♠ဗုဒ္ဓ သရဏံ ဂစ္ဆာမိ ဓမံ္မ သရဏံ ဂစ္ဆာမိ သံယံ သရဏံ ဂစ္ဆာမိ♠
Monday, 13 February 2012
ဝိပဿနာ ရှုပွားနည်း အခြေခံ
           အရင်ဆုံး၊ သမထ ရှုမှတ်မှု နဲ့ ၀ိပဿနာ ရှုမှတ်မှု ကွဲပြားပုံ ကို သိသင့်ပါတယ်။ ကွဲပြားပုံကို မသိဘဲ ရောထွေးနေရင်၊ ဒီနည်းများကို ကောင်းစွာလေ့ကျင့်နိုင်မှာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာ သမထ ရှုမှတ်မှု နဲ့ ၀ိပဿနာ ရှုမှတ်မှု ဆိုပြီး၊ ၂ မျိုး ရှိပါတယ်။
          သမထ ဆိုတာ၊ အာရုံစူးစိုက်မှု (သို့) စိတ်ကို ငြိမ်းအေးစေသော စိတ်အနေအထား ဖြစ်ပါတယ်။ စိတ်ဟာ အချင်းအရာ တစ်ခုထဲအပေါ်မှာအာရုံစူးစိုက်နေရင်၊ဒါကို စိတ်အာရုံစူးစိုက်မှု လို့ခေါ်ပါတယ်။ အာရုံစူးစိုက်မှု မြင့်မားစေဖို့၊ သမထ ကို၊ လေ့ကျင့်ရပါတယ်။ သမထ ရှုမှတ်မှုရဲ့ ရည်ရွယ်ချက်ကတော့၊ ဈာန် လို့ခေါ်တဲ့ မြင့်မားသော အာရုံစူးစိုက်မှု ကို ရရှိစေဖို့ ဖြစ်ပါတယ်။ သမထ ရှုမှတ်မှုကို လေ့ကျင့်ရင်၊ ဈာန် လို့ခေါ်တဲ့ မြင့်မားသော အာရုံစူးစိုက်မှုကို ရရှိနိုင်ပါတယ်။ စိတ်ရဲ့ နက်ရှိုင်းသော အာရုံစူးစိုက်မှု ရရှိစေဖို့၊ ၀င်လေ ထွက်လေ အစရှိတဲ့၊ တစ်ခုတည်းသော အချင်းအရာ ပေါ်မှာ၊ စိတ်ကို အာရုံစူးစိုက်ထားဖို့ လိုအပ်ပါတယ်။
           ဗုဒ္ဓဘာသာဝင် အများစုဟာ၊ ၀င်လေ - ထွက်လေ ရှုမှတ်ခြင်းကို လေ့ကျင့်ကြပါတယ်။ ပါဠိလို အာနာပါန လို့ ခေါ်တွင်ပါတယ်။ ၀င်လေ - ထွက်လေ ကို အရှုခံ အဖြစ်ထားပြီး၊ သမထ ကမဋ္ဌာန်း ပွားများရာမှာ၊ လေရှူသွင်းခြင်း - လေရှူတုတ်ခြင်း ပေါ်မှာ စိတ်ကို စူးစိုက်ထားရပါမယ်။ စိတ်ဟာ မိမိ နှာသီးဖျား ပေါ်မှာ စူးစိုက်ထားရပါမယ်။ လေကို ရှူသွင်းလိုက်ချိန်၊ လေက နှာသီးဖျားကိုထိခပ်သွားချိန်မှာ ၀င်တယ်/ရှူတယ်လို့၊မှတ်ရပါမယ်။လေကိုရှူထုတ်လိုက်ချိန်၊ လေထွက်သွားချိန်၊ နှာသီးဖျားကို လေကထိသွားချိန်မှာ၊ ထွက်တယ် လို့ မှတ်ရပါမယ်။ ၀င်တယ် - ထွက်တယ်၊ ၀င်တယ် - ထွက်တယ် ဆိုပြီး၊ စိတ်ကို နှာသီးဖျားမှာ စူးစိုက်ထားရပါမယ်။
           ဒါပေမယ့် စိတ်ဟာ၊ လေရှူသွင်းခြင်း - လေရှူတုတ်ခြင်း မှာဘဲ တည်မနေပါဘူး။ စိတ်ဟာ ထွက်သွားပြီး၊ အခြားရောက်တတ်ရာရာ အကြောင်းအရာများအပေါ် တွေးတောရင်း စိတ်ပျံ့လွင့်ပါတယ်။ ဒီလို စိတ်ပျံ့လွင့်ပြီး အခြားအကြောင်းအရာများကို တွေးတောနေရင်၊ မူလအရှုခံ နှာသီးဖျားဆီကို၊ စိတ်ပြန်တည်ရပါတယ်။ “၀င်တယ် - ထွက်တယ်” ပြန်ရှုရပါတယ်။ ဒါပေမယ့် စိတ်ဟာ၊ နှာသီးဖျားမှာဘဲ အချိန်ကြာကြာ တည်မနေပြန်ပါဘူး။ စပြီးလေ့ကျင့်ခါစမှာ စိတ်ဟာ မကြာခဏကို လွင့်ပါး ပျံ့လွင့်ပါတယ်။ နှာသီးဖျားဆီ စိတ်ကိုပြန်ပို့၊ နှာသီးဖျားမှာ အာရုံစိုက်ပြီး၊ “၀င်တယ် - ထွက်တယ်” “၀င်တယ် - ထွက်တယ်” ပြန်မှတ်ရပါတယ်။ ဒီလိုနဲ့ စိတ်ဟာ၊ လေရှူသွင်းမှု - လေရှူထုတ်မှုပေါ်မှာ၊ အတိုင်းအတာတစ်ခုအထိတဖြေးဖြေးအာရုံစူးစိုက်တည်မြဲလာပါတယ်။ဒီအခါမှာ မိမိရဲ့ လေ့ကျင့်မှုအတိုင်း၊  ရှေ့ဆက်လေ့ကျင့်သွားရပါမယ်။
          တစ်ပါတ် ဆယ်ရက်လောက် ကြာတဲ့အခါ၊ စိတ်ဟာ လေရှူမှု - လေထုတ်မှု ပေါ်မှာ၊ တဖြေးဖြေး ပိုလို့ ပိုလို့ အာရုံတည်မြဲလာပြီး၊ နက်နက်နဲနဲ ကောင်းကောင်းမွန်မွန် ရှုမှတ်လာနိုင်ပါတယ်။ ၂လ ၃လခန့် အကြာမှာတော့၊ နှာသီးဖျားက ၀င်လေ - ထွက်လေ အပေါ်မှာ စိတ်ဟာ နက်ရှိုင်းစွာ အာရုံစိုက်နိုင်ပါပြီ။ ၁၀ မိနစ် - ၁၅ မိနစ်လောက်ထိ အသက်ရှူခြင်းမှာ စိတ်တည်နေပါလိမ့်မယ်။ ဒီလိုနဲ့ နှာသီးဖျားက ၀င်လေ - ထွက်လေ အပေါ်မှာ စူးစူးစိုက်စိုက် အာရုံပြု နေဖို့ အစွမ်းကုန်ကြိုးစားရပါမယ်။ နောက်ဆုံးတော့ စိတ်ဟာ ၀င်လေ - ထွက်လေ ပေါ်မှာဘဲ အပြည့်အ၀ တည်နေပါ လိမ့်မယ်။
            ဒီနောက်တော့ စိတ်မှာ ဘာအဟန့်အတား အနှောင့်အယှက်မှ မရှိတော့ပါဘူး။ စိတ်ဟာ၊ နှာသီးဖျားက ၀င်လေ - ထွက်လေအပေါ် ကောင်းစွာတည်နေချိန်မှာ၊ အနှောင့်အယှက်မရှိဘူးလို့ ဆိုလိုပါတယ်။ ကာမဂုဏ်အာရုံ၊ စိတ်ဆိုးစိတ်ညံ့၊ ပျင်းရိထိုင်းမှိုင်းမှု၊ ထိပ်လန့်မှု၊ နောင်တ၊ သံသယ စတဲ့ စိတ်အခြေအနေတွေကို အနှောင့်အယှက်လို့ ခေါ်ပါတယ်။ ရှုမှတ်စိတ်ဟာ၊ အရှုခံအာရုံဖြစ်တဲ့ ၀င်လေ - ထွက်လေ ပေါ်မှာသာ တည်မြဲစူးစိုက်နေတာကြောင့်၊ အဲဒီအနှောင့်အယှက် တွေဟာ စိတ်ထဲဝင်မလာနိုင်ပါဘူး။ အာရုံစူးစိုက်မှုဟာ စိတ်အညစ်အကြေးတွေကို ဖယ်ရှားပစ်ပါတယ်။ ရှုမှတ်စိတ်ဟာ ၀င်လေ - ထွက်လေ အပေါ် နက်နက်ရှိုင်းရှိုင်း အာရုံစူးစိုက်နေသရွေ့၊ စိတ်ထဲမှာ ဘာအနှောင့်အယှက်မှ မရှိပါဘူး။
             ဒီလိုနဲ့ စိတ်ဟာ တည်ငြိမ်၊ တိတ်ဆိတ်၊ ငြိမ်သက်၊ အေးချမ်း၊ ကြည်လင်လာပါမယ်။ ၀င်လေ - ထွက်လေကို စူးစိုက်ရှုမှတ်နေသရွေ့ ငြိမ်းအေးမှုကို ခံစားကျေနပ်နေပါလိမ့်မယ်။ ဒါကို ဈာန် (သို့) ဈာန်ဝင်စားခြင်း လို့ခေါ်ပါတယ်။ အရှုခံ ၀င်လေ - ထွက်လေအပေါ် စိတ်ဟာ ကောင်းစွာ တည်မြဲနေပါပြီ။ ဒါပေမယ့်၊ အရှုခံအာရုံအပေါ် စိတ်ဟာ အပြည့်အ၀ စူးစိုက်တည်မြဲနေသော်ငြားလည်း၊ တခြားသော စိတ်အခြေအနေတွေနဲ့ ခန္ဓာရဲ့ဖြစ်စဉ်တွေကိုတော့ သူ့သဘာဝမှန်အတိုင်း၊ မသိရှိနိုင်ပါဘူး။ သမထ ဘာဝနာဟာ အာရုံစူးစိုက်မှုမျှသာ ဖြစ်ပြီး၊ အမှန်အတိုင်းသိမြင်သော ဘာဝနာ မဟုတ်ပါဘူး။
           တခြားနည်းကတော့၊ ၀ိပဿနာ ဘာဝနာ ဖြစ်ပါတယ်။ ၀ိပဿနာဆိုတာ၊ ရုပ်တရား နာမ်တရားရဲ့ လက္ခဏာ သုံးပါးကို အမှန်တိုင်း သိမြင်ခြင်း ဖြစ်ပါတယ်။ လက္ခဏာသုံးပါးကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပါတယ်။ မိမိ စိတ်နဲ့ခန္ဓာမှာ ဖြစ်ပေါ်တာမှန်သမျှကို၊ ဖြစ်ဆဲအခိုက်အတန့်မှာ၊ အရှိအတိုင်း သိမြင်အောင် သတိကပ်ပြီးကြည့်နေမှသာ၊ ရုပ်တရား နာမ်တရားတို့ရဲ့ လက္ခဏာသုံးပါးကို သိမြင်နိုင်မှာ ဖြစ်ပါတယ်။
           မမြဲခြင်း ( အနိစ္စ )၊ ဆင်းရဲခြင်း ( ဒုက္ခ )၊ အစိုးမရခြင်း ( အနတ္တ ) အချင်းအရာတို့ကို၊ ရှုမှတ်သူက သေချာစွာ သိမြင်နိုင်မှသာ၊ စိတ်အညစ်အကြေးတွေဖြစ်တဲ့ လောဘ၊ ရမ္မက်၊ တဏှာ၊ သံယောဇဉ်၊ ကာမဂုဏ်အာရုံ၊ စိတ်ယုတ်၊ မောဟ၊ မာန၊ မစ္ဆရိယ စတာတွေကို ချေဖျက်နိုင်မှာ ဖြစ်ပါတယ်။ "ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး" လို့ ပညတ်ထားတဲ့၊ ရုပ်တရား နာမ်တရားတို့ရဲ့ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့ကို သိမြင်မှသာ၊ ရုပ်တရား နာမ်တရားတို့ဟာ "ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး" မဟုတ်မှန်း သိလာမှာ ဖြစ်ပါတယ်။ ဒီအခါမှာ၊ စိတ်အညစ်အကြေး ကိလေသာများရဲ့ အရင်းအမြစ် ဖြစ်တဲ့၊ "ငါ" "အတ္တ" အယူအဆတို့ကို ဖယ်ရှားပြီး ဖြစ်သွားပါတယ်။ "ပုဂ္ဂိုလ်၊ သတ္တ၀ါ" အစွဲကို ချေဖျက်ပြီးချိန်မှာ၊ လောဘ၊ ဒေါသ စတဲ့ကိလေသာအညစ်အကြေးများထပ်မံမပေါ်ပေါက်တော့တာကြောင့်၊ပျော်ရွှင် ငြိမ်းချမ်းလာမှာ ဖြစ်ပါတယ်။ ဒါဟာ ၀ိပဿနာ ဘာဝနာ ဖြစ်ပါတယ်။
             အရေးအကြီးဆုံးကတော့၊ မိမိစိတ်မှာ ဘာဘဲပေါ်ပေါ်၊ သူ့အတိုင်း သတိကပ် သိနေဖို့သာ ဖြစ်ပါတယ်။ တရားရှုမှတ်နေချိန်မှာ၊ စိတ်ဟာ လွင့်ပါး ပျံ့လွင့်ပြီး၊ အခြားအကြောင်းအရာများကို တွေးတောနေတတ်ပါတယ်။ တစ်ခါတစ်ရံ များပြားစွာ စိတ်ကူးယဉ် ကြံစည်နေတတ်ပါတယ်။ ထိုအခါမှာ၊ အဲဒီ စိတ်၊ အတွေး၊ တွေးတောခြင်း၊ စီစဉ်ခြင်း၊ ကြံစည်ခြင်းတွေကို၊ သတိကပ်ပြီး၊ "တွေးတယ် - တွေးတယ်" "စိတ်ကူးတယ် - စိတ်ကူးတယ်" ဆိုပြီး၊ ရှုမှတ်ရမှာ ဖြစ်ပါတယ်။ စိတ်ထဲမှာ ပုံရိပ်တစ်ခုမြင်လာရင်၊ ဘာမှ ခွဲခြမ်းစိတ်ဖြာခြင်း မပြုဘဲ၊ တွေးတောခြင်းမပြုဘဲ၊ ဝေဖန်ဆန်းစစ်ခြင်း မပြုဘဲ၊ "မြင်တယ် - မြင်တယ်" လို့ ရှုမှတ်ရပါမယ်။ ၀ိပဿနာဘာဝနာမှာ အောင်မြင်စေဖို့ အရေးကြီးဆုံးအချက်ကတော့၊ သတိကပ် ရှုမှတ်ခြင်း၊ တုန့်ပြန်မှုကင်းသော သတိ ကပ်နေခြင်း၊ ဝေဖန်ဆန်းစစ်မှုကင်းသော သတိ ကပ်နေခြင်းဘဲ ဖြစ်ပါတယ်။ မတုန့်ပြန်ရပါဘူး။
             အရာတစ်ခုကို မြင်လိုက်တိုင်း၊ အသံတစ်ခုကို ကြားလိုက်တိုင်း၊ အနံ့တစ်ခုကို ရှူလိုက်တိုင်း၊ အရသာတစ်ခုကိုအရသာခံလိုက်တိုင်း၊တစ်စုံတစ်ခုကိုထိတွေ့မိတိုင်း၊အကြောင်းအရာတစ်ခုကို တွေးတောမိတိုင်း၊ ထိုအရာတွေအပေါ်ဘာမှမတုန့်ပြန်ရပါဘူး။ဒီလိုမတုန့်ပြန်ဘဲနေဖို့အတွက်၊တစ်စုံတစ်ရာအပေါ် မြင်သိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ တွေးကြံစိတ်တို့ကို၊ "မြင်တယ်" ၊ "ကြားတယ်" ၊ "နံတယ်" ၊ "အရသာ ခံတယ်" ၊ "ထိတယ်" ၊ "တွေးတောတယ်" ဆိုပြီး၊ ရှုမှတ်ရမှာ ဖြစ်ပါတယ်။ အာရုံ၆ပါးအနက် ဘယ်အာရုံပေါ်ပေါ် ရှုမှတ်လာနိုင်ပြီဆိုရင်၊ ဒီအာရုံတွေအပေါ် ဘယ်လိုမှ တုန့်ပြန်မှု မရှိတော့ပါဘူး။
            (ဥပမာ) မြင်သိစိတ်အပေါ်၊ အားကောင်းစွာ ရှုမှတ်နေခြင်းကြောင့်၊ မြင်သိစိတ်ဟာ အရာဝတ္ထုကို ထင်ရှားစွာ မမြင်တော့ပါဘူး။ ဒါကြောင့် ထိုအရာကို ကောင်းတယ် ဆိုးတယ်လို့ မဆန်းစစ်နိုင်တော့ပါဘူး။ ဒီအခါမှာ ကောင်းတယ် ဆိုးတယ်လို့လည်း မခံစားရတော့ပါဘူး။ ဒါဟာ ထိုအရာအပေါ် တုန့်ပြန်မှုကင်းသွားတာ ဖြစ်ပါတယ်။ တကယ်လို့၊ တစ်စုံတစ်ခုကို မြင်ချိန်မှာ၊ မြင်သိစိတ်ကို မစောင့်ကြည့်နိုင် သတိမကပ်နိုင်ဘူးဆိုရင်၊ မြင်သိစိတ်ဟာ အရာဝတ္တုအပေါ် အချိန်အတော်ကြာ မြင်နေပြီး၊ ထိုအရာဟာ ကောင်းတယ် ဆိုးတယ်လို့ ဝေဖန်ဆန်းစစ်နိုင်သွားပါတယ်။ မြင်သိစိတ်ဟာ အရာဝတ္ထုအပေါ် ကောင်းတယ်လို့ ဆန်းစစ်လိုက်ရင်၊ သင်ဟာ ထိုအရာအပေါ် သာယာသွားပါတယ်။ နှစ်သက်၊ စွဲလမ်း၊ လိုချင်သွားပါတယ်။ ဒီစွဲလန်းမှုတဏှာဟာ၊ ထိုအရာကို မရှုမှတ်လိုက်တဲ့အတွက်၊ဖြစ်ပေါ်လာတဲ့၊ တုန့်ပြန်မှုပါဘဲ။ ထိုစွဲလမ်းမှုတဏှာဟာ ဒုက္ခဆင်းရဲကို ဖြစ်စေသော အကြောင်းတရားဖြစ်ပါတယ်။တုန့်ပြန်မှုဟာ၊ချစ်ခင်ခြင်းလိုချင်တောင့်တခြင်းအသွင်နဲ့ ပေါ်လာခြင်းဖြစ်ပါတယ်။
              အရှုခံအာရုံအပေါ် တုန့်ပြန်ခြင်းကင်းဖို့အတွက်၊ အရှုခံအာရုံကို သတိကပ်စောင့်ကြည့်နေရပါမယ်။ ရှုမှတ်နေရ ပါမယ်။ မြင်တယ် မြင်တယ် ( ကြားတယ် / နံတယ် / အရသာခံတယ် / ထိတယ် / တွေးတယ် / စသဖြင့် ဖြစ်လာသလို) ရှုမှတ်ရပါမယ်။ ရုပ်တရားဖြစ်စေ၊ နာမ်တရားဖြစ်စေ၊ ရှုမှတ်နိုင်ပြီဆိုရင်၊ ဘာတုန့်ပြန်မှုမှ မရှိတော့ပါဘူး။ ဒီအခါမှာ တည်ကြည် ငြိမ်သက်ပြီး အေးချမ်းမှုကို ခံစားရပါလိမ့်မယ်။ ဒါကြောင့်လည်း သတိကပ်ရှုမှတ်ခြင်းကို၊ တုန့်ပြန်မှုကင်းတဲ့ ရှုမှတ်ခြင်း၊ ဝေဖန်ဆန်းစစ်မှုကင်းတဲ့ ရှုမှတ်ခြင်းလို့ ခေါ်တာပါ။ သတိကပ်ရှုမှတ်တော့မယ်ဆိုရင်၊ မိမိခန္ဓာနဲ့စိတ်မှာ ဖြစ်ပေါ်လာတာတွေကို သူ့အတိုင်း သတိကပ်ပြီး သိနေရုံပါဘဲ။ ကြိုတင်မှန်းဆ ထင်မြင်တာမျိုး မလုပ်ရပါဘူး။ မိမိစိတ်ထဲကို ကြိုတင်မှန်းဆ ထင်မြင်ချက်တွေ ၀င်လာရင်၊ အရှုခံရုပ်နာမ်တို့ရဲ့ သဘာဝမှန်ကို အမှန်တိုင်း နားမလည်နိုင် တော့ပါဘူး။ ဒါကြောင့်မို့၊ ၀ိပဿနာဘာဝနာရဲ့ စည်းမျဉ်းကတော့၊ မိမိ စိတ်နဲ့ခန္ဓာမှာ ဘာဘဲပေါ်လာ ပေါ်လာ၊ ပေါ်လာတဲ့အတိုင်း ရှုမှတ်ဖို့၊ သဘာဝမှန်အတိုင်း ရှုမှတ်ဖို့ပါဘဲ။
              နည်းလမ်းက သိပ်မခက်ခဲလှပါဘူး။ ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်မယ်ဆိုရင်၊ အင်မတန် ရိုးစင်းလွယ်ကူပြီး အကျိုးများပါတယ်။ အဆင့်မြင့်တဲ့ ၀ိပဿနာဉာဏ်တွေ မရမချင်း၊ စိတ်ရှည်ဖို့ လိုပါတယ်။ ဇွဲ၊ စိတ်ရှည်မှု၊ အပြင်းအထန် အားထုတ်မှုတို့ဟာ၊ ၀ိပဿနာကျင့်ကြံရာမှာ အောင်မြင်စေတဲ့ အကြီးမားဆုံးအရည်အသွေးတွေပါဘဲ။
             မိမိစိတ်နဲ့ခန္ဓာမှာ ပေါ်လာသမျှကို ပေါ်လာတဲ့အတိုင်း ရှုမှတ်တာဟာ ၀ိပဿနာဘာဝနာလို့၊ သိပြီဖြစ်တဲ့အတွက်၊ ဒီအချက်ကနေတစ်ဆင့်၊ ၀ိပဿနာ ဘာဝနာဟာ၊ သမထ ဘာဝနာလို၊ အရှုခံအာရုံ တစ်ခုထဲ မဟုတ်ဘဲ၊ အရှုခံအာရုံ များစွာ ရှိတာကို သိနိုင်ပါတယ်။ သမထ ဘာဝနာမှာ "၀င်လေ - ထွက်လေ" ဆိုတဲ့ အရှုခံအာရုံ တစ်ခုထဲ ရှိပြီး၊ ၀ိပဿနာ ဘာဝနာ မှာတော့၊ ရုပ်တရားအားလုံး နာမ်တရားအားလုံးဟာ အရှုခံအာရုံတွေချည်း ဖြစ်တာကြောင့်၊ သမထဘာဝနာနဲ့ ၀ိပဿနာ ဘာဝနာရဲ့ ကွဲပြားခြားနားမှုကို၊ အခု သိလောက်ပြီထင်ပါတယ်။ ရှုမှတ်ဆဲအခိုက်အတန့်မှာ ထင်ရှားစွာပေါ်လာတဲ့ ဘယ်ရုပ်တရား နာမ်တရားမဆို၊ အရှုခံအာရုံ ဖြစ်ပါတယ်။ ရှုမှတ်ဆဲမှာ ထင်ရှားစွာပေါ်လာတဲ့ ရုပ်တရား နာမ်တရားတွေကို၊ ရှုမှတ်စိတ်နဲ့ စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။
               ရှုမှတ်ရာမှာ လွယ်ကူစေဖို့၊ ၀မ်းဗိုက်ရဲ့ ဖောင်းကားလာတဲ့လှုပ်ရှားမှုနဲ့ ပိန်ကျသွားတဲ့လှုပ်ရှားမှုကို စတင်ရှုမှတ် ရပါမယ်။ ၀မ်းဗိုက်ရဲ့ဖောင်းလိုက် ပိန်လိုက်လှုပ်ရှားမှုကို ရှုမှတ်တာဟာ၊ ၀င်လေ-ထွက်လေ ရှုမှတ်တာ မဟုတ်ပါဘူး။ ပထ၀ီ - မြေဓာတ်၊ အာဘော - ရေဓာတ်၊ တေဇော - မီးဓာတ်၊ ၀ါယော - လေဓာတ် လို့အမည်ရတဲ့ ရုပ်အစုအဝေးကို ရှုမှတ်တာလို့ ခေါ်ပါတယ်။ ရှုမှတ်မှုအစပိုင်းမှာ၊ ဒီဓာတ်၎ပါးနဲ့အဓိကပတ်သက်ပါတယ်။ဝမ်းဗိုက်ရဲ့ဖောင်းခြင်းပိန်ခြင်း လှုပ်ရှားမှုဟာ လေရှူသွင်းခြင်း လေရှူထုတ်ခြင်းနဲ့ ဆက်စပ်နေပေမယ့်၊ ၀င်လေ - ထွက်လေ ဘာဝနာ မဟုတ်ပါဘူး။ ဒါဟာ ၀မ်းဗိုက်ရဲ့ လှုပ်ရှားမှုသာဖြစ်ပါတယ်။ ၀မ်းဗိုက်အတွင်းက လေဟာ၊ တက်လာလိုက်၊ ကျသွားလိုက်၊ ရှေ့နောက် ရွေ့လျားလိုက်၊ တစ်ခါတစ်ရံ အထက်အောက်ရွေ့လျားလိုက် ဖြစ်ပါတယ်။ အဲဒီမြင့်တက်လာတဲ့ လှုပ်ရှားမှု နိမ့်ဆင်းသွားတဲ့ လှုပ်ရှားမှုကို ရှုမှတ်ရပါတယ်။ ၀မ်းဗိုက်ရဲ့ ဖောင်းလိုက် ပိန်လိုက်လှုပ်ရှားမှုတွေကို "ဖောင်းတယ် - ပိန်တယ်" "ဖောင်းတယ် - ပိန်တယ်" လို့ ရှုမှတ်ရပါမယ်။
               ဒါကြောင့် ၀င်လေ - ထွက်လေ ရှုမှတ်တာ မဟုတ်ပါဘူး။ ဓာတု မနစီကရ လို့ခေါ်ပါတယ်။ မြတ်ဗုဒ္ဓ အသေးစိတ် ရှင်းလင်းပြခဲ့တဲ့ ၀ိပဿနာ၎ပါးထဲက တစ်ပါးဖြစ်ပါတယ်။ ၀င်လေ - ထွက်လေ ရှုမှတ်သလိုမျိုး မဟုတ်တဲ့အတွက်ကြောင့်၊ ၀မ်းဗိုက်လှုပ်ရှားမှုကို၊ တစ်ခုတည်းသော အရှုခံအာရုံအဖြစ် စွဲကပ်နေဖို့မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့၊ ၀ိပဿနာ ဘာဝနာမှာ အရှုခံအာရုံက တစ်ခုထဲမဟုတ်ဘဲ၊ အရှုခံအာရုံများစွာရှိတဲ့အနက်ကမှ ၀မ်းဗိုက်လှုပ်ရှားမှုဟာ တစ်ခုအပါအ၀င် သာ ဖြစ်ပါတယ်။ ၀မ်းဗိုက်ရဲ့ မြင့်တက်လာမှု ဖောင်းကားလာမှုကို ခံစားမိရင်၊ "ဖောင်းတယ်" လို့ မှတ်ရပါတယ်။ ၀မ်းဗိုက်က ပိန်ကျ လျော့ကျသွားရင် "ပိန်တယ်" လို့ မှတ်ရပါတယ်။ ဒီလိုနည်းအတိုင်း၊  ဖောင်းလာတိုင်း ပိန်လာတိုင်း "ဖောင်းတယ် - ပိန်တယ်" "ဖောင်းတယ် - ပိန်တယ်" လို့မှတ်သွားရပါမယ်။
             ဒါပေမယ့် ၀မ်းဗိုက်ရဲ့ ဖောင်းခြင်း ပိန်ခြင်းကို ရှုမှတ်နေတုန်းမှာဘဲ၊ စိတ်ဟာ လွင့်ပါး ပျံ့လွင့်ပါတယ်။ လေ့ကျင့်မှု အစပိုင်းမှာတော့၊ ဒါကို သတိထားမိမှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာတော့ စိတ်ဟာ ထွက်သွားနေတာ၊ ဟိုဟိုဒီဒီ ပျံ့လွင့်နေတာ၊ တစ်ခုခုကို တွေးနေတာကို သတိထားမိလာပါလိမ့်မယ်။ စိတ်ပျံ့လွင့်နေတာကို သိသိချင်း၊ အဲဒီစိတ်နောက်ကို လိုက်ကြည့်ပြီး၊ "တွေးတယ် တွေးတယ်" "ပျံ့လွင့်တယ် ပျံ့လွင့်တယ်" ဆိုပြီး ပေါ်လာတဲ့အတိုင်း မှတ်ရပါတယ်။ ပျံ့လွင့်တာတွေ တွေးတောတာတွေ ရပ်တန့်သွားရင်တော့၊ မူလ အရှုခံဖြစ်တဲ့ ၀မ်းဗိုက် ဖောင်းလိုက် ပိန်လိုက် လှုပ်ရှားမှုကို၊ "ဖောင်းတယ် - ပိန်တယ်"လို့ ပြန်မှတ်ရပါတယ်။ စိတ်ဟာ ထပ်ထွက်သွားပြန်ရင်၊ အဲဒီစိတ် နောက်ကို လိုက်ကြည့်ပြီး၊ "စိတ်ထွက်တယ် - စိတ်ထွက်တယ်" "ပျံ့လွင့်တယ် - ပျံ့လွင့်တယ်"လို့ မှတ်။ မူလအရှုခံဆီ ပြန်လာရင်လည်း အရင်အတိုင်း ပြန်မှတ်ရပါတယ်။
            မိနစ် ၂၀ - ၃၀ လောက်ကြာလာရင်၊ ခန္ဓာကိုယ်တစ်နေရာရာက နာကြင်လာတာကို ခံစားရပါမယ်။ ခြေထောက်မှာဖြစ်ဖြစ်၊ ခြေမျက်စိဖြစ်ဖြစ်၊ နောက်ကျောဖြစ်ဖြစ် နာကြင်တာကို ခံစားလာရပါမယ်။ ဒီနာကြင်မှုဝေဒနာဟာ ၀မ်းဗိုက်လှုပ်ရှားမှုထက် ပိုထင်ရှားပြီး၊ ရှုမှတ်ဆဲအချိန်မှာ အထင်ရှားဆုံးအဓိကအကျဆုံးအဖြစ်ပေါ်ပေါ်လာတာကြောင့်၊ ဒီဝေဒနာကို စူးစူးစိုက်စိုက်၊ ပြင်းပြင်းထန်ထန်၊ အဆက်မပြတ်ဘဲ "နာတယ် - နာတယ်" လို့ ရှုမှတ်ပြီး စောင့်ကြည့်နေ ရပါမယ်။ နာကြင်မှုဟာ တဖြေးဖြေး ပိုပြင်းထန်လာနိုင်ပါတယ်။ ဒါကို သည်းခံပြီး၊ အရှိအတိုင်း သတိကပ်ကာ၊ "နာတယ် - နာတယ်" လို့ရှုမှတ်နေရပါမယ်။ နာကြင်မှုဟာ မခံမရပ်နိုင်အောင် ဖြစ်လာရင်တော့၊ မတ်တပ်ထရပ်ပြီး၊ စင်္ကြန်လျှောက်ကာ ရှုမှတ်သင့်ပါတယ်။ နာကြင်လာလို့ ဣရိယာပုပ်ကို ပြောင်းလိုက်တာထက်၊ စင်္ကြန်လျှောက် ရှုမှတ်လိုက်တာက ပိုမို ကောင်းမွန်ပါတယ်။ နာကြင်မှုကို သက်သာစေဖို့ ဣရိယာပုပ် မပြောင်းသင့်ပါဘူး။ ထရပ်လိုက်ပြီး စင်္ကြန်လျှောက် ရှုမှတ်ရပါမယ်။
            စင်္ကြန်လျှောက် နေချိန်မှာ ခြေထောက်ရဲ့ရွေ့လျားမှုကို ရှုမှတ်ရပါတယ်။ ဘယ်ခြေလှမ်း လှမ်းလိုက်ရင်၊ မိမိစိတ်ကို ဘယ်ခြေရဲ့ ရွေ့လျားမှုအပေါ် အာရုံစိုက်ထားရပါမယ်။ ညာခြေလှမ်း လှမ်းလိုက်ရင်၊ စိတ်ကို ညာခြေရဲ့ ရွေ့လျားမှုအပေါ် အာရုံစိုက်ရပါမယ်။ "ဘယ်လှမ်းတယ်" "ညာလှမ်းတယ်" လို့မှတ်ရပါတယ်။ခြေထောက်ရဲ့ရွေ့လျားမှုဟာဝါယောဓာတု-လေလှုပ်ရှားမှုဖြစ်ပြီးဒါကိုအရှိအတိုင်း စေ့စေ့စပ်စပ် သိနားလည်နေရပါမယ်။
            ဘယ်ခြေ ညာခြေတို့ရဲ့ ရွေ့လျားမှုကို ကောင်းကောင်းရှုမှတ်လာနိုင်ပြီဆိုရင်၊ ခြေလှမ်း ကြွတဲ့အပိုင်း နဲ့ ချတဲ့အပိုင်းဆိုပြီး၊ ခြေတစ်လှမ်းမှာ အပိုင်းနှစ်ပိုင်းခွဲ သိလာပါလိမ့်မယ်။ ခြေထောက်ကြွလိုက်ချိန်မှာ၊ ကြွတဲ့လှုပ်ရှားမှုကို သိနေပြီး "ကြွတယ်" လို့ မှတ်ရပါမယ်။ ခြေလှမ်းချလိုက်ရင်၊ ချနေတာကို သိနေပြီး "ချတယ်" လို့ မှတ်ရပါတယ်။ တခြားခြေတစ်ဖက် ကြွလိုက်ချိန်မှာ ခြေထောက်ရဲ့ ကြွလိုက်တဲ့ ရွေ့လျားမှုကို သိနေပြီး၊ "ကြွတယ်" လို့မှတ်၊  ချလိုက်ချိန်မှာ ချလိုက်တဲ့ ရွေ့လျားမှုကို "ချတယ်" လို့မှတ်။ ဒီနည်းနဲ့၊ "ကြွတယ် - ချတယ်" "ကြွတယ် - ချတယ်" လို့ မှတ်သွားရပါမယ်။
           "ကြွတယ် - ချတယ်" ဆိုတာကို ကောင်းစွာရှုမှတ်လာနိုင်ပြီဆိုရင်၊ အရှုခံအာရုံကို တစ်ဆင့်တိုးပြီး၊ ကြွတဲ့ရွေ့လျားမှု၊လှမ်းတဲ့ရွေ့လျားမှု၊ချတဲ့ရွေ့လျားမှုဆိုပြီး၊သိနေရပါမယ်။ ခြေတစ်လှမ်းလှမ်းဖို့အတွက် ခြေထောက်ကို ကြွလိုက်ပြီး အရှေ့ကို တွန်းလိုက်ကာ ပြန်ချပါတယ်။ ဒါကြောင့်၊ ခြေတစ်လှမ်းမှာ၊ ကြွတဲ့အပိုင်း၊ လှမ်းတဲ့အပိုင်း၊ ချတဲ့အပိုင်းဆိုပြီး အပိုင်းသုံးပိုင်းကို သိမှတ်နေရပါမယ်။ ဒီနည်းနဲ့ "ကြွတယ် - လှမ်းတယ် - ချတယ်"၊ နောက်တစ်ဖက် လှမ်းရင်လည်း၊ "ကြွတယ် - လှမ်းတယ် - ချတယ်"။ စင်္ကြန်လျှောက် ရှုမှတ်နေချိန်မှာ ဟိုဟိုဒီဒီ ကြည့်တာမျိုးကို မပြုလုပ်ရပါဘူး။ ဟိုဒီမကြည့်ဘဲ ကိုယ့်ရှေ့တည့်တည့် ၆ပေအကွာလောက်ကိုသာ မျက်လွှာချပြီး ကြည့်နေရပါတယ်။ ဒါမှသာ၊ စိတ်ဟာ "ကြွတယ် - လှမ်းတယ် - ချတယ်""ကြွတယ်လှမ်းတယ်ချတယ်"လို့၊ခြေထောက်ရဲ့ရွေ့လျားမှုအပေါ်အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။
 ဖြေးညင်းစွာဘဲ လှမ်းရပါတယ်။ ခပ်မြန်မြန်လျှောက်နေရင်၊ ခြေထောက်ရဲ့ ရွေ့လျားမှုတစ်ခုစီကို သတိကပ်နိုင်မှာ မဟုတ်လို့၊ ဖြေးဖြေးလျှောက်ဖို့ လိုပါတယ်။
           လျှောက်လမ်း အဆုံးထိ ရောက်သွားရင်တော့၊ ပြန်လှည့်ရပါတယ်။ ပြန်လှည့်ခါနီးမှာ ခန္ဓာကိုယ်ကို လှည့်ဖို့ ကြံရွယ်စိတ်၊ လှည့်ချင်တဲ့စိတ်တွေ ဖြစ်နေပါတယ်။ ဒီအခါမှာ "လှည့်ချင်တယ် - လှည့်ချင်တယ်" လို့မှတ်ရပါတယ်။ ပြီးမှ ခန္ဓာကိုယ်ရဲ့ ဖြေးဖြေးချင်း လှည့်သွားတဲ့ရွေ့လျားမှုကို "လှည့်တယ် - လှည့်တယ်"လို့ မှတ်ရပါတယ်။ မိမိ လျှောက်လာ ခဲ့တဲ့ လမ်းကြောင်းအတိုင်း မျက်နှာမူမိပြီဆိုရင်၊ မရွေ့မလျား မတ်မတ်ရပ်နေပြီး၊ ရပ်နေတဲ့အနေအထားကိုဘဲ "ရပ်တယ် - ရပ်တယ်"လို့ ၁၀ကြိမ်လောက် မှတ်ရပါသေးတယ်။ အဲဒီနောက်မှာတော့ လာလမ်းအတိုင်း စင်္ကြန်ပြန်လျှောက်လာပြီး၊ "ကြွတယ် - လှမ်းတယ် - ချတယ်" လို့၊ ရှုမှတ်ရပါတယ်။
             ဒီနည်းအတိုင်း စင်္ကြန်လျှောက်ရှုမှတ်ခြင်းကို အနည်းဆုံး ၁နာရီလောက် ရှုမှတ်သင့်ပါတယ်။ ကျင့်သားမရသေးသူ များအတွက်တော့ ၁နာရီလောက် စင်္ကြန်လျှောက်ဖို့ဆိုတာ၊ သိပ်တော့မလွယ်ကူပါဘူး။ ဒါကြောင့် မိနစ် ၃၀ လောက် စင်္ကြန်လျှောက်ပြီး၊ "ကြွတယ် - လှမ်းတယ် - ချတယ်" လို့ မှတ်သင့်ပါတယ်။ လျှောက်လမ်းအဆုံး ရောက်သွားရင်၊ အရင်လိုဘဲ ပြန်လုပ်ရပါတယ်။ မတ်မတ်ရပ်၊ ခန္ဓာကိုယ်ရဲ့ တည့်မတ်နေတဲ့ အနေအထား၊ မတ်မတ်ရပ်နေတဲ့ အနေအထားကို သတိကပ်ပြီး၊ "ရပ်တယ်"လို့မှတ်။ "လှည့်ချင်တယ် - လှည့်ချင်တယ်"လို့ မှတ်ပြီး၊ တဖြေးဖြေး ခန္ဓာကိုယ် လှည့်သွားချိန်မှာ "လှည့်တယ် - လှည့်တယ်"လို့ မှတ်ပါ။ မမြန်ရပါဘူး။ ဒီနည်းအတိုင်း လမ်းကြောင်းတစ်ခုထဲကိုဘဲ အရှေ့ အနောက် အခါခါ လျှောက်ရပါမယ်။ ဒီလိုနဲ့ ခြေထောက်ရဲ့ ရွေ့လျားမှုအပေါ် စိတ်ဟာ တဖြေးဖြေး အာရုံစူးစိုက် လာနိုင်ပါလိမ့်မယ်။ ဒီလိုအာရုံစူးစိုက်မှုကို ပါဠိလို သမာဓိ လို့ ခေါ်ပါတယ်။ အင်တိုက်အားတိုက် မပြတ်မလပ် ရှုမှတ်ခြင်းအားဖြင့်၊ သမာဓိကို ရနိုင်ပါတယ်။ စင်္ကြန်လျှောက် ရှုမှတ်ခြင်းနဲ့၊ ထိုင်ပြီး ရှုမှတ်ခြင်းကို တစ်လှည့်စီ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် စင်္ကြန်လျှောက် ရှုမှတ်ခြင်းကို၊ ထိုင်ပြီး ရှုမှတ်ခြင်းတိုင်းရဲ့ ကနဦးအဖြစ် ပြုလုပ်သင့်ပါတယ်။
            စင်္ကြန်လျှောက်ပြီးပြီဆိုရင်တော့၊ ထိုင်ပြီးရှုမှတ်မယ့်နေရာဆီ လျှောက်ရပါတော့မယ်။  စင်္ကြန်လျှောက်စဉ်က ရရှိထားတဲ့ သမာဓိကို၊ မပြတ်တောက် မရပ်တန့်စေဘဲ၊ ထိုင်ပြီးရှုမှတ်မယ့်နေရာဆီ လှမ်းလျှောက်သွားရပါမယ်။ ထိုင်မယ့်နေရာအထိ "ကြွတယ် - လှမ်းတယ် - ချတယ်" "ကြွတယ် - လှမ်းတယ် - ချတယ်" လို့၊ ရှုမှတ်သွားမှသာ၊ သမာဓိ မပျက်မှာပါ။ နေရာကိုရောက်ပြီဆိုရင် "ရပ်တယ် - ရပ်တယ်"လို့ မှတ်ရပါမယ်။ ခန္ဓာကိုယ်ရဲ့ မတ်မတ်အနေအထားကို အာရုံစိုက်ထားရပါမယ်။ ဒီနောက်တော့ တရားရှုမှတ်ဖို့အတွက် ထိုင်ပါတော့မယ်။ ထိုင်ဖို့စိတ်ကူးနေစဉ်မှာ၊ စိတ်ကူးတာကို သိနေပြီး "ထိုင်ဖို့စိတ်ကူးတယ် - စိတ်ကူးတယ်"လို့ ရှုမှတ်ပါ။ နေရာမှာ ဖြေးညင်းစွာထိုင်လိုက်ပါ။ ထိုင်လိုက်တဲ့ လှုပ်ရှားမှုတစ်ခုလုံးကို သိနေပြီး "ထိုင်တယ် - ထိုင်တယ်"လို့ မှတ်ရပါတယ်။ ခန္ဓာကိုယ်က နေရာနဲ့ ထိသွားချိန်မှာ "ထိတယ် ထိတယ်"၊ ခြေ လက် အနေအထားတွေ ပြုပြင်နေချိန်မှာလည်း၊ လှုပ်ရှားမှုအားလုံးကို သူ့အတိုင်း သိမှတ်နေရပါမယ်။
           ခြေထောက်ကို တင်ပလ္လင်ခွေဖြစ်ဖြစ် အခြားသက်တောင့်သက်သာ အနေအထားဖြစ်ဖြစ် ထိုင်ရပါတယ်။ ကျောရိုးကို တည့်တည့်မတ်မတ်ထားရပါတယ်။ ဒါပေမယ့် ဆန့်ထုတ်မထားရပါဘူး။ တည့်မတ်နေဖို့တော့လိုပါတယ်။ လည်ပင်းနဲ့ ဦးခေါင်းကို တည့်တည့်ထားရပါမယ်။ အဲဒီနောက် မျက်လုံးတွေကိုမှိတ်ပြီး၊ အဓိက အရှုခံအာရုံဖြစ်တဲ့ ၀မ်းဗိုက် ဖောင်းလိုက် ပိန်လိုက် လှုပ်ရှားမှုအပေါ်၊ စိတ်ကိုအာရုံစိုက်ထားရပါမယ်။ စိတ်ကို စူးစိုက်ထားပါ။ ၀မ်းဗိုက်ဖောင်းလာရင်၊ ဖောင်းလာတဲ့လှုပ်ရှားမှုကို သိနေပြီး "ဖောင်းတယ်" ။ ပိန်သွားရင် "ပိန်တယ်" ။ ဒီလိုနဲ့ "ဖောင်းတယ် - ပိန်တယ်" "ဖောင်းတယ် - ပိန်တယ်" လို့ မှတ်ရပါတယ်။
            စင်္ကြန်လျှောက်ရှုမှတ်ခြင်းနဲ့ ထိုင်ပြီးရှုမှတ်ခြင်းကို တစ်လှည့်စီ လုပ်ရပါမယ်။ ထိုင်ပြီးရှုမှတ်ရာကနေ စင်္ကြန် လျှောက်တော့မယ်ဆိုရင် ထိုင်ရာကနေ ထရပ်လိုက်ချိန်မှာ ခြေ လက် ခန္ဓာတို့ရဲ့ လှုပ်ရှားမှုအားလုံးကို၊ ဖြစ်ပေါ်လာတဲ့ အတိုင်း၊ သိမှတ်နေရပါမယ်။ စင်္ကြန်လျှောက်မယ့်နေရာကို သွားနေချိန်မှာ၊ ဘယ်ခြေ ညာခြေတို့ရဲ့လှုပ်ရှားမှုကို သိနေပြီး "ဘယ်လှမ်းတယ် - ညာလှမ်းတယ်" "ဘယ်လှမ်းတယ်-ညာလှမ်းတယ်" လို့မှတ်ရပါတယ်။ လျှောက်မယ့်နေရာကို ရောက်ရင်၊ မရွေ့ဘဲရပ်နေပြီး၊ ရပ်တဲ့အနေအထားကိုသိနေကာ "ရပ်တယ်" "ရပ်တယ်"။ ဒီလိုနည်းနဲ့ မိမိ ခန္ဓာနဲ့ စိတ်မှာ၊ ဘာဘဲပေါ်လာပေါ်လာ၊ ပေါ်လာတဲ့အတိုင်း မှတ်နေရပါမယ်။ ဒါဟာ ၀ိပဿနာ ဘာဝနာ ဖြစ်ပါတယ်။ ခန္ဓာအစဉ်နဲ့ စိတ်အနေအထားတို့ကို ဖြစ်ပေါ်လာတဲ့အတိုင်း အမှန်အတိုင်းသိနေအောင် ၀ိပဿနာကို ရှုမှတ်ကြခြင်းဖြစ်ပါတယ်။
            ဒါကြောင့် ၀ိပဿနာ ဘာဝနာ အားထုတ်နည်းကို မှန်ကန်စွာ နားလည်သဘောပေါက်ကြပြီး၊ မိမိတို့ ရည်မှန်းချက် ပေါက်မြောက်သည်အထိ အစွမ်းကုန် ကြိုးစားအားထုတ်နိုင်ကြပါစေ။
( www.chanmyay.org ရှိ basic instructions ကို၊ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ )
1 comment: