♠ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဓမံ္မ သရဏံ ဂစ္ဆာမိ သံယံ သရဏံ ဂစ္ဆာမိ♠

Sunday, 12 February 2012

သာယာ၊နှစ်သက်၊တပ်မက်၊စွဲလမ်းခြင်းဆိုသော တဏှာများမှရုန်းထွက်နိုင်ဘို့ ......

ပုထုဇဉ် လူသားတိုင်း မျက်စိက အဆင်းမျိုးစုံ၊နားက အသံမျိုးစုံ၊နှာခေါင်းက အနံ့ မျိုးစုံ၊လျှာက အရသာမျိုးစုံ၊ကိုယ်က အထိအတွေ့ မျိုးစုံစိတ်က အတွေးအကြံ မျိုးစုံကိုတပ်မက်ကြပါတယ်။တဏှာဆိုသောစကားကို သာယာခြင်း၊နှစ်သက်ခြင်း၊တပ်မက်ခြင်း၊စွဲလမ်းခြင်း စသည်အားဖြင့် အခြေအနေ အဖြစ်အပျက်များအပေါ်မူတည်ပြီး အမျိုးမျိုးဖွင့်ဆိုကြပေမယ့် မူရင်းအနက်ကတော့ ဆာလောင်မွတ်သိပ်ခြင်းဖြစ်ပါတယ်။
ထိုသို့ သော တပ်မက်မှု တဏှာဟာ လိုချင်စရာအာရုံတွေအပေါ် ဘယ်တော့မှ အလိုမပြည့်ပါဘူး။လိုပြီးရင်းလို ရပြီးရင်းရချင်ပါ။ဒီတစ်ခု
ရရင်ကျေနပ်ပါပြီလို့  မရခင်မှာဆုံးဖြတ်ခဲ့ပေမယ့် တကယ်ရလာတဲ့အခါ နောက်တစ်ခုထပ်လိုချင်လာပြန်ပါတယ်။တစ်ကြိမ်ခံစားခွင့် ရရင်သေပျော်ပါပြီလို့  မခံစားရခင် စိတ်ကဖြစ်ခဲ့ပေမယ့် တကယ်လည်းခံစားရရော နောက်တစ်ကြိမ် နောက်တစ်ကြိမ်နဲ့  စိတ်မပြတ်နိုင်အောင် ခံစားချင်စိတ်တွေတိုးတိုးလာတတ်ပါတယ်။အဲသည်လိုဘဲ တဏှာရဲ့ အလိုဟာဘယ်တော့မှ ပြည့်တယ်လို့ မရှိပါဘူး။
ဆင်းရဲတဲ့သူက အသင့်အတင့်ချမ်းသာချင်၊အသင့်အတင့်ချမ်းသာတဲ့သူက အကြီးအကျယ်ချမ်းသာချင်၊အကြီးအကျယ်ချမ်းသာသူက
လည်း အရမ်းအရမ်းချမ်းသာချင်ကြတာ တဏှာရဲ့ အလိုမပြည့်တဲ့သဘောပါ။
အဲဒီတဏှာဆိုတဲ့ တပ်မက်မှုတွေကို အမှန်သဘောသိအောင် လေ့လာနှလုံးသွင်းခြင်း၊သဘောအမှန်မြင်မြင်အောင် ရှုမှတ်ပွါးများခြင်း
တို့ နဲ့ ဘဲ ရပ်တန့် သွားအောင်စွမ်းဆောင်နိုင်ပါတယ်။ အခြေအနေအဖြစ်အပျက်နဲ့ လိုက်လျောညီထွေစွာ ဆင်ခြင်နိုင်စိတ်ထားနိုင်ပြီး အမှန်သဘောသိအောင် လေ့လာနှလုံးသွင်းနိုင်ရပါမယ်။ကိုယ့်စိတ်မှာ မရောင့်ရဲနိုင်တဲ့တဏှာ ဖြစ်လာပြီဆိုရင်ပထမဖြစ်နေမှန်းသိရပါမယ်သိလာပြီဆိုရင် တင်းတိမ်ရောင့်ရဲစိတ်ကလေးထား ပြီး ကိုယ်နဲ့ ထိုက်သလောက် ကိုယ့်ကံရှိသလောက်ဘဲရတာပေါ့လေ၊ ကိုယ့်အဆင့် ကိုယ့်အကျိုးပေးသလောက်ဘဲပေါ့၊ တန်ရာတန်ကြေး လောက်ပဲရမှာပေါ့ ဆိုတဲ့ ကိုယ်ကြုံတွေ့ နေရတဲ့ အဖြစ်အပျက်၊ ကိုယ်ခံစားနေရတဲ့ ခံစားချက်နဲ့ လိုက်လျောညီထွေစွာ သဘောတရား၊ သာဓက၊ ကိုယ်တွေ့ များနဲ့ ယှဉ်ပြီး နှလုံးသွင်း ဆင်ခြင်လိုက်ရင် မရောင့်ရဲတဲ့စိတ် ကင်းပျောက်သွားနိုင်ပါတယ် ကိုယ်နဲ့ မတည့် တဲ့အာရုံကို မတည့်ဘူး၊ ကိုယ်နဲ့ မသင့်တော်တဲ့အာရုံကို မသင့်တော်ဘူးလို့  ဆင်ခြင်နိုင်ရင်လည်း တဏှာ ခေါင်းပါး သွားနိုင်ပါတယ်။ကိလေသာငြိမ်စေတဲ့ သမထဘာဝနာ၊ ကိလေသာငြိမ်းစေတဲ့ ၀ိပသနာဘာဝနာများကို ပွါးများနေခြင်းဖြင့်လည်း အာရုံများ အပေါ်သာယာ စရာမဟုတ်ပါလား မရှိပါလားဟုသိမြင်လာနိုင်ပါတယ်။သတိပဋ္ဌာန် ၀ိပသနာ အနေနဲ့ လည်း ကြုံဆုံလာသမျှအာရုံများအား မြင်-မြင်တယ်၊ကြား-ကြားတယ်၊ထိ-ထိတယ်၊သိ-သိတယ် စသည်ဖြင့်ရှုမှတ်ပြီး ရုပ်နမ်ဖြစ်ပျက်မှု့  မမြဲ၊မကောင်း၊မပိုင်ဆိုတဲ့သဘော သိပြီဆိုပါကလည်း မြင်-မြင်ကာမျှ၊ကြား-ကြားကာမျှ၊နံ-နံကာမျှ၊စား-စားကာမျှ၊ထိ-ထိကာမျှ၊သိ-သိကာမျှနဲ့ ပြီးသွားတဲ့အတွက် ဘယ်အာရုံနဲ့ ကြုံကြုံ တဏှာမဖြစ်တော့ပါဘူး။ဒါ့ကြောင့်သူငယ်ချင်း ညီအစ်ကိုမောင်နှမများ အနေဖြင့် တဏှာဆိုတဲ့သာယာ၊နှစ်သက်၊တပ်မက်၊စွဲလမ်းခြင်းများ မကင်းဝေးနိုင်သေးရင်တောင် ရောင့်ရဲနိုင်စိတ်ထားပြီး ဆင်ခြင်နိုင်ကြပါစေလို့ တောင်းဆုပြု့ ရင်းရေးသားချက်ကလေးအားအဆုံးသတ်လိုက်ပါတယ်။စေတနာများစွာဖြင့်.......

(အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ၏ အနှိုင်းမဲ့မြစ် စာအုပ်မှထုပ်နှုတ်ကိုးကား မှီငြမ်းရေးသားပါသည်)

No comments:

Post a Comment