၊ ထိုသို့သိခြင်းကြောင့် ပညာရှိ ဖြစ်နိုင်သေး၏။ လူမိုက်သည် ငါပညာရှိ ဟူ၍ မိမိကိုယ်ကို အထင်ရောက်ပါမူကား၊ ထိုသူကို လူမိုက်စင်စစ်ဟု ခေါ်ဆိုရပေသည်။
၆၄။   ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့၊ လူမိုက်သည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိကို ဆည်းကပ်နေသော်လည်း၊ သူတော်ကောင်းတရားကို မသိနိုင်ချေ။
၆၅။   လျှာသည် ဟင်း၏အရသာကို ချက်ချင်းသိသကဲ့သို့၊ သိကြားလိမ္မာသောသူသည် ပညာရှိကို တခဏမျှ ချဉ်းကပ် ရစေကာမူ၊ သူတော်ကောင်းတရားကို လျှင်မြန်စွာသိနိုင်၏။
၆၆။   စပ်ရှားခံခက် ဆင်းရဲခြင်းသက်သက်သော အကျိုးကို ပေးတတ်သော၊ မကောင်းမှု အကုသိုလ်ကံကို ပြုကြသော လူမိုက်တို့သည်၊ မိမိကိုယ်မိမိ ရန်ပြုကြကုန်လျက်၊ သံသရာမှာ လှည့်လည်ကြရကုန်၏။
၆၇။   အကြင်ကံကို ပြုလုပ်ပြီး၍ နောင်တ တစ်ဖန် ပူပန်ရ၏။ အကြင်ကံ၏အကျိုးကို မျက်ရည်စက်လက် ငိုကြွေးလျက် ခံစားရ၏။ ထိုကံမျိုးကို မပြုလုပ်ရာ။
၆၈။   အကြင်ကံကို ပြုလုပ်ပြီး၍ နောင်တ တစ်ဖန် မပူပန်ရပေ။ အကြင်ကံ၏အကျိုးကို နှစ်သက်ဝမ်းမြောက်လျက် ခံစားရ၏။ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏။
၆၉။   အကြင်မျှလောက် ကာလပတ်လုံး၊ မကောင်းမှုသည် အကျိုးမပေး။ ထိုမျှလောက်သော ကာလပတ်လုံး၊ လူမိုက်သည် မကောင်းမှုကို ပျားသကာကဲ့သို့ မှတ်ထင်၏။ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏။ ထိုအခါ၌ ဆင်းရဲခြင်းသို့ ရောက်ရ၏။
၇၀။   လူမိုက်သည် လစဉ်လတိုင်း အနှစ်တစ်ရာကာလပတ်လုံး ခြိုးခြံသောအကျင့်ကို ကျင့်သုံးအပ်ဟု၊ သမန်းမြက်ဖျားဖြင့် အစာစားစေကာမူ၊ ထိုလူမိုက်၏အကျင့်သည်၊ တရားသိပြီးသော ပုဂ္ဂိုလ်၏အကျင့်ကို၊ တစ်ဆယ့်ခြောက်စိပ် တစ်စိပ် လောက်မျှ အဖိုးမထိုက်ပေ။
၇၁။   ညှစ်ပြီးစနို့ရည်သည် အချဉ်မပေါက်သေးသကဲ့သို့၊ ပြုပြီးခါစဖြစ်သော မကောင်းမှုသည် ရုတ်တရက် အကျိုးမပေး သေးပေ။ အကျိုးပေးသောအခါတွင်မူ၊ ပြာဖုံးသောမီးကျီးခဲကဲ့သို့ ထိုသူမိုက်ကိုလောင်ကျွမ်းစေလျက် အစဉ်လိုက်၏။
၇၂။   လူမိုက်၏အတတ်ပညာသည်၊ လူမိုက်၏အကျိုး ပျက်စီးစေရန်သာဖြစ်၏။ စင်ကြယ်သော ကုသိုလ်အဖို့ကို ဖျက်ဆီး တတ်၏။ ပညာတည်းဟူသော ဦးခေါင်းကို ပြတ်၍ကျစေတတ်၏။
၇၃။   မလိမ္မာသောရဟန်းသည်၊ ရဟန်းတို့အလယ်၌၊ မိမိတွင် ထင်ရှားမရှိသော ဂုဏ်ကျေးဇူးဖြင့် ချီးမွမ်းခြင်းကို၎င်း၊ မိမိအား ခြံရံလျက် ရှေ့ဆောင်နေရာထားခြင်းကို၎င်း၊ ကျောင်း အိပ်ရာ နေရာတို့၌ အစိုးရခြင်းကို၎င်း၊ ဆွေမျိုးမတော် သူတို့၏ ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းကို၎င်း၊ အလိုရှိ၏။
၇၄။   ငါ့ကြောင့်သာလျှင် အမှုကြီးငယ်တို့ ပြီးစီးကုန်၏ဟု၊ ရဟန်းရှင်လူ နှစ်ဦးသူတို့ မှတ်ထင်ကြစေကုန်သတည်း။ တစ်စုံတစ်ခုသော အမှုကြီးငယ်တို့တွင် ငါ့အလိုသို့လိုက်စေကြကုန်သတည်းဟု မိုက်မဲသောရဟန်းအား အကြံအစည် သည်၎င်း၊ အလိုရမ္မက်သည်၎င်း၊ မာန်မာနသည်၎င်း တိုးပွား၏။
၇၅။   လာဘ်ရခြင်းအကျင့်သည် တခြားတည်း။ နိဗ္ဗာန်ရကြောင်းအကျင့်သည် တခြားတည်း။ ဤအကျင့် နှစ်မျိုးနှစ်စားကို ခွဲခြားသိ၍၊ ဘုရားရှင်၏ တပည့်သားရဟန်းသည် လာဘ်ပူဇော်သကာကို မနှစ်သက်ရာ။ ၀ိဝေကတရားကိုသာ တိုးပွား စေရာ၏။
                                                   ပဏ္ဍိတ၀ဂ်
၇၆။   အပြစ်ကိုဖော်ပြ၍ နှိမ့်ချဆုံးမလေ့ရှိသော ထိုကဲ့သို့သောပညာရှိကို၊ မြုပ်ထားသောရွှေအိုးကို ပြောကြားလာသူကဲ့သို့ ရှုမြင်ရာ၏။ ဆည်းကပ်ရာ၏။ ထိုကဲ့သို့သောပညာရှိကို ဆည်းကပ်သူအား မြင့်မြတ်ခြင်းသာဖြစ်၏။
၇၇။   ဆုံးမရာ၏။ ကြိုတင်ဆုံးမရာ၏။ မကောင်းသော အပြုအမူတို့မှလည်း တားမြစ်ရာ၏။ ထိုသို့ဆုံးမတတ်သောသူကို သူတော်ကောင်းတို့ ချစ်ခင်မြတ်နိုးအပ်၏။ သူတော်ကောင်းမဟုတ်သူတို့ကား မချစ်ခင် မနှစ်သက်ကြပေ။
၇၈။   ယုတ်မာသော မိတ်ဆွေတို့ကို မဆည်းကပ်ရာ။ ယုတ်မာသော ပုဂ္ဂိုလ်တို့ကို မဆည်းကပ်ရာ။ မိတ်ဆွေကောင်း တို့ကို ဆည်းကပ်ရာ၏။ ပုဂ္ဂိုလ်မြတ်တို့ကို ဆည်းကပ်ရာ၏။
၇၉။   တရားတည်းဟူသော အမြိုက်ရေကို သောက်ရသောသူသည် အထူးကြည်လင်သန့်ရှင်းသောစိတ်ဖြင့်၊ ချမ်းသာစွာ နေရ၏။ ပညာရှိသည် အရိယာသူတော်မြတ်တို့ဟောကြားသော ဗောဓိပက္ခိယတရား၌ အခါခပ်သိမ်း မွေ့လျော်၏။
၈၀။   ရေသွယ်သော လယ်သမားတို့သည် ရေကို အလိုရှိရာသို့ သွယ်ယူကြကုန်၏။ မြားပြုလုပ်သူတို့သည် မြားကို ဖြောင့်အောင်ပြုလုပ်ကြကုန်၏။ လက်သမားတို့သည် သစ်ကို လိုအပ်သောပုံစံကျအောင် ရွှေကြကုန်၏။ ပညာရှိတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင်ဆုံးမကြကုန်၏။
၈၁။   တစ်ခဲနက်တည်းသော ကျောက်ဆောင်သည် အရပ်လေးမျက်နှာမှလာသော လေကြောင့် မတုန်လှုပ်သကဲ့သို့ ပညာရှိတို့သည် ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ကြောင့် မတုန်လှုပ်ကြကုန်။
၈၂။   နက်လှစွာသောရေသည် နောက်ကျုခြင်းမရှိ၊ အထူးကြည်လင်ဘိသကဲ့သို့၊ ပညာရှိတို့သည် တရားတော်တို့ကို ကြားနာရကုန်၍ အထူးကြည်လင်ကုန်၏။
၈၃။   သူတော်ကောင်းတို့သည် သင်္ခါရတရား အားလုံးတို့၌ တပ်မက်ခြင်းကို၊ စင်စစ်အားဖြင့် စွန့်လွှတ်ကြကုန်၏။ သူတော်ကောင်းတို့သည် ကာမဂုဏ်တို့ကို အလိုရှိ၍ မပြောဆိုကြကုန်။ ပညာရှိတို့သည် ချမ်းသာခြင်းနှင့် တွေ့ရ သော်လည်း၊ ၀မ်းမသာကြပေ။ ဆင်းရဲခြင်းနှင့် တွေ့ရသော်လည်း ၀မ်းမနည်းကြပေ။
၈၄။   ပညာရှိမည်သည် မိမိကြောင့်ဖြစ်စေ သူတစ်ပါးကြောင့်ဖြစ်စေ မကောင်းမှုကို မပြုပေ။ မကောင်းမှုဖြင့် သားသမီး ကို၎င်း၊ ဥစ္စာကို၎င်း၊ တိုင်းပြည်ကို၎င်း အလိုမရှိရာ။ မတရားမှုဖြင့် မိမိ၏ပြည့်စုံမှုကို အလိုမရှိရာ။ ထိုသို့သဘောရှိသူသည် သီလရှိသူ၊ ပညာရှိသူ၊ တရားရှိသူဖြစ်၏။
၈၅။   လူအပေါင်းတို့တွင် နိဗ္ဗာန်ဟူသော တစ်ဖက်ကမ်းသို့ ကူးနိုင်သူတို့သည် နည်းပါးလှကုန်၏။ ထိုမှတစ်ပါးသော သူများသည် သက္ကာယဒိဋ္ဌိတည်းဟူသော ဤမှာဘက်ကမ်း၌သာလျှင် အစဉ်သဖြင့် ပြေးလွှားနေကြကုန်၏။
၈၆။   ကောင်းမွန်စွာဟောကြားအပ်သော တရားတို့ကို တရားအားလျော်စွာ ကျင့်သောသူတို့သည်ကား၊ ကူးမြောက် နိုင်သော သေမင်း၏နေရာ သံသရာကို ကူးမြောက်နိုင်၍၊ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်ကြကုန်လတ္တံ့။
၈၇၊ ၈၈။   ပညာရှိသည်၊ မည်းညစ်သော အကုသိုလ်တရားကို ပယ်စွန့်၍၊ တဏှာတည်းဟူသော တည်ရာမှ ထွက်မြောက် ကာ တဏှာကင်းရာ နိဗ္ဗာန်ကို အာရုံပြုလျက်၊ ဖြူစင်သောကုသိုလ်တရားကို ပွားများရာ၏။ ပညာရှိသည် ကာမဂုဏ်တို့ကို ပယ်စွန့်၍ မွေ့လျော်နိုင်ခဲသော ၀ိဝေကသုံးပါး၌ အလွန်မွေ့လျော်ခြင်းကို အလိုရှိရာ၏။ စိတ်ညစ်ညူးကြောင်း နီဝရဏ တရားတို့မှ၊ မိမိကိုယ်ကို ဖြူစင်ရာ၏။
၈၉။   အကြင်ပုဂ္ဂိုလ်တို့သည် ဗောဇ္ဈင်တရားတို့၌ စိတ်ကို ကောင်းစွာပွားများကြကုန်၏။ မစွဲလမ်းကုန်၍ ဥပါဒါန်ကို စွန့်လွှတ်ရာ နိဗ္ဗာန်၌ မွေ့လျော်ကြကုန်၏။ လောက၌ အာသဝေါကုန်ကြပြီးသော တန်ဘိုးကြီးသော ထိုပုဂ္ဂိုလ်တို့သည် ငြိမ်းချမ်းကြပေကုန်၏။
                                                    အရဟန္တ၀ဂ်
၉၀။   သံသရာခရီး ပြီးဆုံးခဲ့ပြီးသော၊ အလုံးစုံသောတရားတို့မှ လွတ်မြောက်ပြီးသော၊ အလုံးစုံသော အထုံးအဖွဲ့ကို ပယ်စွန့်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား ပူပန်ခြင်း မရှိတော့ပေ။
၉၁။   သတိရှိသောသူတို့သည် လုံ့လကြိုးကုတ် အားထုတ်ကြကုန်၏။ ထိုသူတို့သည် ကာမဂုဏ်ဟူသော တည်ရာတို့၌၊ မမွေ့လျော်ကြကုန်။ ဟင်္သာတို့သည် ရွှံ့ညွန်အိုင်ကို စွန့်ခွာ၍ ပျံသန်းကြသကဲ့သို့၊ တဏှာဟူသော တည်ရာဟူသမျှကို စွန့်ခွာ၍ သွားကြကုန်၏။
၉၂။   အကြင်ပုဂ္ဂိုလ်တို့အား သိုမှီးထိန်းသိမ်းခြင်း မရှိပေ။ အကြင်ပုဂ္ဂိုလ်တို့သည် ကရိညာသုံးပါးဖြင့် ပိုင်းခြား၍၊ ခဲဖွယ် ဘောဇဉ်ကို သုံးဆောင်ကုန်၏။ အကြင်ပုဂ္ဂိုလ်တို့သည်၊ ရာဂ စသည်တို့မှ ကင်းဆိတ်သော၊ ရာဂစသော နိမိတ်မရှိသော၊ နိဗ္ဗာန်အာရုံ၌ ကျက်စားကြကုန်၏။ ကောင်းကင်၌ ငှက်တို့၏သွားရာလမ်းကြောင်းကို မမြင်နိုင်သကဲ့သို့၊ ထိုရဟန္တာ ပုဂ္ဂိုလ်တို့၏ လားရာဂတိကို မမြင်နိုင်ပေ။
၉၃။   အကြင်ပုဂ္ဂိုလ်တို့အား အာသ၀တရားတို့ ကုန်ခမ်းကုန်၏။ အစာအာဟာရ၌လည်း စွဲလမ်းတွယ်တာခြင်း မရှိချေ။ အကြင်ပုဂ္ဂိုလ်တို့သည် ရာဂစသော နိမိတ်မရှိသော၊ နိဗ္ဗာန်အာရုံ၌ ကျက်စားကြကုန်၏။ ကောင်းကင်၌ ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့၊ ရဟန္တာပုဂ္ဂိုလ်တို့၏ လားရာဂတိကို မသိနိုင်ပေ။
၉၄။   ရထားထိန်းက ကောင်းစွာဆုံးမထားပြီးသော မြင်းတို့သည် တည်ငြိမ်ကြသကဲ့သို့ အကြင်ပုဂ္ဂိုလ်တို့၏ ဣနြေ္ဒ တို့သည် တည်ငြိမ်ကြကုန်၏။ မာနကို ပယ်ပြီးသော၊ အာသ၀မရှိသော၊ တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုရဟန္တာအား နတ်တို့သည်၊ ချစ်မြတ်နိုးကုန်၏။
၉၅။   တာဒိဂုဏ်နှင့် ပြည့်စုံသော၊ ကောင်းသောအကျင့်ရှိသော ပုဂ္ဂိုလ်သည်၊ မြေကြီးကဲ့သို့၎င်း၊ တံခါးတိုင်ကဲ့သို့၎င်း၊ သည်းခံစိတ်ရှိသည်ဖြစ်၍ ဆန့်ကျင်ရန်ဖက်ခြင်း မပြုပေ။ ရွှံ့ညွန်ကင်းသော ရေအိုင်ကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်အား၊ ကျင်လည်ခြင်းတို့ မဖြစ်ကုန်။
၉၆။   တရားကိုကောင်းစွာသိ၍ ကိလေသာမှ လွတ်ပြီးသော၊ ငြိမ်သက်သော၊ တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုရဟန္တာ၏ စိတ်သည် ငြိမ်သက်၏။ နှုတ်အမူအရာသည်၎င်း၊ ကိုယ်အမူအရာသည်၎င်း ငြိမ်သက်၏။
၉၇။   အကြင်သူသည် သူတစ်ပါးပြောစကားဖြင့်သာ ယုံကြည်သူမဟုတ်။ နိဗ္ဗာန်ကို ကိုယ်တိုင်သိသူလည်း ဖြစ်၏။ ၀ဋ်သုံးပါး၏အစပ်ကို ဖြတ်တောက်ထားပြီးသူလည်း ဖြစ်၏။ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးပေးခွင့်ကို သတ်ဖြတ်ပြီး သူလည်းဖြစ်၏။ အလုံးစုံသော တဏှာကို ထွေးအန်ပြီးသူလည်း ဖြစ်၏။ ထိုသူသည် စင်စစ်အားဖြင့် ယောက်ျားမြတ် ဖြစ်ပေ၏။
၉၈။   ရွာ၌ဖြစ်စေ၊ တော၌ဖြစ်စေ၊ ချိုင့်ဝှမ်း၌ဖြစ်စေ၊ ကုန်းမြင့်၌ဖြစ်စေ ရဟန္တာပုဂ္ဂိုလ်တို့ နေထိုင်ကြကုန်၏။ ရဟန္တာ ပုဂ္ဂိုလ်တို့၏ နေထိုင်ရာ ထိုအရပ်သည် မွေ့လျော်ဖွယ်ရှိ၏။
၉၉။   တောတို့သည်မွေ့လျော်ဖွယ်ဖြစ်ကုန်၏။ ကာမဂုဏ်ရှာမှီးသူ လူအပေါင်းတို့သည်ကား ထိုတော၌ မမွေ့လျော်နိုင် ကြကုန်။ ရာဂကင်းသော ပုဂ္ဂိုလ်တို့သည်သာ ထိုတော၌ မွေ့လျော်ကြကုန်လတ္တံ့။ ထိုပုဂ္ဂိုလ်တို့သည် ကာမဂုဏ်ကို မရှာမှီးကြကုန်။
Friday, 17 February 2012
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်
Monday, 13 February 2012
ဝိပဿနာ ရှုပွားနည်း အခြေခံ
           အရင်ဆုံး၊ သမထ ရှုမှတ်မှု နဲ့ ၀ိပဿနာ ရှုမှတ်မှု ကွဲပြားပုံ ကို သိသင့်ပါတယ်။ ကွဲပြားပုံကို မသိဘဲ ရောထွေးနေရင်၊ ဒီနည်းများကို ကောင်းစွာလေ့ကျင့်နိုင်မှာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာ သမထ ရှုမှတ်မှု နဲ့ ၀ိပဿနာ ရှုမှတ်မှု ဆိုပြီး၊ ၂ မျိုး ရှိပါတယ်။
          သမထ ဆိုတာ၊ အာရုံစူးစိုက်မှု (သို့) စိတ်ကို ငြိမ်းအေးစေသော စိတ်အနေအထား ဖြစ်ပါတယ်။ စိတ်ဟာ အချင်းအရာ တစ်ခုထဲအပေါ်မှာအာရုံစူးစိုက်နေရင်၊ဒါကို စိတ်အာရုံစူးစိုက်မှု လို့ခေါ်ပါတယ်။ အာရုံစူးစိုက်မှု မြင့်မားစေဖို့၊ သမထ ကို၊ လေ့ကျင့်ရပါတယ်။ သမထ ရှုမှတ်မှုရဲ့ ရည်ရွယ်ချက်ကတော့၊ ဈာန် လို့ခေါ်တဲ့ မြင့်မားသော အာရုံစူးစိုက်မှု ကို ရရှိစေဖို့ ဖြစ်ပါတယ်။ သမထ ရှုမှတ်မှုကို လေ့ကျင့်ရင်၊ ဈာန် လို့ခေါ်တဲ့ မြင့်မားသော အာရုံစူးစိုက်မှုကို ရရှိနိုင်ပါတယ်။ စိတ်ရဲ့ နက်ရှိုင်းသော အာရုံစူးစိုက်မှု ရရှိစေဖို့၊ ၀င်လေ ထွက်လေ အစရှိတဲ့၊ တစ်ခုတည်းသော အချင်းအရာ ပေါ်မှာ၊ စိတ်ကို အာရုံစူးစိုက်ထားဖို့ လိုအပ်ပါတယ်။
           ဗုဒ္ဓဘာသာဝင် အများစုဟာ၊ ၀င်လေ - ထွက်လေ ရှုမှတ်ခြင်းကို လေ့ကျင့်ကြပါတယ်။ ပါဠိလို အာနာပါန လို့ ခေါ်တွင်ပါတယ်။ ၀င်လေ - ထွက်လေ ကို အရှုခံ အဖြစ်ထားပြီး၊ သမထ ကမဋ္ဌာန်း ပွားများရာမှာ၊ လေရှူသွင်းခြင်း - လေရှူတုတ်ခြင်း ပေါ်မှာ စိတ်ကို စူးစိုက်ထားရပါမယ်။ စိတ်ဟာ မိမိ နှာသီးဖျား ပေါ်မှာ စူးစိုက်ထားရပါမယ်။ လေကို ရှူသွင်းလိုက်ချိန်၊ လေက နှာသီးဖျားကိုထိခပ်သွားချိန်မှာ ၀င်တယ်/ရှူတယ်လို့၊မှတ်ရပါမယ်။လေကိုရှူထုတ်လိုက်ချိန်၊ လေထွက်သွားချိန်၊ နှာသီးဖျားကို လေကထိသွားချိန်မှာ၊ ထွက်တယ် လို့ မှတ်ရပါမယ်။ ၀င်တယ် - ထွက်တယ်၊ ၀င်တယ် - ထွက်တယ် ဆိုပြီး၊ စိတ်ကို နှာသီးဖျားမှာ စူးစိုက်ထားရပါမယ်။
           ဒါပေမယ့် စိတ်ဟာ၊ လေရှူသွင်းခြင်း - လေရှူတုတ်ခြင်း မှာဘဲ တည်မနေပါဘူး။ စိတ်ဟာ ထွက်သွားပြီး၊ အခြားရောက်တတ်ရာရာ အကြောင်းအရာများအပေါ် တွေးတောရင်း စိတ်ပျံ့လွင့်ပါတယ်။ ဒီလို စိတ်ပျံ့လွင့်ပြီး အခြားအကြောင်းအရာများကို တွေးတောနေရင်၊ မူလအရှုခံ နှာသီးဖျားဆီကို၊ စိတ်ပြန်တည်ရပါတယ်။ “၀င်တယ် - ထွက်တယ်” ပြန်ရှုရပါတယ်။ ဒါပေမယ့် စိတ်ဟာ၊ နှာသီးဖျားမှာဘဲ အချိန်ကြာကြာ တည်မနေပြန်ပါဘူး။ စပြီးလေ့ကျင့်ခါစမှာ စိတ်ဟာ မကြာခဏကို လွင့်ပါး ပျံ့လွင့်ပါတယ်။ နှာသီးဖျားဆီ စိတ်ကိုပြန်ပို့၊ နှာသီးဖျားမှာ အာရုံစိုက်ပြီး၊ “၀င်တယ် - ထွက်တယ်” “၀င်တယ် - ထွက်တယ်” ပြန်မှတ်ရပါတယ်။ ဒီလိုနဲ့ စိတ်ဟာ၊ လေရှူသွင်းမှု - လေရှူထုတ်မှုပေါ်မှာ၊ အတိုင်းအတာတစ်ခုအထိတဖြေးဖြေးအာရုံစူးစိုက်တည်မြဲလာပါတယ်။ဒီအခါမှာ မိမိရဲ့ လေ့ကျင့်မှုအတိုင်း၊  ရှေ့ဆက်လေ့ကျင့်သွားရပါမယ်။
          တစ်ပါတ် ဆယ်ရက်လောက် ကြာတဲ့အခါ၊ စိတ်ဟာ လေရှူမှု - လေထုတ်မှု ပေါ်မှာ၊ တဖြေးဖြေး ပိုလို့ ပိုလို့ အာရုံတည်မြဲလာပြီး၊ နက်နက်နဲနဲ ကောင်းကောင်းမွန်မွန် ရှုမှတ်လာနိုင်ပါတယ်။ ၂လ ၃လခန့် အကြာမှာတော့၊ နှာသီးဖျားက ၀င်လေ - ထွက်လေ အပေါ်မှာ စိတ်ဟာ နက်ရှိုင်းစွာ အာရုံစိုက်နိုင်ပါပြီ။ ၁၀ မိနစ် - ၁၅ မိနစ်လောက်ထိ အသက်ရှူခြင်းမှာ စိတ်တည်နေပါလိမ့်မယ်။ ဒီလိုနဲ့ နှာသီးဖျားက ၀င်လေ - ထွက်လေ အပေါ်မှာ စူးစူးစိုက်စိုက် အာရုံပြု နေဖို့ အစွမ်းကုန်ကြိုးစားရပါမယ်။ နောက်ဆုံးတော့ စိတ်ဟာ ၀င်လေ - ထွက်လေ ပေါ်မှာဘဲ အပြည့်အ၀ တည်နေပါ လိမ့်မယ်။
            ဒီနောက်တော့ စိတ်မှာ ဘာအဟန့်အတား အနှောင့်အယှက်မှ မရှိတော့ပါဘူး။ စိတ်ဟာ၊ နှာသီးဖျားက ၀င်လေ - ထွက်လေအပေါ် ကောင်းစွာတည်နေချိန်မှာ၊ အနှောင့်အယှက်မရှိဘူးလို့ ဆိုလိုပါတယ်။ ကာမဂုဏ်အာရုံ၊ စိတ်ဆိုးစိတ်ညံ့၊ ပျင်းရိထိုင်းမှိုင်းမှု၊ ထိပ်လန့်မှု၊ နောင်တ၊ သံသယ စတဲ့ စိတ်အခြေအနေတွေကို အနှောင့်အယှက်လို့ ခေါ်ပါတယ်။ ရှုမှတ်စိတ်ဟာ၊ အရှုခံအာရုံဖြစ်တဲ့ ၀င်လေ - ထွက်လေ ပေါ်မှာသာ တည်မြဲစူးစိုက်နေတာကြောင့်၊ အဲဒီအနှောင့်အယှက် တွေဟာ စိတ်ထဲဝင်မလာနိုင်ပါဘူး။ အာရုံစူးစိုက်မှုဟာ စိတ်အညစ်အကြေးတွေကို ဖယ်ရှားပစ်ပါတယ်။ ရှုမှတ်စိတ်ဟာ ၀င်လေ - ထွက်လေ အပေါ် နက်နက်ရှိုင်းရှိုင်း အာရုံစူးစိုက်နေသရွေ့၊ စိတ်ထဲမှာ ဘာအနှောင့်အယှက်မှ မရှိပါဘူး။
             ဒီလိုနဲ့ စိတ်ဟာ တည်ငြိမ်၊ တိတ်ဆိတ်၊ ငြိမ်သက်၊ အေးချမ်း၊ ကြည်လင်လာပါမယ်။ ၀င်လေ - ထွက်လေကို စူးစိုက်ရှုမှတ်နေသရွေ့ ငြိမ်းအေးမှုကို ခံစားကျေနပ်နေပါလိမ့်မယ်။ ဒါကို ဈာန် (သို့) ဈာန်ဝင်စားခြင်း လို့ခေါ်ပါတယ်။ အရှုခံ ၀င်လေ - ထွက်လေအပေါ် စိတ်ဟာ ကောင်းစွာ တည်မြဲနေပါပြီ။ ဒါပေမယ့်၊ အရှုခံအာရုံအပေါ် စိတ်ဟာ အပြည့်အ၀ စူးစိုက်တည်မြဲနေသော်ငြားလည်း၊ တခြားသော စိတ်အခြေအနေတွေနဲ့ ခန္ဓာရဲ့ဖြစ်စဉ်တွေကိုတော့ သူ့သဘာဝမှန်အတိုင်း၊ မသိရှိနိုင်ပါဘူး။ သမထ ဘာဝနာဟာ အာရုံစူးစိုက်မှုမျှသာ ဖြစ်ပြီး၊ အမှန်အတိုင်းသိမြင်သော ဘာဝနာ မဟုတ်ပါဘူး။
           တခြားနည်းကတော့၊ ၀ိပဿနာ ဘာဝနာ ဖြစ်ပါတယ်။ ၀ိပဿနာဆိုတာ၊ ရုပ်တရား နာမ်တရားရဲ့ လက္ခဏာ သုံးပါးကို အမှန်တိုင်း သိမြင်ခြင်း ဖြစ်ပါတယ်။ လက္ခဏာသုံးပါးကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပါတယ်။ မိမိ စိတ်နဲ့ခန္ဓာမှာ ဖြစ်ပေါ်တာမှန်သမျှကို၊ ဖြစ်ဆဲအခိုက်အတန့်မှာ၊ အရှိအတိုင်း သိမြင်အောင် သတိကပ်ပြီးကြည့်နေမှသာ၊ ရုပ်တရား နာမ်တရားတို့ရဲ့ လက္ခဏာသုံးပါးကို သိမြင်နိုင်မှာ ဖြစ်ပါတယ်။
           မမြဲခြင်း ( အနိစ္စ )၊ ဆင်းရဲခြင်း ( ဒုက္ခ )၊ အစိုးမရခြင်း ( အနတ္တ ) အချင်းအရာတို့ကို၊ ရှုမှတ်သူက သေချာစွာ သိမြင်နိုင်မှသာ၊ စိတ်အညစ်အကြေးတွေဖြစ်တဲ့ လောဘ၊ ရမ္မက်၊ တဏှာ၊ သံယောဇဉ်၊ ကာမဂုဏ်အာရုံ၊ စိတ်ယုတ်၊ မောဟ၊ မာန၊ မစ္ဆရိယ စတာတွေကို ချေဖျက်နိုင်မှာ ဖြစ်ပါတယ်။ "ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး" လို့ ပညတ်ထားတဲ့၊ ရုပ်တရား နာမ်တရားတို့ရဲ့ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့ကို သိမြင်မှသာ၊ ရုပ်တရား နာမ်တရားတို့ဟာ "ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး" မဟုတ်မှန်း သိလာမှာ ဖြစ်ပါတယ်။ ဒီအခါမှာ၊ စိတ်အညစ်အကြေး ကိလေသာများရဲ့ အရင်းအမြစ် ဖြစ်တဲ့၊ "ငါ" "အတ္တ" အယူအဆတို့ကို ဖယ်ရှားပြီး ဖြစ်သွားပါတယ်။ "ပုဂ္ဂိုလ်၊ သတ္တ၀ါ" အစွဲကို ချေဖျက်ပြီးချိန်မှာ၊ လောဘ၊ ဒေါသ စတဲ့ကိလေသာအညစ်အကြေးများထပ်မံမပေါ်ပေါက်တော့တာကြောင့်၊ပျော်ရွှင် ငြိမ်းချမ်းလာမှာ ဖြစ်ပါတယ်။ ဒါဟာ ၀ိပဿနာ ဘာဝနာ ဖြစ်ပါတယ်။
အရဟံ ဂုဏ်တော်
အရဟံ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
- စိတ်ကို ပူလောင်စေတတ်တဲ့ သဘောတွေ၊ စိတ်ကိုညစ်နွမ်းစေတတ်တဲ့ ဓါတ်တွေကို ကိလေသာလို့ ခေါ်ပါတယ်။
လောဘ၊ ဒေါသ၊ မာန၊ မစ္ဆရိယ .... အစရှိတဲ့
ဓါတ်ဆိုးဓါတ်ယုတ် ဓါတ်ပုပ် ဓါတ်ညံ့တွေဟာ .. ကိလေသာတွေပါ။
မြတ်စွာ ဘုရားရှင်မှာ အဲ့ဒိ ကိလေသာ အညစ်အကြေးတွေ လုံးဝ မရှိ ၊ ကင်းစင်တော်မူတယ် ဆိုတာကို ထပ်တလဲလဲ အာရုံပြုနေရင် ...
ကိုယ့်စိတ်လည်း ... အပူတွေ ကင်းရှင်းပြီး .. စိတ်အေးသန့်ရှင်းကာ ... ငြိမ်းချမ်းမှု ရစေနိုင်ပါတယ်။
အရဟံ ဆိတ်ကွယ်ရာအရပ်ပင်ဖြစ်သော်လည်း မကောင်းမှု တရားတို့ကို ပြုတော်မမူ၊ စိတ်တော်ကပင် ကြံစည်တော်မမူသော မြတ်စွာဘုရား။
- မကောင်းမှုပြုတယ်ဆိုတာ စိတ်မှာ ကိလေသာရှိလို့ပြုတာပါ။ ကိလေသာမှန်သမျှ လုံးဝ မရှိတော့တဲ့ မြတ်စွာဘုရားရှင်ဟာ ဆိတ်ကွယ်ရာအရပ်မှာ တောင် မကောင်းမှုကို မပြု၊ မကြံစည်တော့ ပါဘူး။
ဒီဂုဏ်ကို အမြဲ သတိရနေတဲ့ သူဟာ မကောင်းမှုပြုမယ်ကြံတိုင်း အလိုလို စိတ်တွန့်ဆုတ်ပြီး မကောင်းမှု အတော်များများကို ရှောင်ကြဉ်ဖြစ်သွားပါလိမ့်မယ်။
အရဟံ ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရား။
- ထိုကဲ့သို့ ကိလေသာ တွေ ကင်းစင်တော်မှု၍ ပူဇော်ထိုက်တဲ့ အရည်အချင်းတွေ ရှိလို့ မြတ်စွာဘုရားရှင်ဟာ ... လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံး
ရဲ့ ပူဇော်ခြင်းအထူးကို ခံယူထိုက်ပါခြင်းဖြစ်ပါတယ်။
စိတ်ဓါတ်စင်ကြယ်တာ၊ အသိဥာဏ်တွေကြီးကျယ်တာ၊ အများအကျိုးသယ်ပိုးတာတွေဟာ.. ပူဇော်ထိုက်တဲ့ အရည်အချင်းတွေပဲပေါ့။
ဒီဂုဏ်ကို ပွားရင်း ကိုယ့်ကိုယ်ကို ပူဇော်ထိုက်တဲ့ သူ၊ ကူညီထိုက်တဲ့သူ၊ ချီးမြှောက်ထိုက်တဲ့သူ၊ အများအကျိုး သယ်ပိုးတတ်သူဖြစ်အောင် ...
ကြိုးစားဖြည့်ဆည့်နေလျှင် .. သူတကာ ပူဇော်ထိုက်တဲ့ အရည်အချင်းကောင်းတွေ ရနေမှာ ဖြစ်ပါတယ်။
ဤသို့ဖြင့် .. အရဟံ ဂုဏ်တော်ကို ပွားရရခြင်းကောင်းမှုကံ စေတနာတို့ကြောင့် ....
- စိတ်ကို ညစ်နွမ်းစေတတ်၊ ပူလောင်စေတတ်သော အရာများမှ ကင်းငြိမ်းကာ .. စိတ်အေးချမ်းသာမှုများ ရရှိပိုင်ဆိုင်နိုင်ပါစေ ..
- မကောင်းမှုတရားတို့ မှ ... ရှောင်ကြဉ်၍ .... မိမိကိုယ်ကို စောင့်ရှောက်ရင်း .. တပါးသူတို့အားလည်း စောင့်ရှောက်နိုင်သူဖြစ်ကြပါစေ ...
- သူတကာ၏ ပူဇော်ထိုက်တဲ့သူ၊ အားကိုးထိုက်တဲ့သူ၊ လေးစားစွာ ဆက်ဆံခံ၊ ချီးမြှောက်ခံရတဲ့ သူတွေဖြစ်နိုင်ကြပါစေ ..လို့ ..
အရဟံ ဂုဏ်တော်နှင့်တကွ .. ဆုမွန်ကောင်းနှင့် မေတ္တာများပို့သပေးလိုက်ပါကြောင်း ... ။
ထေရဝါဒ အဖွဲ.မှ ..ဝေ.. ရဲ. ပို.စ်လေးကို ပြန်လည်မျှဝေပါတယ် ခင်ဗျာ ...
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝိပဿနာလမ်းနှင့် နိဗ္ဗာန်သွားနိုင်ပုံ တရားတော်
သာမညဆ၇ာတော်ဘုရားကြီး
ဝိပဿနာရှုသော ပုဂ္ဂိုလ်တို့ ၏ မှတ်တိုင်တရားတော်
ဝိပဿနာရှုနည်းအမေးအဖြေ
ဓမ္မယောဂီ တရားဖြင့်သေခြင်း
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပုံတော်နဲ့ ဓာတ်တော်များ
Sunday, 12 February 2012
Mahar buddhawin
မသေခင်ဖြည့်ဆည်းရမည့် ဘဝအရည်အသွေးများ
> မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “*ပုရောဘေဒ သုတ္တန်*”
> မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား
> ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ်
> ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး
> ချုပ်ပြီး ပြောပြချင်ပါတယ်။
> မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ
> နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး
> လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။
> ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ
> တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန်
> တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး
> ဖြစ်အောင် လုပ်ရပါမယ်။
> မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ
> ပါမယ်။ ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊
> ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။
> နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို
> စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊
> ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။
> ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ
> မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ
> လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာ မို့လဲ။
> လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ
> စိတ် ပူပန်နေတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး
> လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ
> ကောင်းနေပါပြီ။
> နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့
> ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ
> ရှိမလာနိုင်ပါဘူး။
> မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း
> အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့ အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ
> ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်
> ရပါမယ်။
> ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော်
> တပ်မက်နေတာမျိုးလည်း လုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့
> ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို
> ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။
> ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း
> ကင်းရှင်းနေရ ပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း
> မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲ ဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။
> ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ
> ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း
> အစစ်ပါ။
> ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး
> လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊
> လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင်
> ဆိုးနေတာပါပဲ။
တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ ရွှေဥမင်ဆရာတော်ကြီး
၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့
စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊
လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ၊
၂။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊
ပျက်အောင်လည်း မလုပ်နဲ့ ၊
ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ။
၃။ ဖြစ်အောင်လုပ်ရင် လောဘ ၊
ပျက်အောင်လုပ်ရင် ဒေါသ ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ။
၎။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ, သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ။
၅။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ် ။
၆။ ကောင်းတာလည်း ရှုရမှာပဲ ၊
ဆိုးတာလည်း ရှုရမှာပဲ ၊
၇။ ကောင်းတာမှ လိုချင်တယ်
မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင် တရားပါ့မလား ။
၈။ မျှော်လင့်ချက် မပါစေနဲ့
လိုချင်တာ မပါစေနဲ့
ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ။
၉။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ။
၁၀။ စိတ်က ပင်ပန်း ဆင်းရဲနေရင် တရားအားထုတ်တာ တခုခုလိုနေပြီ ။
၁၁။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ။
၁၂။ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင်
တရားအားထုတ်မှုကို ပြန်စစ်ဆေးကြည့်သင့်တယ်၊
မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ။
၁၃။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ ။
စဉ်းစားနေတာ, ဆင်ခြင်နေတာ, ဝေဖန်နေတာ မဟုတ်ဖူး ။
၁၄။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ အဖတ်တင်မယ် ။
၁၅။ တရားအားထုတ်တဲ့စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ။
၁၆။ စိတ်ရော ကိုယ်ရော သက်တောင့်သက်သာရှိရမယ်၊
၁၇။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှ တရားအားထုတ်လို့ ရတယ် ။
၁၈။ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်းဆိုးဆိုး
ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ ။
၁၉။ စိတ်က ဘာလုပ်နေလဲ
တွေးနေသလား, သိနေသလား ။
၂၀။ စိတ်က ဘယ်ရောက်နေလဲ
အတွင်းမှာလား, အပြင်မှာလား ။
၂၁။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်က
သေချာသိလား, အပေါ်ယံသိလား ။
၂၂။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊
ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ။
၂၃။ အတွေးကို ပြဿနာ မရှာနဲ့
မတွေးအောင် လုပ်နေတာ မဟုတ်၊
တွေးရင် တွေးမှန်းသိအောင် လုပ်နေတာ ။
၂၄။ အာရုံကို ပယ်ရမှာ မဟုတ် ၊
အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကို သိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ။
၂၅။ သဒ္ဓါရှိမှ ၀ီရိယ ရှိမယ်၊ ၀ီရိယ ရှိမှ သတိမြဲမယ်၊
သတိမြဲမှ သမာဓိ တည်မယ်၊ သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊
အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ။
၂၆။ ပစ္စုပ္ပန်တည့်တည့်ကိုသာ သတိထားနေရမယ်၊
အတိတ်ကိုလည်း မပြန်နဲ့ ၊ အနာဂတ်ကိုလည်း မကြံနဲ့ ။
၂၇။ အာရုံက အရေးမကြီးဘူး ၊
အနောက်က အလုပ်လုပ်နေတဲ့ စိတ်က ပိုအရေးကြီးတယ် ၊
ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာပဲ ။
ဆဋ္ဌသံဂါယနာတင်
International Theravada Buddhist Missionary school professor Dr.Nandamalabhivansa
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ
သီတဂူဆရာတော် ဦးဉာဏိဿရ
ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ
ဓမ္မပူဇာတေးများနားဆင်ရန်
မိဘမေတ္တာ ဖော်ကျူး ရေဒီယို အစီအစဉ်
တစ်ဘဝ သာသနာ ကျမ်းပြုအကျော် ဆရာတော် ဦးဃောသိတ(မိုးကုတ် မဟာကမ္မဋ္ဌာနာစရိယ)
(နဝမ) ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ ရေဒီယိုအစီအစဉ်
Ashin Za Wa Na မေတ္တာရှင် ရွှေပြည်သာဆရာတော် အရှင်ဇဝန
သဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ
(၈)ရက်ဆက်တိုက် အသံမစဲမဟာပဋ္ဌာန်းရွက်ဖတ်ပူဇော်ပွဲ ရေဒီယို
မိုးကုတ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလမဟာထေရ်
နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား
မေး။     ။ ဆရာတော်ဘုရား ... တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။
ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။
ဖြေ။     ။ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတာ  ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါတယ်။ ဘာမှ
မရှိတာကို နိဗ္ဗာန်လို့ မခေါ်ပါဘူး။
အဘာဝပညတ် လို့ ခေါ်ပါတယ်။  
နိဗ္ဗာန်ဟာ ကောင်းကင်မှာ မရှိပါဘူး။ ဘယ်မှာမှ မရှိပါဘူး။ နိဗ္ဗာန်ဟာ အမှန် ရှိပါတယ်။ သို့သော် ဘယ်မှာမှ မရှိပါဘူး။ နားထွေးသွားပါသလား။
ဆိုလိုတာက ဆင်းရဲမရှိခြင်းဆိုတဲ့ အငြိမ်းဓာတ်ကြီးဟာ တည်ရာဌာန မရှိပါဘူး။ ဒီ  
သဘာဝကြီးဟာ အကြောင်း တစုံတရာကြောင့် ဖြစ်ပေါ်လာတဲ့ (သင်္ခတ)သဘာဝ မဟုတ်ပါဘူး။
မူလကတည်းက သဘာဝအလျောက် ရှိနေတဲ့ အရှိ(အသင်္ခတ) သဘာဝကြီးပါ။
ဒီနေရာမှာ သင်္ခတနဲ့ အသင်္ခတရဲ့ အဓိပ္ပာယ်ကို သဘောမပေါက်သေးသူများအတွက် အနည်းအကျဉ်း ရှင်းပြဖို့ လိုမယ် ထင်ပါတယ်။
‘သင်္ခတ’ဆိုတာ “အကြောင်းတို့ စုပေါင်း ပြုလုပ်ပေးလို့ ဖြစ်ပေါ်လာတဲ့ တရား” လို့  
ဆိုလိုပါတယ်။
တိုတိုရှင်းရှင်း ပြောရရင် “အကြောင်းကြောင့် ဖြစ်တဲ့ တရားဟာ သင်္ခတတရား”ပါပဲ။
ရုပ်နဲ့နာမ်ကို သက်ဆိုင်ရာအကြောင်းတွေကြောင့် ဖြစ်ပေါ်လာတာမို့ ‘သင်္ခတတရား’လို့
ခေါ်ရပါတယ်။
မဖောက်မပြန် အမှန်တကယ် ရှိတဲ့ တရားများဖြစ်လို့ “သင်္ခတပရမတ်”တရားများလို့  
ခေါ်ရပါတယ်။
သို့သော်လည်း အကြောင်းကြောင့်ဖြစ်တဲ့ ‘အဖြစ်တရား’များမို့ သူတို့ဟာ ပျက်ပါတယ်။
ဘာကြောင့် ပျက်သလဲဆိုတာ့ ဖြစ်လို့ ပျက်တာပါပဲ။
ဒါကြောင့် ‘သင်္ခတနယ်’ ဟာ ဖြစ်ပျက်နယ်ပါ။  
ဖြစ်ပျက်နယ်ထဲမှာ ရှိလို့ သင်္ခတဖြစ်တဲ့ ရုပ်နာမ်မှန်သမျှဟာ ဖြစ်ပျက်ဆင်းရဲ
သင်္ခါရဒုက္ခချည်းပါပဲ။
‘အသင်္ခတ’ ဆိုတာကတော့ သင်္ခတရဲ့ ပြောင်းပြန် သဘာဝပါ။  
“အကြောင်းတို့ စုပေါင်း မပြုလုပ်အပ်တဲ့ သဘာဝ”လို့ ဆိုလိုပါတယ်။  
တိုတိုရှင်းရှင်း ပြောရရင် “အကြောင်းကြောင့်ဖြစ်တဲ့ အဖြစ်တရား မဟုတ်ဘူး”လို့
ဆိုလိုပါတယ်။
အဖြစ်တရားမဟုတ်တဲ့ ဒီ အသင်္ခတ သဘာဝဟာ မဖောက်မပြန် အမှန်တကယ် ရှိတဲ့ တရားဖြစ်လို့ မူလ သဘာဝ အနေနဲ့ ရှိနေတဲ့ “အရှိပရမတ်”တရားပါ။ “အသင်္ခတပရမတ်”ပေါ့။
အဲဒီ အရှိတရားဟာ ဘာလဲဆိုတော့ သူဟာ သင်္ခတရဲ့ ပြောင်းပြန်သဘောဖြစ်လို့ သင်္ခတ ခေါ်တဲ့ ရုပ်နာမ်ငြိမ်းနေခြင်း၊ ရုပ်နာမ် မရှိခြင်း သဘောပါပဲ။
ရုပ်နဲ့နာမ် ရှိနေသမျှ ဆင်းရဲနေတယ်။ ရုပ်နာမ်ငြိမ်းသွားတော့ ဆင်းရဲ မရှိတော့ဘူး။
အဲဒီ ဆင်းရဲငြိမ်းနေတာဟာ တကယ်ရှိတဲ့ အရှိသဘာဝပါပဲ။  
ဒါကိုပဲ နိဗ္ဗာန်လို့ ခေါ်ရပါတယ်။
အဲဒါဟာ အသင်္ခတတရားပါပဲ။
ဒီ ဆင်းရဲငြိမ်းနေတဲ့ ဆင်းရဲကင်းနေတဲ့ သဘာဝဟာ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝမို့  
သူဟာ အကြောင်းကြောင့် ဖြစ်တာ မဟုတ်လို့ သူ့ကို အသင်္ခတလို့ ခေါ်ရပါတယ်။
အဖြစ်တရား မဟုတ်၊ အရှိတရားလို့ ဆိုလိုပါတယ်။
အရှိတရားဖြစ်လို့ မဖြစ်တဲ့အတွက် ပျက်လည်း မပျက်ပါဘူး။
ဒါကြောင့် အသင်္ခတနယ်လို့ ခေါ်တဲ့ နိဗ္ဗာန်ဟာ ဖြစ်ပျက်နယ်ကို လွန်မြောက်နေပြီဖြစ်လို့ ဆင်းရဲမရှိဘဲ ဆင်းရဲငြိမ်းနေပါတယ်။
ဒီတော့ အကျဉ်းချုပ်လိုက်ရင် သင်္ခါရလို့လည်း ခေါ်တဲ့ သင်္ခတအဖြစ်တရားများဟာ ဖြစ်ပျက်  
မကင်းလို့ ဆင်းရဲတယ်။
အသင်္ခတ ခေါ်တဲ့ အရှိတရားဟာ ဖြစ်ခြင်းပျက်ခြင်း မရှိလို့ ဆင်းရဲငြိမ်းတယ်။ ဒါကိုပဲ
နိဗ္ဗာန်လို့ ခေါ်ပါတယ်။
ဒါကြောင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော် (စာ-၁၅) မှာလည်း -  
“ဥပ္ပါဒေါ - အဖြစ်တရားသည်၊
သင်္ခါရာ - ရုပ်နာမ်သင်္ခါရတို့ပေတည်း။
အနုပ္ပါဒေါ - မဖြစ်တရား (အရှိတရား)သည်၊
နိဗ္ဗာနံ - နိဗ္ဗာန်ပေတည်း။” လို့ အဖြစ်တရားနဲ့ အရှိတရားကို ခွဲခြား
မိန့်တော်မူခဲ့တာပါပဲ။
ဒီ ဆင်းရဲငြိမ်းတဲ့ သဘာဝ အရှိပရမတ်တရားဟာ တည်ရာ ဌာန မရှိလို့ ဘယ်နေရာမှာ  
ရှိတယ်လို့ ပြောမရသလို အဖြစ်တရား မဟုတ်လို့ ဘယ်အချိန် ဘယ်ကာလက ဖြစ်တယ်လို့လည်း
ပြောလို့ မရပါဘူး။
ဒါကြောင့် အပတိဋ္ဌ = တည်ရာဌာန မရှိတဲ့ တရား၊ ကာလဝိမုတ္တ = အတိတ် အနာဂတ်  
ပစ္စုပ္ပန်ဆိုတဲ့ အချိန်ကာလမှ လွတ်တဲ့ တရားပါ။ ( Nibbanna is beyond time and
space. )
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စတဲ့ တရားတွေဟာ သတ္တဝါကို ပူလောင်စေတဲ့ တရား၊  
ဆင်းရဲစေတဲ့ တရားတွေပါ။ ဒါကြောင့် သူတို့ကို ကိလေသာလို့ ခေါ်ပါတယ်။
ဒီ ကိလေသာတွေ ရှိနေသမျှ ဆင်းရဲနေတာပါပဲ။
ဒီ ကိလေသာတွေ မရှိရင် ဆင်းရဲငြိမ်းပြီး ချမ်းသာတော့တာပါပဲ။
ဒါကြောင့် ကိလေသာငြိမ်းခြင်းဟာ ဆင်းရဲငြိမ်းခြင်း = နိဗ္ဗာန်ပါပဲ။
ကိလေသာငြိမ်းသော်လည်း ရုပ်နဲ့နာမ်တချို့က ရှိနေသေးတော့ ဖြစ်ပျက်ဆင်းရဲ =  
သင်္ခါရဒုက္ခ ကျန်နေပါသေးတယ်။
အဲဒီ ရုပ်နာမ်သင်္ခါရတွေ အဖြစ်ရပ်ပြီး နောက်ထပ် မဖြစ်တော့ဘဲ သင်္ခါရဒုက္ခပါ အပြီးသတ်
ငြိမ်းမှပဲ သန္တိသုခ ခေါ်တဲ့ တကယ် အငြိမ်းသဘာဝ နိဗ္ဗာန်ကြီးကို တွေ့ရပါတယ်။
လောကမှာ မီးမရှိဘဲ အေးနေတဲ့ သဘာဝဟာ မူလကတည်းက ရှိနေတဲ့ အရှိသဘာဝပါ။  
သို့သော်လည်း မီးရှိနေတဲ့အခါမှာတော့ မီးမရှိဘဲ အေးနေတဲ့ သဘာဝကို မတွေ့နိုင်
မသိနိုင်ပါဘူး။
မီးငြိမ်းသွားတဲ့အခါကျတော့မှပဲ မူလကတည်းက ရှိနေတဲ့ ဒီအေးတဲ့ သဘာဝကို သေသေချာချာ
တွေ့ရသိရပါတယ်။
အဲဒီအတိုင်းပဲ ဒီ ဆင်းရဲငြိမ်းတဲ့ သဘာဝ၊ ဆင်းရဲမရှိတဲ့ သဘာဝကြီးဟာ မူလကတည်းက  
ရှိနေတဲ့ အရှိသဘာဝကြီးပါ။
ရုပ်နာမ်သင်္ခါရ အဖြစ်ရပ်သွားမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။
တစ်ဘက်က ဆင်းရဲရှိနေသလို တခြားတစ်ဘက်ကလည်း ဆင်းရဲငြိမ်းတဲ့ ဆင်းရဲမရှိတဲ့
သဘာဝဟာ ရှိနေပါတယ်။
သို့သော်လည်း ရုပ်နာမ်သင်္ခါရတွေ ဖြစ်နေခိုက်မှာတော့ ရုပ်ဆင်းရဲ နာမ်ဆင်းရဲ
သင်္ခါရဆင်းရဲတွေက ဖုံးကွယ်ထားလို့ ဆင်းရဲမရှိတဲ့ သဘာဝကြီးကို မဆိုက်ရောက်နိုင်
မသိနိုင်ဘဲ ဖြစ်နေတာပါ။
ရန်ကုန်ကနေ မန္တလေးအမြန်ရထား စီးသွားတော့ လမ်းဆုံးရင် မန္တလေးမြို့ကြီးကို  
ရောက်တယ်။
ဒီတော့ ရထားဆိုက်မှပဲ မန္တလေးမြို့ကြီး ဖြစ်ပေါ်လာသလားဆိုတော့ မဟုတ်ပါဘူး။
အများသိတဲ့အတိုင်းပဲ မန္တလေးမြို့ကြီးက အရင်ကတည်းက ရှိနေတာမဟုတ်လား။
(ဟုတ်ပါတယ် ဘုရား)
အဲဒီအတိုင်းပဲ ဆင်းရဲမရှိတဲ့ သဘာဝကြီးဟာလည်း အကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့  
အဖြစ်တရား (သင်္ခတ) မဟုတ်။ မူလကတည်းက ရှိနေတဲ့ အရှိတရား (အသင်္ခတ)ပဲ။ မဂ္ဂင်ရှစ်ပါး
ယာဉ်ရထားကို လမ်းဆုံးအောင် စီးသွားနိုင်တဲ့ လူကတော့ လမ်းဆုံးရင် အသင်္ခတ သဘာဝ
အငြိမ်းဓာတ်ကို ဆိုက်ရောက်သွားမှာပဲ။
တကယ်လို့သာ နိဗ္ဗာန်ဟာ အကြောင်းတစုံတရာကြောင့် ဖြစ်တဲ့ သဘာဝဆိုရင် ပျက်ရတာ  
ဓမ္မတာဖြစ်လို့ နိဗ္ဗာန်ကိုလည်း ပျက်တယ်လို့ ဆိုရာ ရောက်ပေလိမ့်မယ်။
ဒီလိုဆိုရင် နိဗ္ဗာန်ဟာ ဖြစ်တတ်ပျက်တတ်လို့ ဆင်းရဲပင် ဖြစ်နေတဲ့အတွက်
ဆင်းရဲငြိမ်းတဲ့ ချမ်းသာလို့ မဆိုနိုင်ပြန်ဘူး။
တကယ်တော့ နိဗ္ဗာန်ဟာ အရှိသဘာဝဖြစ်လို့ ဖြစ်လည်း မဖြစ်၊ ပျက်လည်း မပျက်ဘူး။  
အဲဒီလို မဖြစ်မပျက်လို့ဘဲ ဆင်းရဲငြိမ်းတဲ့ သဘာဝအနေနဲ့ အမြဲ တည်ရှိနေတာပါပဲ။
ဒါကြောင့် “ဓုဝံ = အမြဲရှိနေတဲ့ သဘော”လို့ ဆိုရပါတယ်။ ပြီးတော့ မဖြစ်တဲ့
သဘာဝမို့ သူ့ကို ဖြစ်ပေါ်အောင် လုပ်ပေးတဲ့ အကြောင်းတရားလည်း မရှိဘူး။
ဒါဖြင့်ရင် မဂ္ဂရှစ်ပါးဟာ နိဗ္ဗာန်ရဲ့ အကြောင်းတရား မဟုတ်ဘူးလား။  
မဂ္ဂင်ရှစ်ပါး ကျင့်ကြံပွားများမှ ဆင်းရဲငြိမ်းတာဆိုတော့ မဂ္ဂင်ရှစ်ပါးဟာ
ဆင်းရဲငြိမ်းခြင်း ဆိုတဲ့ နိဗ္ဗာန်ရဲ့ အကြောင်းတရားပေါ့လို့ စောဒကတက်စရာ
ရှိပါတယ်။
အဖြေကတော့ မဂ္ဂင်ရှစ်ပါး ပွားများမှ ဆင်းရဲငြိမ်းတာ မှန်ပါတယ်။  
ဒါကြောင့် မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်ရဲ့ အကြောင်းတရားဆိုတာလည်း မှန်ပါတယ်။
သို့သော်လည်း မဂ္ဂင်ရှစ်ပါး ပွားခြင်းက ဆင်းရဲငြိမ်းခြင်းကို ဖြစ်စေတာ
မဟုတ်ပါဘူး။
မဂ္ဂင်ရှစ်ပါး ပွားခြင်းကြောင့် ဆင်းရဲငြိမ်းတဲ့ ဆင်းရဲမရှိတဲ့ သဘာဝကို
ဆိုက်ရောက်သွားခြင်းသာ ဖြစ်ပါတယ်။
မီးရထားစီးသွားလို့ မူလကတည်းက ရှိနေတဲ့ မန္တလေးမြို့ကြီးကို ရောက်သွားသလိုပါပဲ။
ဝိသုဒ္ဓိမဂ် (ဒု၊ ၁၄၀)မှာ “ပတ္တဗ္ဗမေဝ ဟေတံ မဂ္ဂေန၊ န ဥပ္ပါဒေတဗ္ဗံ = ဤ နိဗ္ဗာန်ကို  
မဂ်သည် ရောက်အပ်သည်သာလျှင် ဖြစ်၏။ ဖြစ်စေအပ်သည်ကား မဟုတ်ပေ။”လို့
မိန့်ဆိုထားပါတယ်။
ပိုရှင်းအောင် ပြောရရင် မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်ကို ဖြစ်စေတဲ့ အကြောင်း  
(=ဇနကဟိတ်) မဟုတ်။
နိဗ္ဗာန်ကို ရောက်စေတဲ့ အကြောင်း (=သမ္ပာပကဟိတ်)သာ ဖြစ်ပါတယ်။
ဒါကြောင့် နိဗ္ဗာန်ကို ဖြစ်စေတဲ့အကြောင်း မရှိလို့ နိဗ္ဗာန်ဟာ အဖြစ်တရား (သင်္ခတ)  
မဟုတ်။
အရှိတရား (အသင်္ခတ)သာ ဖြစ်ပါတယ်။
ဖြစ်တဲ့တရား မဟုတ်လို့ ပျက်လည်း မပျက်ပါဘူး။
ဒါကြောင့် ဓုဝံ = အမြဲ ရှိနေတဲ့ ဆင်းရဲငြိမ်းခြင်း သဘာဝကြီးပါ။
ဆင်းရဲ မရှိဘဲ ဆင်းရဲငြိမ်းနေတဲ့ သဘာဝကြီးဟာ အရှိတရား ဖြစ်သော်လည်းပဲ အဲဒီ  
ဆင်းရဲငြိမ်းတဲ့ သဘာဝကို ရဖို့ ဆိုက်ရောက်ဖို့ကတော့ ဖြစ်ပေါ်နေတဲ့ ရုပ်နာမ် ခန္ဓာ
ဆင်းရဲ ငြိမ်းမှပဲ ရနိုင် ဆိုက်ရောက်နိုင်ပါတယ်။
အဲဒီ ရုပ်နာမ်ခန္ဓာ ဆင်းရဲငြိမ်းအောင် ဘယ်လိုလုပ်ရမလဲ။  
အဲဒီ ဆင်းရဲရဲ့အကြောင်းကို ပယ်သတ်ရပါမယ်။
မီးခိုးကို မမြင် မတွေ့ချင်ရင် မီးခိုးရဲ့အကြောင်းဖြစ်တဲ့ မီးကို
ငြိမ်းသတ်ရပါမယ်။
အဲဒီအတိုင်းပဲ ရုပ်နာမ်ခန္ဓာ ဆင်းရဲကို မလိုချင်ရင် အဲဒီ ဆင်းရဲရဲ့အကြောင်းကို
ပယ်သတ်ရမှာပဲ။
ဒီ ရုပ်နာမ်ခန္ဓာ ဆင်းရဲရဲ့ အကြောင်းက လိုချင် တပ်မက် နှစ်သက် တွယ်တာမှု
တဏှာလောဘပဲလို့ မြတ်စွာဘုရား မိန့်ကြားခဲ့ပါတယ်။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာများ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာများ
၁။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။
၂။ ရခဲတဲ့ ဘ၀လေးမှာ အလကား အချိန်တွေ မဖြုန်းပါနဲ့။
၃။ နားကတရားနာပါ၊ ဥာဏ်က ခန္ဓာလှည့်ပါ။
၎။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။
၅။ နားကြီးကြီးနဲ့ တရားနာပါ။
၆။ ၀ိပဿနာ အားထုတ်တဲ့အခါမှာ ကိလေသာ ကြားမခိုစေနဲ့။
၇။ ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာ မဟုတ်ဘူး။ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။
၈။ မိမိ ခန္ဓာထဲမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ် ကို မိမိဥာဏ်နဲ့ ရှင်းအောင် လုပ်ပါ။
၉။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။
၁၀။ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ။
၁၁။ သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ၊ ပညာသိမှ နိဗ္ဗာန် ရောက်မည်။
၁၂။ ရှေ့နောက် ခွဲတတ်ပါစေ၊ မိမိအရေးက ရှေ့ထား၊ သားရေး သမီးရေး စီးပွားရေးက နောက်ထား။
၁၃။ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။
၁၄။ ဒါနက သံသရာ ရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။
၁၅။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။
၁၆။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ။ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါအုံး။
၁၇။ အိုရာက နာရာမရောက်ခင် ၀ိပဿနာ လုပ်ပါ။
၁၈။ အရှိနဲ့ အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၀။ ရှေ့နာမ်ကို နောက်ဥာဏ်နဲ့ ရှုတာ ၀ိပဿနာ။
၂၁။ ၀ိပဿနာ အားမထုတ်ပဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဥာဏ်ကမဦးဘဲ အသေကဦးသွားရင် ကိုယ့်အတွက် နာမယ်။
၂၂။ အသေက ဖြစ်ပျက် အရှင်က မဂ်၊ အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ။
၂၃။ ရှေ့ကဖြစ်ပျက် နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၄။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာ ဖြစ်သည်။
၂၅။ အသေက ဖြစ်ပျက် အရှင်ကမဂ် အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ၀ိပဿနာ။
၂၆။ သူများစိတ် အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်တာမှ အမှန်ရမည်။
၂၇။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၂၈။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၂၉။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၀။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
၃၁။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာ သူ့လမ်းသူ ပြေးနေတော့ မနေ့ကထက် ယနေ့ သေဘို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၂။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။
၃၃။ ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဥာဏ်က နောက်ကျ သွားလိမ့်မယ်။
၃၄။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ။
၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ်ဆိုရင် အသေစောသွားလျှင် ကိုယ်ကျိုးနည်းလိမ့်မယ်။
၃၆။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
၃၇။ ကိစ္စဟူသ၍သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၃၈။ ဒကာ ဒကာမတွေဟာ တဏှာ (လောဘ) ခိုင်းရာကို ကျွန်သဘောက် ပီပီ လုပ်နေကြတယ်။
၃၉။ တဏှာကို အဖော်မလုပ်နဲ့၊ ဥာဏ်ကို အဖော်လုပ်ပါ။
၄၀။ အလကားနေသ၍ အအားနေသ၍ အမှားနေခြင်းသာလို့ မှတ်ပါ။
၄၁။ ဆွေနှင့် မျိုးနှင့် ပစ္စည်းဥစ္စာတွေနှင့် မသိပြုံးပြုံးနေသလောက် သေခါနီးမှာမျက်ရည်ကျရပါလိမ့်မယ်။
၄၂။ ကိုယ့်ကိုကိုယ် သနားရင် ၀ိပဿနာ လုပ်ကြ၊ ကိုယ့်ကိုကိုယ် မသနားရင် သားရေး သမီးရေး စီးပွားရေး လုပ်ကြ။
၄၃။ အသက်ကြီး လေလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊ ဥာဏ်မွဲရင် နိဗ္ဗာန် မရောက်။
၄၄။ ကံကို ဥာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဥာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မယ်။
၄၅။ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးဖြစ်တယ်။
၄၆။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ ယုံကြည်။
၄၇။ ခန္ဓာကြီးရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု ပျက်မှုဘဲရှိတယ်။
၄၈။ ၀ိပဿနာဆိုတာ ခန္ဓာ မလိုချင်အောင် လုပ်တာ။
၄၉။ ဒါနနဲ့သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်။ ၀ိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မယ်။
၅၀။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဥာဏ်အသိ ကိုက်အောင်လုပ်ပါ။
၅၁။ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့။
၅၂။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
၅၃။ ကြားတဲ့တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတာပန် တည်နိုင်တယ်။
၅၄။ ယခုအချိန်ဟာ အားလုံး အဖက်ဖက်မှ ကြုံပြီး ကျွတ်တန်းဝင်ရမဲ့ အချိန်ဘဲလို့ ဆုံးဖြတ်ချက်ချပြီး အလုပ်သာလုပ်ပါ။
၅၅။ ယခုအဖက်ဖက်မှ ကြုံဆုံတဲ့ ကာလကလေးသည် အိုဘေး၊ နာဘေး၊ သေဘေးတွေကို တားနိုင်တဲ့ကာလ၊ ဒီအဘိုးတန်မှတဲ့
ကာလလေးကို သားရေး သမီးရေး စီးပွားရေးတွေနဲ့ချည်း အချိန်မကုန်လွန်ပါစေနှင့်။
၅၆။ တဏှာ (လောဘ) ခိုင်းတိုင်း လုပ်တာသည် အရှက်မရှိလို့။
၅၇။ တဏှာ (လောဘ)ခိုင်းတိုင်း လုပ်လို့ သေလျှင် အပါယ်လေးပါး ရောက်မယ် ဆိုတာလဲကြောက်။
၅၈။ အ၀ိဇ္ဇာ တဏှာ ကိန်းလာရင် ဟိရိသြတ္တပ္ပ (အရှက် အကြောက်) မရှိတော့ဘူး။
၅၉။ သားရေး သမီးရေး အတွက်သာ ဂရုစိုက်လုပ်နေရင် အချိန်အလွဲသုံးစားလုပ်တာဘဲ၊ လူမိုက်အချိန်ဘဲ ဆိုတာ မှတ်လိုက်။
၆၀။ သစ္စာတရားကို နာ၊ ဥာာဏ်က ခန္ဓာကိုလှည့်၊ ပစ္စုပ္ပန်ခန္ဓာ နောက်က ၀ိပဿနာ ဥာဏ်မလိုက်ရင် ဒုက္ခသစ္စာ လိုက်မှာဘဲ။
၆၁။ ခန္ဓာကလောင်စာ (ထင်း)၊ ဇရာ မရဏက (မီး)၊ သံသရာတလျှောက်လုံးမှာ ဘယ်ခန္ဓာရရ လောင်စာနှင့်မီးတွဲနေတာပဲ ရှိတယ်။
၆၂။ လောင်စာသိမ်းပြီး မီးငြိမ်းတာသည် နိဗ္ဗာန်။
၆၃။ လောင်စာသိမ်းပြီး မီးငြိမ်းတဲ့ အလုပ်သည် မဂ္ဂင် အလုပ်ပဲ။
၆၄။ ဒုက္ခသစ္စာကို ပိုင်းခြားသိတာလဲ မဂ်ပဲ၊ သမုဒယသစ္စာ သတ်တာလဲ မဂ်ပဲ၊ နိရောဓ သစ္စာ ရောက်အောင်လဲ မဂ်ပဲ၊ ဒါကြောင့်
မဂ်သည် သုံးကိစ္စ ရွက်ဆောင်တယ်။
၆၅။ အာရုဏ်တက်တာသည် နေထွက်ဖို့ ရှေ့ပြေး၊ ၀ိပဿနာမဂ်သည် လောကုတ္တရာမဂ်၏ ရှေ့ပြေး။
 ၆၆။ ဒါနက သံသရာမလည်၊ အသိမလိုက်လို့ သံသရာ လည်တာမှတ်ပါ၊ သစ္စာ သိပြီးလှူရင် ခန္ဓာကိုယ်ရောင်းလှူပါ။
အပိုင်း(၂) ချမ်းမြေ့ဆရာတော်၏ အလုပ်ပေးတရား
အပိုင်း(၃) ချမ်းမြေ့ရိပ်သာယောဂီများရဲ့ သတိပဌာန်လမင်း
အပိုင်း(၁) လမ်းလျှောက်ရှုမှတ်ပုံနှင့်အသေးစိပ်ရှုမှတ်ပုံအချက်အလက်များ
ပဌာန်း၂၄ ပစ္စည်း
 ၁.
ညောင်ပင် အစရှိသည်တို့၏ အမြစ်သည် ထိုသစ်ပင်တို့အား ပင်စည်ပြန့်ပွားခြင်း၏
အကြောင်းအဖြစ် ကျေးဇူးပြုသကဲ့သို့ လောဘ၊ဒေါသ၊မောဟာ အဒေါသ၊အလောဘ၊
အမောဟ အားဖြင့်ခြောက်ပါးသော ဟိတ်တရားတို့၏ သဟဇာတ် သမ္ပယုတ်ဖြစ်သော
 ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့အား စည်ပင်ပြန့်ပွားကြောင်း၏ အဖြစ်ဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဟေတုပစ္စည်း။ 
၂.
ကြိုးလွန်၊ တောင်ဝှေး အစရှိသည် သည် မစွမ်းနိုင်သူလူအပေါင်းအား ဆွဲရာ၊ ထောက်ရာ
အားဖြင့် ကျေးဇူးပြုသကဲ့သို့ ရူပါရုံအစရှိသော အာရုံခြောက်ပါး ပစ္စည်းတရားတို့၏
လေးပါးသော နာမက္ခန္ဓာတို့အား ဆွဲရာ၊ ထောက်ရာ၊ အာရုံပြုရာအားဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသော အာရမ္မနပစ္စည်း
၃.
လေးကျွန်းသနင်း သကြာမင်းသည်၊ စက်တွင်းအာဏာ၊ ပိုင်ထိုက်ရာဟူ၊ ခပ်သိမ်းလူကို၊
ပြိုင်သူဝေးကွာ၊ အာဏာလွမ်းမိုး၊ အစိုးရခြင်းဖြစ်သကဲ့သို့၊ အလေးအမြတ်ပြုစေအပ်သည်၊
ခြောက်ရပ်အာရုံ၊ လေးစုံသော ဆန္ဒ-စိတ္တ-ဝီရိယ-ဝီမံသ တို့၏ မိမိဆိုင်ရာ၊ နာမ်ခန္ဓာနှင့်၊
သဟဇာတ်မှန်၊ နာမ်ရုပ်များစွာ၊ ငါးခန္ဓာကို၊ အာဏာလွမ်းမိုး၊ အစိုးရခြင်းဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသည့် အဓိပတိပစ္စည်း။
၎.
စတုဒီပ၊ စက္ကိန္ဒသည် သားလှသည်းချာ သြရသာကို နန်းလျာထီးဖြူ ဆောင်းနှင်းမူလျက်
နတ်ရွာတက်၏ သို့၊ ပဋိသန္ဓေ အစရှိသော ရှေးရှေးသော နာမက္ခန္ဓာတို့၏ ထင်ရှားမရှိ
ချုပ်လေခြင်းဖြင့် ပထမဘဝင်အစရှိသော နောက်နောက်သော နာမက္ခန္ဓာတို့အား
မိမိ၏ အခြားမဲ့ ၌ ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော အနန္တရပစ္စည်း။
၅.
လေးကျွန်းရောင်ရှိန်၊ တောက်လောင်ထိမ်သည့် ဘူမိန္ဒရာဇ် စောသနစ်၏ ချစ်သားသြရသာ
ဥပရာကို နန်းလျာဆောင်နှင်း အလှည့်သွင်းလျက် တောထွက်ခြင်းအမှု့သည်
ထိုသားကြီးရတနာအား မင်းအဖြစ်ကိုရ စေခြင်းငှာကျေးဇူးပြုသကဲ့သို့ နောက်နောက်သော
နာမက္ခန္ဒာတို့အား ဖြစ်ခွင့်ပေးသော ရှေးရှေးသော နာမက္ခန္ဒာတို့၏ ချုပ်ပျောက်ခြင်းဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှိသော သမနန္တရပစ္စည်း။
၆.
ဆီမီးတောက်သည် မိမိတောက်ထွန်းသည်နှင့် တစ်ပြိုင်နက် အလင်းရောင်ဖြစ်စေသကဲ့သို့၊
ဝေဒနက္ခန္ဓာ အစရှိသည်တို့၏ သဟဇာတ်ရုပ်နာမ်တရားတို့အား လည်းကောင်း၊ ပထဝီအစရှိသော
မဟာဘုတ်တို့၏ ကြွင်းသော မဟာဘုတ်ဥပါဒါရုပ်တို့အားလည်းကောင်း၊ မိမိနှင့် မရှေးမနှောင်း
တစ်ပေါင်းတည်းဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်း လက္ခဏာရှိသော သဟဇာတပစ္စည်း။
၇.
အခြေလေးခု၊ အခြေနှစ်ခုရှိသော သတ္တဝါတို့၏ ထို အခြေလေးခု အခြေနှစ်ခုတို့သည်
အချင်းချင်း တစ်ချောင်းသည် တစ်ချောင်းအား အပြန်အလှန်အထောက်အပံ့ဖြစ်၍
ကျေးဇူးပြုသကဲ့သို့ ၊နာမက္ခန္ဒာလေးပါးတို့၏ လည်းကောင်း၊ မဟာဘုတ်လေးပါးတို့၏
လည်းကောင်း၊ ပဉ္စဝေါကာရ ပဋိသန္ဓေ နာမက္ခန္ဒာနှင့် ဟာဒယ ဝတ္ထုတို့၏ လည်းကောင်း
အချင်းချင်း တစ်ပါးသည် တစ်ပါးအား အပြန်အလှန်အထောက်အပံ့ဖြစ်၍
ကျေးဇူးပြုခြင်းလက္ခဏာရှိသော အညမညပစ္စည်း။
၈.
မြေကြီးအစရှိသည်သည် သစ်ပင်နွယ် သတ္တဝါတို့၏ မှီရာဖြစ်သကဲ့သို့၊ စက္ခုအစရှိသော
ခြောက်ပါးသောဝတ္ထုရုပ်တို့၏ စက္ခုဝိညာဏ် အစရှိသော ခုနှစ်ပါးသော ဝိညာဏ်တို့အား
ရှေး၌ မှီရာဖြစ်၍ ကျေးဇူးပြုခြင်း၊ ပုဆိုး အစရှိသည်သည် ပန်းချီ ဆေး အစရှိသည် တို့၏
တကွမှီရာဖြစ်၍ ကျေးဇူးပြုသကဲ့သို့၊ နာမက္ခန္ဒာ လေးပါး မဟာဘုတ်လေးပါးတို့၏
မိမိမှကြွင်းသော နာမက္ခန္ဒာ မဟာဘုတ် စိတ္တဇရုပ် ဥပါဒါရုပ် တို့အား အကွမှီရာဖြစ်၍
ကျေးဇူးပြုခြင်း လက္ခဏာရှိသော နိဿယပစ္စည်း။
၉.
မိုးတွင်းလေးလပတ်လုံးရွားသောမိုးကြီးသည် မိုးကိုမှီကုန်သော မြက်၊ သစ်ပင်တို့အား
တစ်နေ့တစ်ခြား တိုးပွားစည်ပင်ခြင်းငှာကျေးဇူးပြုသကဲ့သို့ ၊ ရှေးရှေး၌ ဖြစ်သော ကုသိုလ်၊
အကုသိုလ်၏ နောက်နောက်မှဖြစ်သော ကုသိုလ်၊ အကုသိုလ်တို့အား တရွေ့ရွေ့ တိုးပွား
အားရှိစေသောအားဖြင့် အားကြီးသောမှီရာဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော
ဥပနိဿယ ပစ္စည်း။
၁၀.
ကမ္ဘာဦးက ကွန့်မြုးရောင်ရွှန်း နေလဝန်းတို့သည် အလင်းကိုမှီကုန်သော သတ္တဝါတို့အား
ရှေး၌ ဖြစ်၍ ထိုထိုအလိုရှိအပ်သော အမှု့ကြီးငယ်တို့ကို ပြီးစေခြင်းငှာကျေးဇူးပြုသကဲ့သို့
ရှေး၌ ဖြစ်သောဝတ္ထုခြောက်ပါးတို့၏ နောက်၌ ဖြစ်သော နာမက္ခန္ဒာတို့အား ဆွဲမှီရာပြုလျက်
ရှေ့၌တည်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ပုရေဇာတပစ္စည်း။
၁၁.
အစာမစား၊ ဖွားစနုနယ် ဠင်းတငယ်တို့၏ နောင်ဝယ်စားရလတ္တံဟု ချင်ခြင်းစေတနာသည်
ထို ဠင်းတငယ်တို့အား ခန္ဓာမကြေ၊ မသေမပျောက်၊ မွှေးတောင်ပေါက်၍ အလျောက်ဘာသာ
ကြီးမြင့်လာအောင် ကောင်းစွာကျေးဇူးပြုသကဲ့သို့၊ နောက်၍ဖြစ်သော ပဉ္စဝေါကာရ နာမက္ခန္ဒာ
တို့၏ ရှေး၌ ဖြစ်သော ရူပက္ခန္ဓာတို့အား မချုပ်မပျောက် တစ်ဆယ်ခုနှစ်ချက် စိတ္တက္ခဏတိုင်
ရောက်အောင် အသက်ရှည်စေခြင်းဖြင့် ကျေးဇူးပြုခြင်းလက္ခဏာရှိသော ပစ္ဆာဇာတပစ္စည်း။
၁၂.
ရှေးရှေးလိမ်းကျံအပ် ထုံအပ်သော အရက်၊ နံသာ၊ အစရှိသည်တို့၏ အနံသည်
နောက်နောက် ထုံအပ်သော အရက် နံသာ အစရှိသည်တို့အား အတိုင်းထက်အလွန်
အခိုး အနံ့ထွက်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရှေးရှေး၌ဖြစ်သော ပထမဇော
အစရှိသည်တို့၏ နောက်နောက်ရှိသော ဒုတိယဇော အစရှိသည်တို့အား
အဆင့်ဆင့်တိုးပွားအားရှိစေသဖြင့် အဖန်တလဲလဲ မှီဝဲထုံတတ်သော အဖြစ်ဖြင့်
ကျေးဇူးပြုခြင်းလက္ခဏာရှီသော အာသေဝနပစ္စည်း။
၁၃.
သရက်၊ မာလကာ၊ တမာ၊ ခွေးတောက်ပင် အစရှိသည်တို့၏ မျိုးစေ့သည် ထိုထို သရက်
မာလကာ တမာ ဖွေးတောက်ပင် အစရှိသည်၏ ပေါက်ရောက်ကြောင်းဖြစ်သကဲ့သို့ ကုသိုလ်၊
အကုသိုလ် အစရှိသောစေတနာတို့၏ အခုဘဝ သဟာဇာတဖြစ်သော ရုပ်နာမ်တရားတို့
အားလည်းကောင်း နောက်နောက်သော ခဏ နောက်နောက်သော ဘဝတို့၌ ရလတ္တံ့သော
ဝိပေါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့အား လည်းကောင်း ဖြစ်ကြောင်းဖြစ်၍၊ ဝှာ ဖြစ်စေခြင်းငှာ
ပြုပြင်တတ်သည်ဖြစ်၍ ကျေးဇူးပြုခြင်း လက္ခဏာရှိသော ကမ္မပစ္စည်း။
၁၄.
ချမ်းအေးခြင်းသဘောကိုဖြစ်စေဘိသကဲ့သို့ သာယာဖြေးညှင်း သိမ်မွေ့ခြင်းလက္ခဏာ၇ှိသော
အကျိုးဝိပေါက် နာမက္ခန္ဒာ တို့၏ သာယာဖြေးညှင်း သိမ်မွေ့ခြင်းသဘော၇ှိသော
သဟာဇာတ်ဝိပါက် ရုပ်နာမ်တရားတို့အား သိမ်မွေ့စွာဖြစ်စေခြင်း လက္ခဏာရှိသော ဝိပါကပစ္စည်း။
၁၅.
တိုင် အစရှိသည်သည် ထုပ်၊ လျောက်၊ ခြင်၊ ခံ၊ နံရံ၊ အမိုး စသည်တို့အား
ထောက်ပံ့တည်တံ့စေခြင်းအားဖြင့် ကျေးဇူးပြုသကဲ့သို့ ဖဿ၊ စေတနာ၊ ဝိညာဏ်၊
ကဗဠီကာရအာဟာရဟု ဆိုအပ်သော အာဟာရတရားလေးပါးတို့၏
သဟဇာတ်ရုပ်နာမ်တို့အား ထောက်ပံ့ဆောင်ရွက်သောအားဖြင့် ကျေးဇူးပြုခြင်း
လက္ခဏာရှိသော အာဟာရပစ္စည်း။
၁၆.
မြို့ပြကျေးရွာ သီးသန့်ပေး၍ မွေးကျွေးခန့်ထား မူးမတ်များတို့သည် အချင်းချင်းအစိုးရခြင်း
သတ္တိကို မဖြစ်မူ၍ မိမိပိုင်ရာ အာဏာအတွင်း လူခပင်းကို နှိမ်နင်းလွမ်းမိုး အစိုးရခြင်းဖြင့်
ကိုးစားအားပြုရာဖြစ်၍ ကျေးဇူးပြုသကဲ့သို့ နာမက္ခန္ဓာ လေးပါးတို့၏ သဟဇာတ်ဖြစ်သော
ရုပ်နာမ်တရားတို့အား တကွဖြစ်၍ အစိုးရခြင်း၊ စက္ခုအစရှိသော ဝတ္ထုခြောက်ပါးတို့၏
စက္ခုဝိညာဏ် အစရှိသော သတ္တဝိညာဏဓာတ်တို့အား ထိုက်လျောက်သည့်အားလျော်စွာ
ရှေ့၌တည်၍အစိုးရခြင်း ရုပ်ဇီဝိတိနြေ္ဒ၏ ကလာပ်တူ ကမ္မဇရုပ်တို့အား တစ်ကွဖြစ်၍
အစဉ်စောင့်ရှောက်သောအားဖြင့် အစိုးရခြင်း ဤသို့ဆိုအပ်ခဲ့ပြီးသော
အစိုးရခြင်းဖြင့်ကျေးဇူးပြုခြင်းလက္ခဏာရှိသော ဣန္ဒြိယပစ္စည်း။
၁၇.
ကြီးလှခွန်အား စွမ်းပကားနှင့် တောင်ဖျားတောင်ပေါ် တက်မျှော်နိုင်သူသည် အားပါးနွဲ့လျ
မစွမ်းကြ၍ အောက်ကနေသူလူအပေါင်းတို့အား အဝေးအနီး အကြီးအငယ်မဆို
ထိုထိုအရပ်၍တည်သော အလိုရှိအပ်သောဝတ္ထုတို့ကို ထင်း၇ှားရှု့စေ သိစေခြင်းငှာ
ပြောကြားခြင်းအားဖြင့်ကျေးဇူးပြုသကဲ့သို့ ဝိတက် ဝိစာရ အစရှိသော ဈာနင်တရားငါးပါးတို့၏
သဟာ ဇာတ်ရုပ်နာမ်တို့အား ထိုထိုသောအာရုံ ဝတ္ထု အမှုကြီးငယ် တို့၌ ပျော်ပိုက်
ကျက်စားနိုင်စေခြင်းငှာကျေးဇူးပြုခြင်းဟု ဆိုအပ်သော ဈာနပစ္စည်း။
၁၈.
သားရဲရှိရာ ဤမှာဖက်မှ သားရဲကင်းရာ ဟိုမှာဖက်သို့ ပို့ဆောင်တတ်သော ကုတို့သူကြီး
ပညာရှိသည် ကုတို့စီးသူလူအပေါင်းအား သားရဲဘေးဒဏ် ရမ္မက်ကင်းရာ
ဟိုမှာဖက်သို့ ရောက်စေကြောင်းဖြစ်သကဲ့သို့ ၊ ကုသိုလ် ဝိပါက် ကရိယာ မဂ္ဂင်တရားရှစ်ပါးတို့၏
သဟဇာတ်ရုပ်နာမ်တရား တို့အား မဲညစ်သော သာဝဇ္ဇအကုသိုလ်အဖြစ်မှ ဖြူစင်သော
အနဝဇ္ဇအဖို့သို့ ရောက်ကြောင်းအားဖြင့်ကျေးဇူးပြုခြင်း၊ သားရဲကင်းရာ ဤမှာဖက်မှ သားရဲရှိရာ
ဟိုမှာဖက်သို့ ပို့ဆောင်တတ်သော ကုတို့သူကြီး သူစဉ်းလဲသည် ကုတို့စီးသူလူအပေါင်းအား
သားရဲရှိရာဤမှာဖက်သို့ ရောက်မှားစေကြောင်းဖြစ်သကဲ့သို့  မိစ္ဆာဒိဋ္ဌိ မိစ္ဆာသတိ
အစရှိသောအကုသိုလ် မဂ္ဂင်တရားလေးပါးတို့၏ သဟဇာတ်ရုပ်နာမ်တရားတို့အား
ဖြူစင်သော အနဝဇ္ဇမှ မည်းညစ်သောသာဝိဇ္ဇ အကုသိုလ်ဓမ္မ သို့ရောက်စေကြောင်း
ကျေးဇူးပြုခြင်းဟုဆိုအပ်သော မဂ္ဂပစ္စည်း။
၁၉.
နို့ရည် ထောပတ် ပျား သကာ ဟူသော စတုမဓူအရသာသည် အချင်းချင်း နှီးနှောသင့်လျော်
အစပ်တော်သကဲ့သို့ ဝေဒနာစသော နာမက္ခန္ဒာတို့၏ သမ္ပယုတ်ဖြစ်သော နာမက္ခန္ဒာတို့အား
ဧကုပ္ပာဒဧကနိရောဓစသော လက္ခဏာ အာရုံညွတ်ခြင်း နမနသဘော
နှီးနှောပေါင်းယှဉ်သောအားဖြင့် ကျေးဇူးပြုခြင်းဟုဆိုအပ်သော သမ္ပယုတ္တပစ္စည်း။
၂၀.
အစပ် အဖန် အငံ အခါး စသည်ပြားသော အရသာသည် အချင်းချင်းရောနှောပေါင်းထား
ဖြစ်လေငြားသော်လည်း တပါးသည် တစ်ပါးနှင့် နှီးနှောသင့်လျော် စပ်မတော်သကဲ့သို့
ရူပက္ခန္ဓာ၊ နာမက္ခန္ဓာ တရားတို့၏ အတူတကွ ကြောင်းအကျိုးဖြစ်သော်လည်းကောင်
ရှေးနောက်မဝေး အကြောင်းအကျိုးဖြစ်ကြသော်လည်းကောင်း ရုပ်၏သဘော
နာမ်၏သဘော မနှောမယှက် သက်သက်သော အကြောင်းအကျိုးဖြစ်၍
ကျေးဇူးပြုခြင်းဟုဆိုအပ်သော ဝိပ္ပယုတ္တပစ္စည်း။
၂၁.
မြေကြီး မြင်းမိုရ် အစရှိသည့် ခပ်သိမ်း စိမ်းရှင် မြက်သစ်ပင်အပေါင်းတို့အား မိမိထင်ရှား
ရှိသောအားဖြင့် ကျေးဇူးပြုသကဲ့သို့ ဆိုအပ်ခဲ့ပြီးသော နာမက္ခန္ဒာလေးပါး မဟာဘုတ်လေးပါး
အာရုံခြောက်ပါး ရုပ်ဝတ္ထုခြောက်ပါး ပဉ္စဝေါကာရနာမက္ခန္ဓာ၊ ဖဿ စေတနာ ဝိညာဏ
ကဗဠီကာရအာဟာရ ရုပ်ဇီဝိတိနြေ္ဒ အစရှိသော ပစ္စည်းတရားတို့၏ မိမိနှင့်ဆိုင်ရာ
ပစ္စယုပ္ပန်တရားတို့အား တကွနက်ဖြစ်၍ ထင်ရှားရှိခြင်း၊ ထောက်ပံ့စေနိုင်သောအားဖြင့်
တကွထင်ရှားရှိခြင်း အစိုးရဟောအားဖြင့် တကွထင်ရှားရှိခြင်း သတ္တိဖြင့်
ကျေးဇူးပြုခြင်းဟုဆိုအပ်သော အတ္ထိပစ္စည်း။
၂၂.
နေရောင်၏ ဝင်ပျောက်ခြင်းသည် လရောင်ထွန်းတောက်ခြင်းငှာကျေးဇူးပြုသကဲ့သို့
ရှေးရှေးသောစိတ်တို့၏ မိမိတို့ထင်ရှားမရှိ ချုပ်ပျောက်ခြင်းဖြင့် နောက်နောက်သောစိတ်တို့အား
ဖြစ်ခွင့်ပေး၍ ကျေးဇူးပြုခြင်းဟုဆိုအပ်သော နတ္ထိပစ္စည်း။
၂၃.
ညဥ့်၏ ကင်းကုန်ခြင်းသည် နေအာရုံတက်ခြင်းငှာကျေးဇူးပြုသကဲ့သို့ ရှေးရှေးသောစိတ်တို့၏
မိမိတို့ချုပ်ပျောက်ကင်းကုန်ခြင်းဖြင့် နောက်နောက်သောစိတ်တို့အား ဖြစ်ခွင့်ပေး၍
ကျေးဇူးပြုခြင်းဟု ဆိုအပ်သော ဝိဂတပစ္စည်း။
၂၄.
မဟာသမုဒ္ဒရာသည် တိမိရ တိပိင်္ဂလ မဟာတိမိရ စသော ငါးကြီးတို့အား မိမိနှင့်မကင်း
စကောင်းသောအားဖြင့်ကျေးဇူးပြုသကဲ့သို့ ဆိုအပ်ခဲ့ပြီးသော နာမက္ခန္ဓာ အစရှိသည်တို့၏
မိမိတို့ဆိုင်ရာ ပစ္စယုပ္ပန်တရားတို့အားထင်ရှားတည်ရှိခြင်း မကင်းခြင်း ဖြင့် ကျေးဇူးပြုခြင်းဟု
ဆိုအပ်သော အဝိဂတပစ္စည်း။