ယမက၀ဂ်
၁။ နာမ်တရားတို့သည်စိတ်လျှင် ရှေ့သွားရှိကုန်၏။စိတ်လျှင်အကြီးအမှူးရှိကုန်၏။စိတ်ဖြင့်ပြီးကုန်၏။
အကယ်၍ ပြစ်မှားလိုသောစိတ်ဖြင့် ပြောဆိုလျှင်သော်၎င်း၊ ပြုလုပ်လျှင်သော်၎င်း၊ ကြံစည်လျှင်သော်၎င်း၊ လှည်းဘီးသည် ၀န်ဆောင်နွား၏နောက်သို့ အစဉ်လိုက်ပါလာဘိသကဲ့သို့၊ ထိုအမှုကြောင့် ထိုသူ၏နောက်သို့ ဆင်းရဲခြင်းသည် အစဉ်လိုက်ပါလာ၏။
၂။ နာမ်တရားတို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏။ စိတ်လျှင် အကြီးအမှူးရှိကုန်၏။ စိတ်ဖြင့် ပြီးကုန်၏။ အကယ်၍ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် ပြောဆိုလျှင်သော်၎င်း၊ ပြုလုပ်လျှင်သော်၎င်း၊ ကြံစည်လျှင်သော်၎င်း၊ လှည်းဘီးသည် ၀န်ဆောင်နွား၏နောက်သို့ အစဉ်လိုက်ပါလာဘိသကဲ့သို့၊ ထိုအမှုကြောင့် ထိုသူ၏နောက်သို့ ချမ်းသာခြင်းသည် အစဉ်လိုက်ပါလာ၏။
၃။ ၄။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှင်းဆဲဖူးပြီ၊ ငါ့ကို အောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု၊ သူ့အပေါ်၌ အကြင်သူတို့သည် ရန်ငြိုးဖွဲ့ကုန်၏။ ထိုရန်ငြိုးဖွဲ့သောသူတို့အား ရန်သည် မငြိမ်းအေးနိုင်။
၅။ ဤလောက၌ ရန်တုန့်မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မငြိမ်းအေးနိုင်ကုန်။ ရန်တုန့်မမူခြင်းဖြင့်သာလျှင် ရန်အေးနိုင်ကုန်၏။ ဤသဘောကား ရှေးရိုးစဉ်လာ ဓမ္မတာပင်တည်း။
၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့သေလိမ့်မည်ဟု မသိကြကုန်။ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုန်မှုတို့သည် မပြေငြိမ်းနိုင်ကြကုန်။ ဤလောက၌ ပညာရှိသူတို့သည်ကား ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏။ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုန်မှုတို့သည် ပြေငြိမ်းကုန်၏။
၇။ တင့်တယ်၏ဟု အဖန်ဖန်ရှုနေသော၊ ဣနြေ္ဒတို့၌ မစောင့်စည်းသော၊ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိသော၊ ပျင်းရိသော၊ ၀ီရိယလျော့သောသူကို၊ ကိလေသာမာန်သည် ဧကန်မုချ နှိပ်စက်ညှင်းဆဲ သကဲ့သို့တည်း။
၈။ တင့်တယ်၏ဟု အဖန်ဖန်ရှုမနေသော၊ ဣနြေ္ဒတို့၌ စောင့်စည်းသော၊ ဘောဇဉ်၌ အတိုင်းအရှည်ကို သိသော၊ သဒ္ဓါတရားရှိသော၊ အားထုတ်အပ်သော ၀ီရိယရှိသောသူကို၊ ကိလေသာမာန်သည် ဧကန်မုချ မနှိပ်စက် မညှင်းဆဲနိုင်ပေ။ ကျောက်တောင်ကို လေသည် မနှိပ်စက် မညှင်းဆဲနိုင်သကဲ့သို့တည်း။
၉။ ဣနြေ္ဒကို ဆုံးမခြင်း ကင်း၍၊ မှန်ကန်စွာပြောဆိုခြင်း မရှိသော၊ ကိလေသာဖန်ရည် မကင်းပါဘဲလျှက် ဖန်ရည် သင်္ကန်းကို ၀တ်သောသူသည် ဖန်ရည်ဆိုးသင်္ကန်းနှင့် မထိုက်တန်ပေ။
၁၀။ ဣနြေ္ဒတို့ကို ဆုံးမ၍၊ မှန်ကန်စွာပြောဆိုခြင်း ရှိသော၊ ကိလေသာဖန်ရည်ကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသော သူသည်သာလျှင်၊ ဖန်ရည်ဆိုးသင်္ကန်းနှင့် ထိုက်တန်၏။
၁၁။ အနှစ်မရှိသော တရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်သော၊ အနှစ်ရှိသော တရား၌ အနှစ်မရှိဟု အယူရှိကြကုန်သော သူတို့သည် မှားယွင်းသောကြံစည်မှုလျှင် အာရုံရှိကုန်သည်ဖြစ်၍၊ အနှစ်ရှိသောတရားကို မရနိုင်ကြကုန်။
၁၂။ အနှစ်ရှိသော တရားကိုလည်း အနှစ်ရှိသောတရားဟူ၍၊ အနှစ်မရှိသော တရားကိုလည်း အနှစ်မရှိသောတရားဟူ၍
သိကြကုန်သောကြောင့်၊ ထိုသူတို့သည် မှန်ကန်သော ကြံစည်မှုလျှင် အာရုံရှိကုန်သညဖြစ်၍၊ အနှစ်ရှိသောတရားကို ရနိုင်ကြကုန်၏။
၁၃။ ကောင်းစွာမိုး၍ မထားအပ်သော အိမ်ကို၊ မိုးရေသည် ဖောက်၍၀င်နိုင်သကဲ့သို့၊ ကောင်းမွန်စွာ မပွားအပ်သော စိတ်ကို ရာဂသည် ဖောက်၍၀င်နိုင်၏။
၁၄။ ကောင်းစွာမိုး၍ ထားအပ်သော အိမ်ကို၊ မိုးရေသည် ဖောက်၍မ၀င်နိုင်သကဲ့သို့၊ ကောင်းမွန်စွာ ပွားအပ်သော စိတ်ကို ရာဂသည် ဖောက်၍မ၀င်နိုင်ပေ။
၁၅။ မကောင်းမှု ပြုလုပ်သောသူသည် ဤဘ၀၌ စိုးရိမ်ရ၏။ တမလွန်ဘ၀၌ စိုးရိမ်ရ၏။ ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘ၀တို့၌ စိုးရိမ်ရ၏။ ထိုသူသည် မိမိ၏ ညစ်နွမ်းသောကံကို သိမြင်၍ စိုးရိမ်ရ၏။ ပူပန်ရ၏။
၁၆။ ကောင်းမှု ပြုလုပ်သောသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏။ တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏။ ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀တို့၌ ၀မ်းမြောက်ရ၏၊ အလွန် ၀မ်းမြောက်ရ၏။
၁၇။ မကောင်းမှု ပြုလုပ်သောသူသည် ဤဘ၀၌လည်း ပူပန်ရ၏။ တမလွန်ဘ၀၌လည်း ပူပန်ရ၏။ ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀၌ ပူပန်ရ၏။ ငါသည် မကောင်းမှုကို ပြုမိပြီဟူ၍ ပူပန်ရ၏။ ဒုဂ္ဂတိဘုံသို့ ကျရောက်ပါမူကား အလွန်အမင်း ပူပန်ရ၏။
၁၈။ ကောင်းမှု ပြုလုပ်သောသူသည် ဤဘ၀၌လည်း နှစ်သက်ရ၏။ တမလွန်ဘ၀၌လည်း နှစ်သက်ရ၏။ ပစ္စုပ္ပန် တမလွန်
နှစ်တန်သောဘ၀တို့၌ နှစ်သက်ရ၏။ ငါသည် ကောင်းမှုကို ပြုအပ်ပြီဟူ၍ နှစ်သက်ရ၏။ သုဂတိဘုံသို့ ကျရောက်ပါမူကား
အလွန်နှစ်သက်ရ၏။
၁၉။ နွားရှင်ဖြစ်သူ သူတစ်ပါးတို့အား နွားများကို ရေတွက်၍ အပ်လိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားရသကဲ့သို့၊ အကျိုးစီးပွားနှင့် စပ်ယှဉ်သော တရားစကားကို များစွာဟောကြားနေသော်လည်း၊ မေ့မေ့လျော့လျော့ နေသောသူသည်၊ ပြုထိုက်သည်ကို ပြုသည် မမည်ပေ။ မဂ်ဖိုလ်အရသာကို မခံစားရပေ။
၂၀။ အကျိုးစီးပွားနှင့် စပ်ယှဉ်သော တရားစကားကို အနည်းငယ်မျှသာ ဟောပြောပါသော်လည်း တရားအားထုတ်သော အကျင့်ကို ကျင့်လေ့ရှိသူ ဖြစ်ပါမူကား ရာဂ၊ ဒေါသ၊ မောဟကို ပယ်ပြီးလျှင် ကောင်းစွာ အပြားအားဖြင့် သိသည်ဖြစ်၍ ကိလေသာတို့မှ လွတ်သောစိတ် ရှိသည်ဖြစ်၍၊ ဤလောက၌၎င်း၊ တမလွန်လောက၌၎င်း၊ စွဲလန်းမှု မရှိတော့ပြီ။ ထိုသူသည် မဂ်ဖိုလ်အရသာကို ခံစားရပေသည်။
အပ္ပမာဒ၀ဂ်
၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏ အကြောင်းတည်း။ မေ့လျော့စွာ နေခြင်းသည် သေခြင်း၏ အကြောင်းတည်း။ မမေ့ မလျော့သော သူတို့သည် သေသည် မမည်ကုန်။ မေ့လျော့သောသူတို့ကား သေသည် မည်ကုန်၏။
၂၂။ မမေ့မလျော့သော ပညာရှိတို့သည် ဤသို့သော ထူးခြားချက်ကိုသိ၍၊ မမေ့မလျော့သော သတိတရား၌ ရွှင်လန်း ၀မ်းမြောက်ကြကုန်လျက်၊ အရိယာတို့ ကျက်စားရာ လောကုတ္တရာ တရားတို့၌ မွေ့လျော်ကြကုန်၏။
၂၃။ ထိုပညာရှိတို့သည်၊ ကိလေသာကို လောင်ကျွမ်းစေကြပြီးလျှင်၊ အမြဲမပြတ်လုံ့လပြုကုန်၍၊ မတွန့်မဆုတ် လုံ့လပြု ကုန်၍၊ ယောဂလေးပါး၏ကုန်ရာ အတုမရှိသော မြတ်နိဗ္ဗာန်သို့ ရောက်ကြကုန်၏။
၂၄။ ထကြွလုံ့လ ရှိသောသူ၊ သတိရှိသောသူ၊ စင်ကြယ်သော ကံသုံးပါး ရှိသောသူ၊ စူးစမ်းဆင်ခြင်၍ ပြုလေ့ရှိသောသူ၊ ဣနြေ္ဒကို စောင့်စည်းသောသူ၊ တရားသဖြင့် အသက်မွေးသောသူ၊ မမေ့မလျော့သောသူအား၊ အခြွေအရံ အကျော် အစောသည် တိုးပွား၏။
၂၅။ ထကြွလုံ့လ ပြုခြင်းနှင့်၎င်း၊ မမေ့မလျော့ခြင်းနှင့်၎င်း၊ သီလစောင့်ခြင်းနှင့်၎င်း၊ ဣနြေ္ဒကို ဆုံးမခြင်းနှင့်၎င်း၊ ပြည့်စုံ သော ပညာရှိသည်၊ အရဟတ္တဖိုလ်ဟူသော မှီရာကျွန်းကို ပြုလုပ်ရာ၏။ ထိုကျွန်းကို ကိလေသာရေအလျဉ်သည် မဖျက်ဆီး နိုင်ပေ။
၂၆။ ပညာမဲ့၍ မိုက်မဲသောသူတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏။ ပညာရှိသည်ကား မမေ့မလျော့ခြင်းကို အမြတ်ဆုံးသောဥစ္စာ ကဲ့သို့ စောင့်ရှောက်၏။
၂၇။ ထို့ကြောင့် သင်တို့သည် မေ့လျော့ခြင်းကို အားမထုတ်ကြကုန်လင့်။ ကာမတို့၌ မွေ့လျော်ခြင်းဟု ဆိုအပ်သော တဏှာနှင့် အကျွမ်းဝင်ခြင်းကို အားမထုတ်ကြကုန်လင့်။ အဘယ်ကြောင့်နည်းမူကား၊ သမထ ၀ိပဿနာဖြင့် ကိလေသာကို ရှို့မြိုက်သော၊ မမေ့မလျော့သောသူသည်၊ မြင့်မြတ်သော နိဗ္ဗာန်ချမ်းသာသို့ ရောက်နိုင်သောကြောင့်တည်း။
၂၈။ ပညာရှိသည် မေ့လျော့ခြင်းကို မမေ့လျော့ခြင်းဖြင့် ပယ်ဖျောက်၏။ စိုးရိမ်မှုကင်းပြီးသော ရဟန္တာသည်၊ ဒိဗ္ဗစက္ခု တည်းဟူသော၊ ပညာပြဿဒ်သို့ တက်ပြီးလျှင်၊ စိုးရိမ်မှု ရှိနေကြသော သတ္တ၀ါအပေါင်းကို ကြည့်ရှု၏။ တောင်ထိပ်၌ တည်နေသောသူသည်၊ မြေပြင်၌ တည်နေသောသူတို့ကို ကြည့်ရှုသကဲ့သို့၊ ရဟန္တာပညာရှိသည် သူမိုက်တို့ကို ကြည့်ရှု၏။
၂၉။ လျင်မြန်သောမြင်းသည် ခွန်အားနည်းသောမြင်းကို နောက်ချန်ထား၍ သွားဘိသကဲ့သို့၊ မမေ့မလျော့သော ပညာရှိ တို့သည် မေ့လျော့နေသောသူတို့ကို နောက်ချန်ထား၍ သွား၏။ နိုးကြားနေသော ပညာရှိသည် အိပ်မောကျနေသူတို့ကို နောက်ချန်ထား၍ သွား၏။
၃၀။ မာဃလုလင်သည် ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ ရောက်၏။ ကုသိုလ် ကောင်းမှု၌ မမေ့လျော့ခြင်းကို ပညာရှိတို့ ချီးမွမ်းကြကုန်၏။ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။
၃၁။ မီးသည် ကြီးငယ်မရှောင် လောင်စာဟူသမျှ လောင်ကျွမ်းဘိသကဲ့သို့၊ မမေ့လျော့ခြင်း၌ မွေ့လျော်၍၊ မေ့လျော့ခြင်း ကို ဘေးဟု ရှုလေ့ရှိသော ရဟန်းသည်၊ ကြီးကြီးငယ်ငယ် သံယောဇဉ်တွယ်တာမှု ဟူသမျှကို လောင်ကျွမ်းစေလျက်၊ နိဗ္ဗာန်သို့ သွား၏။
၃၂။ မမေ့လျော့ခြင်း၌ မွေ့လျော်၍၊ မေ့လျော့ခြင်းကို ဘေးဟု ရှုလေ့ရှိသော ရဟန်းသည်၊ မဂ်ဖိုလ်မှ ဆုတ်ယုတ်ခြင်းငှာ မထိုက်တန်ပေ။ ထိုရဟန်းသည် နိဗ္ဗာန်၏ အနီး၌သာလျှင် ရှိနေပေသည်။
စိတ္တ၀ဂ်
၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုဘိသကဲ့သို့၊ တုန်လှုပ်တတ်သော၊ လျှပ်ပေါ်လော်လည်သော၊ စောင့်ထိန်း ရန် ခက်ခဲသော၊ တားမြစ်ရန်ခက်ခဲသော စိတ်ကို၊ ပညာရှိသည် ဖြောင့်အောင်ပြု၏။
၃၄။ ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍၊ ကုန်းပေါ်၌ ပစ်ချထားအပ်သော ငါးသည်၊ တဖျပ်ဖျပ် တုန်လှုပ်ဘိ သကဲ့သို့၊ ကိလေသာမန် ကိုယ်တွင်းရန်ကို ပယ်နိုင်ရန်၊ ကာမနယ်မှ ထုတ်ဆောင်ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။
၃၅။ နှိမ်နင်းရန် ခဲယဉ်းထသော၊ လျှင်မြန်သော သဘောရှိသော၊ အလိုရှိရာအာရုံ၌ ကျရောက်ကျက်စားလေ့ရှိသော စိတ်ကို ဆုံးမခြင်းသည် ကောင်း၏။ ဆုံးမပြီး၍ ယဉ်ကျေးသောစိတ်သည် ချမ်းသာသုခကို ရွက်ဆောင်၏။
၃၆။ အလွန်တရာ မြင်နိုင်ခဲထသော၊ အလွန်တရာ သိမ်မွေ့ထသော၊ အလိုရှိရာအာရုံ၌ ကျရောက်ကျက်စားလေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင့်ရှောက်ထားအပ်သော စိတ်သည် ချမ်းသာသုခကို ရွက်ဆောင်၏။
၃၇။ အဝေးသို့သွားတတ်သော၊ တစ်ခုတည်း ကျက်စားတတ်သော၊ အကောင်အထည် မရှိသော၊ ဟဒယ၀တ္ထုတည်း ဟူသော လှိုင်ဂူ၌ နေသော စိတ်ကို အကြင်သူတို့သည် စောင့်စည်းကြကုန်၏။ ထိုသူတို့သည် မာန်အနှောင်အဖွဲ့မှ လွတ်မြောက်ကြကုန်လတ္တံ့။
၃၈။ မတည်တံ့သောစိတ် ရှိသော၊ သူတော်ကောင်းတရားကို မသိသော၊ ယုံကြည်မှု မခိုင်မြဲသောသူအား၊ ပညာသည် မပြည့်စုံပေ။
၃၉။ ရာဂဖြင့် မစွတ်စိုသောစိတ် ရှိသော၊ ဒေါသဖြင့် ထိပါးပုတ်ခတ်စိတ် မရှိသော၊ ကောင်းမှု မကောင်းမှုကို ပယ်ပြီးသော နိုးကြားသော ရဟန္တာပုဂ္ဂိုလ်အား၊ ဘေးရန်မရှိတော့ပေ။
၄၀။ ဤခန္ဓာကိုယ်ကို အိုးနှင့်တူ၏ဟု သိ၍၊ ဤစိတ်ကို မြို့နှင့်တူ၏ဟု ဉာဏ်၌သက်ဝင်စေလျက်၊ ပညာလက်နက်ဖြင့် ကိလေသာမာန်ကို တိုက်ဖျက်ရာ၏။ တိုက်ဖျက်၍ အောင်မြင်သော တရားကိုလည်း ကပ်ငြိတွယ်တာခြင်း မရှိဘဲ စောင့်ရှောက်ထားရာ၏။
၄၁။ ဤခန္ဓာသည် စိတ်ဝိညာဉ် ကင်းသွားခဲ့သော်၊ အသုံးမကျသော ထင်းတုံးကဲ့သို့ စွန့်ပစ်အပ်သည်ဖြစ်၍၊ မကြာမီ မြေပေါ်၌ အိပ်ရပေလိမ့်မည် တကား။
၄၂။ ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကိုမြင်၍ ပျက်စီးအောင် ပြုရာ၏။ ရန်သူတစ်ယောက်သည် ရန်သူ တစ်ယောက်ကို မြင်၍ ပျက်စီးအောင် ပြုရာ၏။ မကောင်းသဖြင့် ထားအပ်သော စိတ်သည်ကား၊ ထိုစိတ်ဖြစ်ပွားသောသူကို ထို့ထက်ပင် ယုတ်ညံ့အောင် ပြုပေသည်။
၄၃။ လူ နတ် နိဗ္ဗာန် သုံးတန်သော ထိုချမ်းသာကို၊ အမိသည်လည်း ပြုမပေးနိုင်၊ အဖသည်လည်း ပြုမပေးနိုင်၊ ဆွေမျိုးတို့ သည်လည်း ပြုမပေးနိုင်။ ထိုသို့သော ချမ်းသာကို၊ ကောင်းစွာထားအပ်သောစိတ်သာလျှင် ထိုမိဘဆွေမျိုးတို့ထက်၊ တစ်ဆင့်ထက် တစ်ဆင့် မြင့်မြတ်အောင် ပြုလုပ်ပေးနိုင်သည်။
ပုပ္ဖ၀ဂ်
၄၄။ ဤခန္ဓာကိုယ်တည်းဟူသော မြေကြီးကို၎င်း၊ အပါယ်လေးဘုံတည်းဟူသော ကာမလောကကို၎င်း၊ နတ်လောကနှင့် တကွသော ဤလူ့လောကကို၎င်း၊ အဘယ်သူသည် ဉာဏ်ဖြင့် စိစစ်ရွေးချယ်နိုင်မည်နည်း။ ကျွမ်းကျင်ပြီးသော ပန်းသည်သည် ပန်းကို ကောင်းစွာ စိစစ်ရွေးချယ်သကဲ့သို့၊ ကောင်းစွာဟောကြားအပ်သော တရားအစု ( ဓမ္မပဒ ) ကို၊ အဘယ်သူသည် စိစစ်ရွေးချယ်နိုင်မည်နည်း။
၄၅။ ဤခန္ဓာကိုယ်တည်းဟူသော မြေကြီးကို၎င်း၊ အပါယ်လေးဘုံတည်းဟူသော ကာမလောကကို၎င်း၊ နတ်လောကနှင့် တကွသော ဤလူ့လောကကို၎င်း၊ သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် စိစစ်ရွေးချယ်နိုင်ပေလတ္တံ့။ ကျွမ်းကျင်ပြီးသော ပန်းသည်သည် ပန်းကို ကောင်းစွာ စိစစ်ရွေးချယ်သကဲ့သို့ ကောင်းစွာဟောကြားအပ်သော တရားအစု ( ဓမ္မပဒ ) ကို၊ သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် စိစစ်ရွေးချယ်နိုင်ပေလတ္တံ့။
၄၆။ ဤခန္ဓာကိုယ်ကို ရေမြှုပ်နှင့် တူ၏ဟုသိ၍၊ တံလှပ်သဘောရှိ၏ဟု ဥာဏ်ဖြင့်ထိုးထွင်း သိမြင်လျက်၊ မာရ်နတ်မင်း၏ ပန်းခိုင်သဖွယ်ဖြစ်သော ၀ဋ်သုံးပါးတို့ကို ဖြတ်တောက်ပြီးလျှင်၊ သေမင်းမမြင်နိုင်ရာ နိဗ္ဗာန်သို့ သွားရာ၏။
၄၇။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးနေသောသူကဲ့သို့၊ ကာမဂုဏ်တို့၌ လွန်စွာကပ်ငြိတွယ်တာစိတ် ရှိနေသော သူကို၊ ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသောရွာကို လွှမ်းမိုးတိုက်ယူသွားသကဲ့သို့၊ သေမင်းသည် ယူဆောင်၍ သွား၏။
၄၈။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးနေသောသူကဲ့သို့၊ ကာမဂုဏ်တို့၌ လွန်စွာကပ်ငြိတွယ်တာစိတ် ရှိနေသော၊ ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်သောသူကို၊ သေမင်းယုတ်သည် မိမိအလိုအတိုင်း ပြုလုပ်သည်။
၄၉။ ပျားပိတုန်းသည် ပန်းပွင့်ကိုသော်၎င်း၊ အဆင်းအနံ့ကို၎င်း၊ မပျက်စေဘဲ၊ ပန်းဝတ်ရည်ကို စုပ်ယူပျံသွားဘိသကဲ့သို့ ရဟန်းသည် ပန်းတည်းဟူသော သဒ္ဓါတရားကို၎င်း၊ အဆင်းအနံ့တည်းဟူသော စည်းစိမ်ဥစ္စာကို၎င်း၊ မပျက်စီးစေဘဲ၊ ရွာ၌ ကျင့်သုံးရာ၏။
၅၀။ သူတစ်ပါး၏ မသင့်လျော်သော အပြစ်ဒေါသကို မကြည့်ရှုရာ။ သူတစ်ပါးတို့၏ ကောင်းမှု၊ မကောင်းမှု၊ ပြုမပြုကို မကြည့်ရှုရာ။ မိမိ၏ ကောင်းမှု၊ မကောင်းမှု ပြုမပြုကိုသာလျှင် ကြည့်ရှုရာ၏။
၅၁။ အဆင်းသာရှိ၍ အနံ့မရှိသော၊ လှပတင့်တယ်သော ပန်းသည်၊ တစ်စုံတစ်ရာ အကျိုးမရှိသကဲ့သို့၊ ကောင်းစွာဟော ကြားအပ်သော တရားဒေသနာတော်သည်၊ မလိုက်နာ မကျင့်သုံးသောသူအား အကျိုးဆောင်၍ မပေးနိုင်ချေ။
၅၂။ အဆင်းရောအနံ့ပါ ပြည့်စုံ၍ လှပတင့်တယ်သောပန်းသည်၊ အကျိုးများစွာ ရှိသကဲ့သို့၊ ကောင်းစွာဟောကြား အပ်သော တရားဒေသနာတော်သည်၊ လိုက်နာကျင့်သုံးသောသူအား အကျိုးများစွာ ရွက်ဆောင်ပေသည်။
၅၃။ ပန်းပုံကြီးအတွင်းမှ များစွာသောပန်းကုံးတို့ကို သီကုံးသကဲ့သို့ ဖြစ်ပေါ်လာသော သတ္တ၀ါသည်၊ ဥစ္စာ သဒ္ဓါတည်း ဟူသော အစုအပုံအတွင်းမှ များစွာသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ရာ၏။
၅၄။ ပန်းတို့၏ရနံ့သည် လေညာသို့ မရောက်နိုင်ပေ။ စန္ဒကူး၊ တောင်ဇလပ်၊ ကြက်ရုံးတို့၏ရနံ့သည်လည်း လေညာသို့ မရောက်နိုင်ပေ။ သူတော်ကောင်းတို့၏ သီလတည်းဟူသော ရနံ့သည်ကား အရပ်မျက်နှာအားလုံးသို့ သင်းပျံ့ လွှမ်းမိုးနိုင်၏။
၅၅။ စန္ဒကူးရနံ့သည်၎င်း၊ တောင်ဇလပ်ပန်း ရနံ့သည်၎င်း၊ ကြာညိုပန်း ရနံ့သည်၎င်း၊ မြတ်လေးပန်း ရနံ့သည်၎င်း ရှိပေ၏။ ထိုရနံ့မျိုးတို့ထက် သီလတည်းဟူသော ရနံ့သည်သာလျှင် အတုမရှိ မြင့်မြတ်လှပေ၏။
၅၆။ တောင်ဇလပ်ပန်း၊ စန္ဒကူးပန်းတို့၏ ရနံ့သည် အနည်းငယ်မျှသာဖြစ်၏။ သီလရှိသောပုဂ္ဂိုလ်တို့၏ သီလတည်း ဟူသော ရနံ့သည်ကား ထူးကဲမွန်မြတ်သည်ဖြစ်၍ နတ်ပြည်သို့ထိတိုင်အောင် သင်းပျံ့ကြိုင်လှိုင်၏။
၅၇။ သီလနှင့်ပြည့်စုံကုန်သော၊ မမေ့မလျော့နေလေ့ရှိကုန်သော၊ ကောင်းစွာဥာဏ်ဖြင့်သိ၍ ကိလေသာမှ လွတ်မြောက် သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို၊ မာရ်နတ်သည် မတွေ့မမြင်နိုင်ပေ။
၅၈။ လမ်းမကြီး၌ စွန့်ပစ်ထားသော အမှိုက်ပုံ၌၊ မွှေးရနံ့ကြိုင်လှိုင်၍ နှစ်သက်ဖွယ်ရှိသော ပဒုမ္မာကြာပန်း ပေါက်လာ သကဲ့သို့
၅၉။ အမှိုက်ပုံသဖွယ်ဖြစ်သောသတ္တ၀ါတို့ အလယ်၌ နေသော၊ ဘုရားရှင်၏တပည့်သည်လည်း၊ အကန်းသဖွယ်ဖြစ်သော ပုထုဇဉ်တို့ကို၊ ပညာဖြင့်ကျော်လွန်၍ တင့်တယ်၏။
ဗာလ၀ဂ်
၆၀။ အိပ်မပျော်သူအား ညဥ့်တာသည် ရှည်လျား၏။ ခရီးပန်းသောသူအား တစ်ယူဇနာခရီးသည် ရှည်လျား၏။ သူတော် ကောင်းတရားကို မသိသော သူမိုက်တို့အား သံသရာသည် ရှည်လျား၏။
၆၁။ တရားကျင့်သုံးသောသူသည်၊ မိမိထက် မြင့်မြတ်သူနှင့် တူညီသူကို မရနိုင်ပါလျှင်၊ တစ်ယောက်တည်းသာလျှင်၊ စွဲမြဲစွာ ကျင့်သုံးသင့်၏။ လူမိုက်တို့နှင့် ပေါင်းသင်းဆက်ဆံ၍ အကျိုးမရှိချေ။
၆၂။ ငါ့အား သားသမီးတို့ ရှိကုန်၏၊ ဥစ္စာတို့ ရှိကုန်၏ဟူ၍ လူမိုက်သည် သာယာစွဲလန်းမှုဖြင့် ဆင်းရဲပင်ပန်းရ၏။ အမှန်အားဖြင့် မိမိအား အတ္တဟူ၍ မရှိပါဘဲလျက် အဘယ်မှာ မိမိ၏သားသမီး ရှိပေမည်နည်း။ အဘယ်မှာ မိမိဥစ္စာ ရှိပေမည်နည်း။
၆၃။ လူမိုက်သည် မိမိမိုက်သည့်အဖြစ်ကို သိ၏၊ ထိုသို့သိခြင်းကြောင့် ပညာရှိ ဖြစ်နိုင်သေး၏။ လူမိုက်သည် ငါပညာရှိ ဟူ၍ မိမိကိုယ်ကို အထင်ရောက်ပါမူကား၊ ထိုသူကို လူမိုက်စင်စစ်ဟု ခေါ်ဆိုရပေသည်။
၆၄။ ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့၊ လူမိုက်သည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိကို ဆည်းကပ်နေသော်လည်း၊ သူတော်ကောင်းတရားကို မသိနိုင်ချေ။
၆၅။ လျှာသည် ဟင်း၏အရသာကို ချက်ချင်းသိသကဲ့သို့၊ သိကြားလိမ္မာသောသူသည် ပညာရှိကို တခဏမျှ ချဉ်းကပ် ရစေကာမူ၊ သူတော်ကောင်းတရားကို လျှင်မြန်စွာသိနိုင်၏။
၆၆။ စပ်ရှားခံခက် ဆင်းရဲခြင်းသက်သက်သော အကျိုးကို ပေးတတ်သော၊ မကောင်းမှု အကုသိုလ်ကံကို ပြုကြသော လူမိုက်တို့သည်၊ မိမိကိုယ်မိမိ ရန်ပြုကြကုန်လျက်၊ သံသရာမှာ လှည့်လည်ကြရကုန်၏။
၆၇။ အကြင်ကံကို ပြုလုပ်ပြီး၍ နောင်တ တစ်ဖန် ပူပန်ရ၏။ အကြင်ကံ၏အကျိုးကို မျက်ရည်စက်လက် ငိုကြွေးလျက် ခံစားရ၏။ ထိုကံမျိုးကို မပြုလုပ်ရာ။
၆၈။ အကြင်ကံကို ပြုလုပ်ပြီး၍ နောင်တ တစ်ဖန် မပူပန်ရပေ။ အကြင်ကံ၏အကျိုးကို နှစ်သက်ဝမ်းမြောက်လျက် ခံစားရ၏။ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏။
၆၉။ အကြင်မျှလောက် ကာလပတ်လုံး၊ မကောင်းမှုသည် အကျိုးမပေး။ ထိုမျှလောက်သော ကာလပတ်လုံး၊ လူမိုက်သည် မကောင်းမှုကို ပျားသကာကဲ့သို့ မှတ်ထင်၏။ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏။ ထိုအခါ၌ ဆင်းရဲခြင်းသို့ ရောက်ရ၏။
၇၀။ လူမိုက်သည် လစဉ်လတိုင်း အနှစ်တစ်ရာကာလပတ်လုံး ခြိုးခြံသောအကျင့်ကို ကျင့်သုံးအပ်ဟု၊ သမန်းမြက်ဖျားဖြင့် အစာစားစေကာမူ၊ ထိုလူမိုက်၏အကျင့်သည်၊ တရားသိပြီးသော ပုဂ္ဂိုလ်၏အကျင့်ကို၊ တစ်ဆယ့်ခြောက်စိပ် တစ်စိပ် လောက်မျှ အဖိုးမထိုက်ပေ။
၇၁။ ညှစ်ပြီးစနို့ရည်သည် အချဉ်မပေါက်သေးသကဲ့သို့၊ ပြုပြီးခါစဖြစ်သော မကောင်းမှုသည် ရုတ်တရက် အကျိုးမပေး သေးပေ။ အကျိုးပေးသောအခါတွင်မူ၊ ပြာဖုံးသောမီးကျီးခဲကဲ့သို့ ထိုသူမိုက်ကိုလောင်ကျွမ်းစေလျက် အစဉ်လိုက်၏။
၇၂။ လူမိုက်၏အတတ်ပညာသည်၊ လူမိုက်၏အကျိုး ပျက်စီးစေရန်သာဖြစ်၏။ စင်ကြယ်သော ကုသိုလ်အဖို့ကို ဖျက်ဆီး တတ်၏။ ပညာတည်းဟူသော ဦးခေါင်းကို ပြတ်၍ကျစေတတ်၏။
၇၃။ မလိမ္မာသောရဟန်းသည်၊ ရဟန်းတို့အလယ်၌၊ မိမိတွင် ထင်ရှားမရှိသော ဂုဏ်ကျေးဇူးဖြင့် ချီးမွမ်းခြင်းကို၎င်း၊ မိမိအား ခြံရံလျက် ရှေ့ဆောင်နေရာထားခြင်းကို၎င်း၊ ကျောင်း အိပ်ရာ နေရာတို့၌ အစိုးရခြင်းကို၎င်း၊ ဆွေမျိုးမတော် သူတို့၏ ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းကို၎င်း၊ အလိုရှိ၏။
၇၄။ ငါ့ကြောင့်သာလျှင် အမှုကြီးငယ်တို့ ပြီးစီးကုန်၏ဟု၊ ရဟန်းရှင်လူ နှစ်ဦးသူတို့ မှတ်ထင်ကြစေကုန်သတည်း။ တစ်စုံတစ်ခုသော အမှုကြီးငယ်တို့တွင် ငါ့အလိုသို့လိုက်စေကြကုန်သတည်း
၇၅။ လာဘ်ရခြင်းအကျင့်သည် တခြားတည်း။ နိဗ္ဗာန်ရကြောင်းအကျင့်သည် တခြားတည်း။ ဤအကျင့် နှစ်မျိုးနှစ်စားကို ခွဲခြားသိ၍၊ ဘုရားရှင်၏ တပည့်သားရဟန်းသည် လာဘ်ပူဇော်သကာကို မနှစ်သက်ရာ။ ၀ိဝေကတရားကိုသာ တိုးပွား စေရာ၏။
ပဏ္ဍိတ၀ဂ်
၇၆။ အပြစ်ကိုဖော်ပြ၍ နှိမ့်ချဆုံးမလေ့ရှိသော ထိုကဲ့သို့သောပညာရှိကို၊ မြုပ်ထားသောရွှေအိုးကို ပြောကြားလာသူကဲ့သို့ ရှုမြင်ရာ၏။ ဆည်းကပ်ရာ၏။ ထိုကဲ့သို့သောပညာရှိကို ဆည်းကပ်သူအား မြင့်မြတ်ခြင်းသာဖြစ်၏။
၇၇။ ဆုံးမရာ၏။ ကြိုတင်ဆုံးမရာ၏။ မကောင်းသော အပြုအမူတို့မှလည်း တားမြစ်ရာ၏။ ထိုသို့ဆုံးမတတ်သောသူကို သူတော်ကောင်းတို့ ချစ်ခင်မြတ်နိုးအပ်၏။ သူတော်ကောင်းမဟုတ်သူတို့ကား မချစ်ခင် မနှစ်သက်ကြပေ။
၇၈။ ယုတ်မာသော မိတ်ဆွေတို့ကို မဆည်းကပ်ရာ။ ယုတ်မာသော ပုဂ္ဂိုလ်တို့ကို မဆည်းကပ်ရာ။ မိတ်ဆွေကောင်း တို့ကို ဆည်းကပ်ရာ၏။ ပုဂ္ဂိုလ်မြတ်တို့ကို ဆည်းကပ်ရာ၏။
၇၉။ တရားတည်းဟူသော အမြိုက်ရေကို သောက်ရသောသူသည် အထူးကြည်လင်သန့်ရှင်းသောစိတ်ြ
၈၀။ ရေသွယ်သော လယ်သမားတို့သည် ရေကို အလိုရှိရာသို့ သွယ်ယူကြကုန်၏။ မြားပြုလုပ်သူတို့သည် မြားကို ဖြောင့်အောင်ပြုလုပ်ကြကုန်၏။ လက်သမားတို့သည် သစ်ကို လိုအပ်သောပုံစံကျအောင် ရွှေကြကုန်၏။ ပညာရှိတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင်ဆုံးမကြကုန်၏။
၈၁။ တစ်ခဲနက်တည်းသော ကျောက်ဆောင်သည် အရပ်လေးမျက်နှာမှလာသော လေကြောင့် မတုန်လှုပ်သကဲ့သို့ ပညာရှိတို့သည် ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ကြောင့် မတုန်လှုပ်ကြကုန်။
၈၂။ နက်လှစွာသောရေသည် နောက်ကျုခြင်းမရှိ၊ အထူးကြည်လင်ဘိသကဲ့သို့၊ ပညာရှိတို့သည် တရားတော်တို့ကို ကြားနာရကုန်၍ အထူးကြည်လင်ကုန်၏။
၈၃။ သူတော်ကောင်းတို့သည် သင်္ခါရတရား အားလုံးတို့၌ တပ်မက်ခြင်းကို၊ စင်စစ်အားဖြင့် စွန့်လွှတ်ကြကုန်၏။ သူတော်ကောင်းတို့သည် ကာမဂုဏ်တို့ကို အလိုရှိ၍ မပြောဆိုကြကုန်။ ပညာရှိတို့သည် ချမ်းသာခြင်းနှင့် တွေ့ရ သော်လည်း၊ ၀မ်းမသာကြပေ။ ဆင်းရဲခြင်းနှင့် တွေ့ရသော်လည်း ၀မ်းမနည်းကြပေ။
၈၄။ ပညာရှိမည်သည် မိမိကြောင့်ဖြစ်စေ သူတစ်ပါးကြောင့်ဖြစ်စေ မကောင်းမှုကို မပြုပေ။ မကောင်းမှုဖြင့် သားသမီး ကို၎င်း၊ ဥစ္စာကို၎င်း၊ တိုင်းပြည်ကို၎င်း အလိုမရှိရာ။ မတရားမှုဖြင့် မိမိ၏ပြည့်စုံမှုကို အလိုမရှိရာ။ ထိုသို့သဘောရှိသူသည် သီလရှိသူ၊ ပညာရှိသူ၊ တရားရှိသူဖြစ်၏။
၈၅။ လူအပေါင်းတို့တွင် နိဗ္ဗာန်ဟူသော တစ်ဖက်ကမ်းသို့ ကူးနိုင်သူတို့သည် နည်းပါးလှကုန်၏။ ထိုမှတစ်ပါးသော သူများသည် သက္ကာယဒိဋ္ဌိတည်းဟူသော ဤမှာဘက်ကမ်း၌သာလျှင် အစဉ်သဖြင့် ပြေးလွှားနေကြကုန်၏။
၈၆။ ကောင်းမွန်စွာဟောကြားအပ်သော တရားတို့ကို တရားအားလျော်စွာ ကျင့်သောသူတို့သည်ကား၊ ကူးမြောက် နိုင်သော သေမင်း၏နေရာ သံသရာကို ကူးမြောက်နိုင်၍၊ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်ကြကုန်လတ္တံ့။
၈၇၊ ၈၈။ ပညာရှိသည်၊ မည်းညစ်သော အကုသိုလ်တရားကို ပယ်စွန့်၍၊ တဏှာတည်းဟူသော တည်ရာမှ ထွက်မြောက် ကာ တဏှာကင်းရာ နိဗ္ဗာန်ကို အာရုံပြုလျက်၊ ဖြူစင်သောကုသိုလ်တရားကို ပွားများရာ၏။ ပညာရှိသည် ကာမဂုဏ်တို့ကို ပယ်စွန့်၍ မွေ့လျော်နိုင်ခဲသော ၀ိဝေကသုံးပါး၌ အလွန်မွေ့လျော်ခြင်းကို အလိုရှိရာ၏။ စိတ်ညစ်ညူးကြောင်း နီဝရဏ တရားတို့မှ၊ မိမိကိုယ်ကို ဖြူစင်ရာ၏။
၈၉။ အကြင်ပုဂ္ဂိုလ်တို့သည် ဗောဇ္ဈင်တရားတို့၌ စိတ်ကို ကောင်းစွာပွားများကြကုန်၏။ မစွဲလမ်းကုန်၍ ဥပါဒါန်ကို စွန့်လွှတ်ရာ နိဗ္ဗာန်၌ မွေ့လျော်ကြကုန်၏။ လောက၌ အာသဝေါကုန်ကြပြီးသော တန်ဘိုးကြီးသော ထိုပုဂ္ဂိုလ်တို့သည် ငြိမ်းချမ်းကြပေကုန်၏။
အရဟန္တ၀ဂ်
၉၀။ သံသရာခရီး ပြီးဆုံးခဲ့ပြီးသော၊ အလုံးစုံသောတရားတို့မှ လွတ်မြောက်ပြီးသော၊ အလုံးစုံသော အထုံးအဖွဲ့ကို ပယ်စွန့်ပြီးသော ရဟန္တာပုဂ္ဂိုလ်အား ပူပန်ခြင်း မရှိတော့ပေ။
၉၁။ သတိရှိသောသူတို့သည် လုံ့လကြိုးကုတ် အားထုတ်ကြကုန်၏။ ထိုသူတို့သည် ကာမဂုဏ်ဟူသော တည်ရာတို့၌၊ မမွေ့လျော်ကြကုန်။ ဟင်္သာတို့သည် ရွှံ့ညွန်အိုင်ကို စွန့်ခွာ၍ ပျံသန်းကြသကဲ့သို့၊ တဏှာဟူသော တည်ရာဟူသမျှကို စွန့်ခွာ၍ သွားကြကုန်၏။
၉၂။ အကြင်ပုဂ္ဂိုလ်တို့အား သိုမှီးထိန်းသိမ်းခြင်း မရှိပေ။ အကြင်ပုဂ္ဂိုလ်တို့သည် ကရိညာသုံးပါးဖြင့် ပိုင်းခြား၍၊ ခဲဖွယ် ဘောဇဉ်ကို သုံးဆောင်ကုန်၏။ အကြင်ပုဂ္ဂိုလ်တို့သည်၊ ရာဂ စသည်တို့မှ ကင်းဆိတ်သော၊ ရာဂစသော နိမိတ်မရှိသော၊ နိဗ္ဗာန်အာရုံ၌ ကျက်စားကြကုန်၏။ ကောင်းကင်၌ ငှက်တို့၏သွားရာလမ်းကြောင်းကို မမြင်နိုင်သကဲ့သို့၊ ထိုရဟန္တာ ပုဂ္ဂိုလ်တို့၏ လားရာဂတိကို မမြင်နိုင်ပေ။
၉၃။ အကြင်ပုဂ္ဂိုလ်တို့အား အာသ၀တရားတို့ ကုန်ခမ်းကုန်၏။ အစာအာဟာရ၌လည်း စွဲလမ်းတွယ်တာခြင်း မရှိချေ။ အကြင်ပုဂ္ဂိုလ်တို့သည် ရာဂစသော နိမိတ်မရှိသော၊ နိဗ္ဗာန်အာရုံ၌ ကျက်စားကြကုန်၏။ ကောင်းကင်၌ ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့၊ ရဟန္တာပုဂ္ဂိုလ်တို့၏ လားရာဂတိကို မသိနိုင်ပေ။
၉၄။ ရထားထိန်းက ကောင်းစွာဆုံးမထားပြီးသော မြင်းတို့သည် တည်ငြိမ်ကြသကဲ့သို့ အကြင်ပုဂ္ဂိုလ်တို့၏ ဣနြေ္ဒ တို့သည် တည်ငြိမ်ကြကုန်၏။ မာနကို ပယ်ပြီးသော၊ အာသ၀မရှိသော၊ တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုရဟန္တာအား နတ်တို့သည်၊ ချစ်မြတ်နိုးကုန်၏။
၉၅။ တာဒိဂုဏ်နှင့် ပြည့်စုံသော၊ ကောင်းသောအကျင့်ရှိသော ပုဂ္ဂိုလ်သည်၊ မြေကြီးကဲ့သို့၎င်း၊ တံခါးတိုင်ကဲ့သို့၎င်း၊ သည်းခံစိတ်ရှိသည်ဖြစ်၍ ဆန့်ကျင်ရန်ဖက်ခြင်း မပြုပေ။ ရွှံ့ညွန်ကင်းသော ရေအိုင်ကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်အား၊ ကျင်လည်ခြင်းတို့ မဖြစ်ကုန်။
၉၆။ တရားကိုကောင်းစွာသိ၍ ကိလေသာမှ လွတ်ပြီးသော၊ ငြိမ်သက်သော၊ တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုရဟန္တာ၏ စိတ်သည် ငြိမ်သက်၏။ နှုတ်အမူအရာသည်၎င်း၊ ကိုယ်အမူအရာသည်၎င်း ငြိမ်သက်၏။
၉၇။ အကြင်သူသည် သူတစ်ပါးပြောစကားဖြင့်သာ ယုံကြည်သူမဟုတ်။ နိဗ္ဗာန်ကို ကိုယ်တိုင်သိသူလည်း ဖြစ်၏။ ၀ဋ်သုံးပါး၏အစပ်ကို ဖြတ်တောက်ထားပြီးသူလည်း ဖြစ်၏။ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးပေးခွင့်ကို သတ်ဖြတ်ပြီး သူလည်းဖြစ်၏။ အလုံးစုံသော တဏှာကို ထွေးအန်ပြီးသူလည်း ဖြစ်၏။ ထိုသူသည် စင်စစ်အားဖြင့် ယောက်ျားမြတ် ဖြစ်ပေ၏။
၉၈။ ရွာ၌ဖြစ်စေ၊ တော၌ဖြစ်စေ၊ ချိုင့်ဝှမ်း၌ဖြစ်စေ၊ ကုန်းမြင့်၌ဖြစ်စေ ရဟန္တာပုဂ္ဂိုလ်တို့ နေထိုင်ကြကုန်၏။ ရဟန္တာ ပုဂ္ဂိုလ်တို့၏ နေထိုင်ရာ ထိုအရပ်သည် မွေ့လျော်ဖွယ်ရှိ၏။
၉၉။ တောတို့သည်မွေ့လျော်ဖွယ်ဖြစ်ကု
သဟဿဝဂ်
၁၀၀။ အကျိုးမဲ့ပုဒ်များ ပါရှိသောစကားသည် အခွန်းပေါင်းတစ်ထောင် ရှိစေကာမူ မမြတ်ချေ။ ကြားနာရပြီးလျှင် ကိလေသာ ငြိမ်းအေးကြောင်းဖြစ်၍ အကျိုးရှိသောပုဒ်တစ်ပုဒ်သည်သာ မြင့်မြတ်၏။
၁၀၁။ အကျိုးမဲ့ပုဒ်များ ပါရှိသောဂါထာသည် တစ်ထောင်ပင် ရှိစေကာမူ မမြတ်ချေ။ ကြားနာရပြီးလျှင် ကိလေသာ ငြိမ်းအေးကြောင်းဖြစ်သော ဂါထာတစ်ပုဒ်သည်သာလျှင် မြင့်မြတ်ပေ၏။
၁၀၂။ အကျိုးမဲ့ပုဒ်များ ပါရှိသောဂါထာ တစ်ရာကို ရွတ်ဆိုစေကာမူ မမြတ်ချေ။ ကြားနာရပြီးလျှင် ကိလေသာ ငြိမ်းအေးကြောင်းဖြစ်သော တရားတစ်ပုဒ်ကို ရွတ်ဆိုခြင်းသည်သာလျှင် မြင့်မြတ်၏။
၁၀၃။ အကြင်သူရဲကောင်းသည် စစ်မြေပြင်၌ စစ်သည်ဗိုလ်ပါတို့ကို အကြိမ်တစ်သိန်း အောင်နိုင်ရာ၏။ အကြင် သူရဲကောင်း တစ်ယောက်သည်ကား ကိုယ်တွင်းကိလေသာကို တစ်ကြိမ်တစ်ခါမျှ အောင်နိုင်ရာ၏။ ထိုသူရဲကောင်း သည်သာလျှင်၊ စစ်နိုင်သူတို့တွင် အမြတ်ဆုံးဖြစ်၏။
၁၀၄။ ၁၀၅။ မိမိကိုယ်တွင်းမှ ကိလေသာတို့ကို အောင်နိုင်ခြင်းသည် မြတ်၏။ သူတစ်ပါးကို အောင်နိုင်ခြင်းသည်ကား မမြတ်ပေ။ မိမိကိုယ်ကို ဆုံးမပြီးသော၊ အမြဲစောင့်စည်းသော အကျင့်ရှိသော၊ ထိုသို့သောသဘောရှိသော ပုဂ္ဂိုလ်၏ အောင်မြင်ခြင်းကို နတ်သည်၎င်း၊ ဂန္ဓဗ္ဗသည်၎င်း၊ ဗြဟ္မာနှင့်တကွသော မာရ်နတ်မင်းသည်၎င်း၊ ရှုံးအောင် မပြုနိုင်ပေ။
၁၀၆။ အနှစ်တစ်ရာ ကာလပတ်လုံး သာသနာပ ပုဂ္ဂိုလ်တို့အား အသပြာတစ်ထောင်ကုန် လှူဒါန်းပူဖော်ရာ၏။ ၀ိပဿနာ ပွားများသောစိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခဏမျှသာ လှူဒါန်းပူဇော်ရာ၏။ ထိုနှစ်မျိုးတို့တွင်၊ ၀ိပဿနာ ပွားများသော ထိုရဟန်းတို့အား ထိုတစ်ခဏပူဇော်ခြင်းသည် မြတ်၏။ သာသနာပ ပုဂ္ဂိုလ်များအား ပူဇော်ခြင်းသည် မမြတ်ချေ။
၁၀၇။ အကြင်သူသည် အနှစ်တစ်ရာ ကာလပတ်လုံး တော၌ မီးကိုလုပ်ကျွေးပူဇော်နေရာ၏။ အကြင်သူသည်ကား ၀ိပဿနာပွားများသော စိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခဏမျှ လှူဒါန်းပူဇော်ရာ၏။ ထိုနှစ်မျိုးတို့တွင်၊ ၀ိပဿနာပွားများသော ထိုရဟန်းတို့အား ထိုတစ်ခဏမျှ ပူဇော်ခြင်းသည် မြတ်၏။ အနှစ်တစ်ရာ ကာလပတ်လုံး မီးပူဇော်ခြင်းသည် မမြတ်ချေ။
၁၀၈။ လောက၌ ကောင်းမှုကုသိုလ်ကို လိုလားငဲ့ကွက်သောသူသည် ယဇ်ကြီးကို၎င်း၊ ယဇ်ငယ်ကို၎င်း၊ တစ်နှစ်ပတ်လုံး ပူဇော်ရာ၏။ ထိုပူဇော်ခြင်းသည် ဖြောင့်မတ်စွာကျင့်သော အရိယာပုဂ္ဂိုလ်တို့အား ရှိခိုးပူဇော်ရသော ကုသိုလ်ကောင်းမှု၏၊ လေးဖို့တစ်ဖို့ကိုမျှ မမီချေ။ အရိယာပုဂ္ဂိုလ်တို့အား၊ ရှိခိုးရသော ကောင်းမှုသည်သာလျှင် မြတ်၏။
၁၀၉။ သီလရှိသော ပုဂ္ဂိုလ်အား ရိုသေစွာရှိခိုးလေ့ရှိသော၊ အသက်ကြီးသော ဂုဏ်သိက္ခာကြီးသော ပုဂ္ဂိုလ်တို့အား အရိုအသေပေးလေ့ရှိသော သူတို့အား အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော အကျိုးတရားလေးပါးတို့ တိုးပွားကြကုန်၏။
၁၁၀။ အကြင်သူသည် သီလမရှိဘဲ၊ သမာဓိ မတည်ကြည်ဘဲ၊ အသက်တစ်ရာ ရှည်ငြားအံ့။ သူ၏ အသက်ရှည်ခြင်းသည် မမြတ်ချေ။ သီလရှိ၍ ဈန်သမာပတ် ပွားများနေသောသူ၏ တစ်ရက်တာမျှ အသက်ရှည်ခြင်းက မြတ်၏။
၁၁၁။ အကြင်သူသည် ပညာမရှိဘဲ၊ သမာဓိ မတည်ကြည်ဘဲ၊ အသက်တစ်ရာ ရှည်ငြားအံ့။ သူ၏ အသက်ရှည်ခြင်းသည်
မမြတ်ချေ။ ပညာရှိ၍ ဈန်သမာပတ် ပွားများနေသောသူ၏ တစ်ရက်တာမျှ အသက်ရှည်ခြင်းကသာလျှင် မြတ်၏။
၁၁၂။ အကြင်သူသည် ပျင်းရိသည်ဖြစ်၍ လုံ့လ၀ီရိယချို့တဲ့လျက်၊ အနှစ်တစ်ရာ အသက်ရှည်ငြားအံ့။ ထိုသူ၏ အသက်ရှင်ခြင်းသည် မမြတ်ချေ။ ၀ီရိယကို မြဲမြံစွာ အားထုတ်သောသူ၏ တစ်ရက်တာမျှ အသက်ရှင်ရခြင်းသည် မြတ်၏။
၁၁၃။ အကြင်သူသည် အဖြစ်အပျက်ကို မရှုဘဲ အနှစ်တစ်ရာ အသက်ရှည်ငြားအံ့။ ထိုသူ၏ အသက်ရှည်ခြင်းသည် မမြတ်ချေ။ အဖြစ်အပျက်ကို ရှုမြင်သော ပုဂ္ဂိုလ်၏ တစ်ရက်တာမျှ အသက်ရှည်ရခြင်းသည်သာလျှင် မြတ်၏။
၁၁၄။ အကြင်သူသည် သေခြင်းကင်းရာ နိဗ္ဗာန်ကို လှမ်းမမြင်ဘဲ အနှစ်တစ်ရာ အသက်ရှည်ငြားအံ့။ ထိုသူ၏ အသက်ရှင်ခြင်းသည် မမြတ်ချေ။ သေခြင်းကင်းရာ နိဗ္ဗာန်ကို မြင်သောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည်သာလျှင် မြတ်၏။
၁၁၅။ အကြင်သူသည် မြင့်မြတ်သော လောကုတ္တရာတရားကို မသိဘဲ အနှစ်တစ်ရာ အသက်ရှည်ငြားအံ့။ ထိုသူ၏ အသက်ရှင်ခြင်းသည် မမြတ်ချေ။ မြင့်မြတ်သော လောကုတ္တရာတရားကို သိသောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်း သာလျှင် မြတ်၏။
ပါပ၀ဂ်
၁၁၆။ စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်၏။ ကောင်းမှုပြုသောသူအား နုန့်နှေးတတ်ရကား စိတ်ကို မကောင်းမှုမှ တားမြစ်ရာ၏။ ကုသိုလ်ကောင်းမှုကို ဆောလျင်စွာ ပြုရာ၏။
၁၁၇။ လူသည် မကောင်းမှုကို ပြုမိသော်ငြားလည်း ထိုမကောင်းမှုကို ထပ်ကာထပ်ကာ မပြုလုပ်ရာ။ ထိုမကောင်းမှု၌ အလိုဆန္ဒကို မပြရာ။ မကောင်းမှုကို ပွားစေခြင်းသည် ဆင်းရဲခြင်း၏ အကြောင်းတည်း။
၁၁၈။ လူသည် ကုသိုလ်ကောင်းမှု ပြုပြီးလျှင် ထပ်ကာထပ်ကာ ပြုလုပ်ရာ၏။ ထိုကောင်းမှု၌ အလိုဆန္ဒကို ပြရာ၏။ ထိုကောင်းမှုကို ပွားစေခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။
၁၁၉။ မကောင်းမှုပြုသူပင် ဖြစ်သော်ငြားလည်း၊ မကောင်းမှု အကျိုးမပေးသမျှ ကာလပတ်လုံး ကောင်းမြတ်သောအာရုံကို တွေ့မြင်နိုင်သေးသည်။ မကောင်းမှု အကျိုးပေးသောအခါ၌ကား၊ မကောင်းမှုပြုသူသည် မကောင်းကျိုးကိုသာ တွေ့မြင် ရတော့၏။
၁၂၀။ ကောင်းမှုပြုသူပင် ဖြစ်သော်ငြားလည်း၊ ကောင်းမှု အကျိုးမပေးသမျှ ကာလပတ်လုံး မကောင်းသော အာရုံကို တွေ့မြင်နိုင်သေးသည်။ ကောင်းမှု အကျိုးပေးသောအခါ၌ကား၊ ကောင်းမှုပြုသူသည် ကောင်းကျိုးကိုသာ တွေ့မြင်ရ တော့၏။
၁၂၁။ အနည်းငယ်မျှသော မကောင်းမှုသည် အကျိုးသက်ရောက်လာလိမ့်မည်မဟုတ် ဟူ၍၊ မကောင်းမှုကို အထင်မသေး ရာ။ မိုးရေပေါက်တို့ ကျဖန်များသောအခါ၊ ရေအိုးသည် ပြည့်လာဘိသကဲ့သို့၊ အနည်းငယ်မျှသော မကောင်းမှုများကို ဆည်းပူးဖန် များလတ်သော် လူမိုက်သည် မကောင်းမှုဖြင့်ပြည့်၏။
၁၂၂။ အနည်းငယ်မျှသော ကောင်းမှုသည် အကျိုးသက်ရောက်လာလိမ့်မည် မဟုတ် ဟူ၍၊ ကောင်းမှုကို အထင်မသေး ရာ။ မိုးရေပေါက်တို့ ကျဖန်များသောအခါ၊ ရေအိုးသည် ပြည့်လာဘိသကဲ့သို့၊ အနည်းငယ်မျှသော ကောင်းမှုများကို ဆည်းပူးဖန် များလတ်သော် ပညာရှိသည် ကောင်းမှုဖြင့်ပြည့်၏။
၁၂၃။ အဖော်နည်း၍ ဥစ္စာများသော ကုန်သည်ကြီးသည် ဘေးရန်များသော ခရီးလမ်းကို ရှောင်ကြဉ်သကဲ့သို့၎င်း၊ အသက်ရှင်လိုသောသူသည် သေစေတတ်သော အဆိပ်ကို ရှောင်ကြဉ်သကဲ့သို့၎င်း၊ ပညာရှိသည် မကောင်းမှုကို ရှောင်ကြဉ်ရာ၏။
၁၂၄။ လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။ အဆိပ်သည် အနာမရှိသောလက်သို့ အစဉ်မလိုက်။ စေတနာမပါဘဲ ပြုလုပ်သောသူအား မကောင်းမှုကံ မည်သည် မရှိချေ။
၁၂၅။ အကြင်သူသည် မပြစ်မှားထိုက်သော၊ စင်ကြယ်သော၊ ကိလေသာကင်းသော ရဟန္တာပုဂ္ဂိုလ်အား ပြစ်မှား၏။ လေညာသို့ လွှင့်ပစ်လိုက်သော၊ သိမ်မွေ့သော မြူမှုန်သည် လွှင့်သူထံသို့သာ ပြန်ကျလာသကဲ့သို့ ထိုလူမိုက်သို့ သာလျှင်၊ မကောင်းမှုသည် ပြန်ကျလာ၏။
၁၂၆။ အချို့သောသူတို့သည် အမိဝမ်းတွင်းဝယ် ပဋိသန္ဓေ နေကြကုန်၏။ မကောင်းမှုပြုသူတို့သည် ငရဲသို့သက်ရောက် ရကုန်၏။ ကောင်းမှုပြုသူတို့သည် နတ်ပြည်သို့လားရကုန်၏။ ရဟန္တာပုဂ္ဂိုလ်တို့ကား ပရိနိဗ္ဗာန် ပြုကြကုန်၏။
၁၂၇။ မကောင်းမှုပြုသောသူသည် ကောင်းကင်၌ ပျံနေသော်၎င်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော်၎င်း၊ တောင်ခေါင်း အတွင်းသို့ ၀င်နေသော်၎င်း၊ မကောင်းမှုမှ မလွတ်နိုင်ချေ။ မကောင်းမှုမှ လွတ်မြောက်အောင် ပုန်းရှောင်နိုင်သော အရပ်သည် မရှိသည်သာတည်း။
၁၂၈။ မကောင်းမှုပြုသောသူသည် ကောင်းကင်၌ ပျံနေသော်၎င်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော်၎င်း၊ တောင်ခေါင်း အတွင်းသို့ ၀င်နေသော်၎င်း၊ သေမင်းလက်မှ မလွတ်နိုင်ချေ။ သေမင်း၏ နှိပ်စက်ညှင်းပန်းခြင်းမှ လွတ်မြောက်အောင် ပုန်းရှောင်နိုင်သောအရပ်သည် မရှိသည်သာတည်း။
ဒဏ္ဍ၀ဂ်
၁၂၉။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်ကို ထိပ်လန့်ကြကုန်၏။ အလုံးစုံသော သတ္တ၀ါတို့သည် သေခြင်းကို ကြောက်ရွံ့ကြကုန်၏။ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါများကို မသတ်ဖြတ်ရာ။ မနှိပ်စက်ရာ။
၁၃၀။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်ကို ထိပ်လန့်ကြကုန်၏။ အလုံးစုံသော သတ္တ၀ါတို့သည် မိမိအသက်ကို ချစ်ကြကုန်၏။ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါများကို မသတ်ဖြတ်ရာ။ မနှိပ်စက်ရာ။
၁၃၁။ အကြင်သူသည် မိမိချမ်းသာရေးကို ရှာဖွေအံ့ဟူ၍၊ ချမ်းသာခြင်းကို အလိုရှိကုန်သော သတ္တ၀ါတို့ကို၊ တုတ် စသည်ဖြင့် ညှင်းဆဲ၏။ ထိုညှင်းဆဲသူသည် တမလွန်ဘ၀၌ ချမ်းသာခြင်းကို မယူနိုင်ချေ။
၁၃၂။ အကြင်သူသည် မိမိချမ်းသာရေးကို ရှာဖွေအံ့ဟူ၍၊ ချမ်းသာခြင်းကို အလိုရှိကုန်သော သတ္တ၀ါတို့ကို၊ တုတ် စသည်ဖြင့် မညှင်းဆဲပေ။ မညှင်းဆဲသူသည် တမလွန်ဘ၀၌ ချမ်းသာခြင်းကို ရရှိ၏။
၁၃၃။ တစ်စုံတစ်ယောက်ကိုမျှ ကြမ်းတမ်းသောစကားကို မဆိုရာ။ အဆိုခံရသူတို့သည် သင့်ကိုတုန့်ပြန်၍ ဆိုကုန်ရာ၏။
ချုပ်ခြယ်သောစကားသည် ဆင်းရဲခြင်း၏ အကြောင်းတည်း။ သူတစ်ပါးကို ဒဏ်ခတ်လျှင် သင့်ထံသို့ အတုန့်အလှယ် ဒဏ်များ ရောက်လာကြကုန်ရာ၏။
၁၃၄။ အနားပြတ်သော ကြေးဖလားသည် အသံမထွက် ငြိမ်သက်နေဘိသကဲ့သို့၊ အကယ်၍ မိမိကို တည်ကြည်အောင် စောင့်ရှောက်ငြားအံ့။ ထိုသူသည် နိဗ္ဗာန်သို့ ရောက်နိုင်၏။ ချုပ်ချယ်မှု မရှိတော့ချေ။
၁၃၅။ နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို စားကျက်သို့ မောင်းနှင်ဘိသကဲ့သို့၊ ဤအတူပင် အိုခြင်းသည်၎င်း၊ သေခြင်းသည်၎င်း၊ သတ္တ၀ါတို့၏အသက်ကို မောင်းနှင်၏။
၁၃၆။ လူမိုက်သည် မကောင်းသောအမှုများကို ပြုလုပ်စဉ်က မသိပေ။ ပညာမဲ့သူသည် မိမိပြုသော မကောင်းမှုကြောင့် မီးလောင်သူကဲ့သို့ ပူပန်ရ၏။
၁၃၇။ အကြင်သူသည် အပြစ်ဒဏ်ကင်းကြကုန်၍ မပြစ်မှားထိုက်သော ရဟန္တာပုဂ္ဂိုလ်တို့အား၊ တုတ် စသည်ဖြင့် ပြစ်မှား၏။ ထိုသူသည် ဆင်းရဲကြောင်း ဒဏ်ဆယ်မျိုးတို့တွင် တစ်မျိုးမျိုးသို့ လျှင်မြန်စွာပင် ဆိုက်ရောက်ရ၏။
၁၃၈။ ၁၃၉။ ပြင်းထန်သော ဝေဒနာသို့၎င်း၊ ဥစ္စာပျက်စီး ဆုံးရှုံးခြင်းသို့၎င်း၊ ကိုယ်အင်္ဂါ ပျက်စီးခြင်းသို့၎င်း၊ စိတ်ပျံ့လွင့် ရူးသွပ်ခြင်းသို့၎င်း၊ မင်းဘေး သင့်ခြင်းသို့၎င်း၊ ပြင်းထန်ကြမ်းတမ်းသော အစွပ်စွဲခံရခြင်းသို့၎င်း၊ ဆွေမျိုးများ ပျက်စီးခြင်း သို့၎င်း၊ စည်းစိမ်ချမ်းသာ ယိုယွင်းကျဆင်းခြင်းသို့၎င်း ဆိုက်ရောက်ရ၏။
၁၄၀။ ထို့ပြင် ထိုပြစ်မှားသူတို့၏ အိမ်တို့ကို၊ ပကတိမီးသည်၎င်း၊ တောမီးသည်၎င်း လောင်၏။ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ် ပျက်စီးသည်မှ နောက်၌၊ ငရဲသို့ ကျရောက်ရ၏။
၁၄၁။ အ၀တ်မ၀တ်သော အကျင့်သည်၎င်း၊ ဆံကျစ်ထုံးသော အကျင့်သည်၎င်း၊ ရွံ့ညွန် အလိမ်းလိမ်းကပ်သော အကျင့် သည်၎င်း၊ အစာငတ်ခံသော အကျင့်သည်၎င်း၊ မြေကြီး၌အိပ်သော အကျင့်သည်၎င်း၊ မြူမှုန်အလိမ်းလိမ်း တင်စေသော အကျင့်သည်၎င်း၊ ဆောင့်ကြောင့်ထိုင်သော အကျင့်သည်၎င်း၊ တွေးတောယုံမှားခြင်းမှ မလွတ်ကင်းသောသူကို၊ စင်ကြယ် အောင် မစွမ်းဆောင်နိုင်ကြကုန်။
၁၄၂။ အကြင်သူသည် ကိလေသာ ငြိမ်း၏။ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏။ မဂ်လေးပါးဖြင့် မြဲ၏။ မြတ်သောအကျင့် ရှိ၏။ အလုံးစုံသော သတ္တ၀ါတို့၌၊ လက်နက်ကို ပယ်စွန့်ပြီးဖြစ်၍၊ မေတ္တာအညီအမျှ ကျင့်၏။ ထိုသူသည် ၀တ်စားတန်ဆာ ဆင်ထားစေကာမူ မကောင်းမှုကို အပပြုပြီးသူဖြစ်၍၊ ဗြဟ္မဏ မည်၏။ ကိလေသာကို ဖျက်စီးသူဖြစ်၍ ဘိက္ခုမည်၏။
၁၄၃။ မြင်းကောင်းသည် ကြိမ်လုံးကို ရှောင်ကြဉ်သကဲ့သို့၊ အကြင်သူသည် မိမိ၏ အိပ်ပျော်ခြင်းကို နိုးကြားစေ၏။ မကောင်းသော အကြံအစည်ကို ရှက်ကြောက်ခြင်းဖြင့် တားမြစ်၏။ ထိုပုဂ္ဂိုလ်မျိုးသည် လောက၌ တစ်ယောက်တစ်လေသာ ရှိကြ၏။
၁၄၄။ မြင်းကောင်းသည် ကြိမ်လုံးဖြင့် ပုတ်ခတ်သည်ရှိသော် လုံ့လထုတ်လာသကဲ့သို့၊ လုံ့လထုတ်ကြကုန်လော့။ ထိပ်လန့်ကြကုန်လော့။ သဒ္ဓါတရားဖြင့်၎င်း၊ ၀ီရိယဖြင့်၎င်း၊ သမာဓိဖြင့်၎င်း၊ တရားကိုဆုံးဖြတ်နိုင်သော ဉာဏ်ဖြင့်၎င်း၊ ၀ိဇ္ဇာ စရဏတို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍၊ ထင်သောသတိ ရှိကုန်သည်ဖြစ်၍၊ အတိုင်းမသိ ရှည်လျားလှသော သံသရာဒုက္ခကို၊ စွန့်လွှတ်နိုင်ကြကုန်လတ္တံ့။
၁၄၅။ ရေသွယ်သော လယ်သမားတို့သည် ရေကို အလိုရှိရာသို့ သွယ်ယူကြကုန်၏။ မြားလုပ်သူတို့သည် မြားကို ဖြောင့်အောင် ပြုကြကုန်၏။ လက်သမားတို့သည် သစ်ကို လိုအပ်သောပုံစံကျအောင်၊ ရွေကြကုန်၏။ သူတော်ကောင်း တို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမကြကုန်၏။
ဇရာဝဂ်
၁၄၆။ အမြဲတမ်း ကိလေသာမီး တောက်လောင်နေပါလျက်၊ အဘယ်ကြောင့် ၀မ်းမြောက်နေဘိနည်း။ အ၀ိဇ္ဇာမှောင်ကြီး ပိတ်ဆီး၍ ထားပါလျက်၊ အဘယ်ကြောင့် ပညာဆီမီးကို မရှာမှီးကြပါသနည်း။
၁၄၇။ အဆန်းတကြယ် ပြုလုပ်ထားသော၊ အရုပ်နှင့်တူသော၊ အရိုးသုံးရာတို့ဖြင့် ထောက်ထားအပ်သော၊ နာကြင် တတ်သော၊ လူများစွာတို့ ကြံစည်အပ်သော၊ ကိုးပေါက်သော ဒွါရဟူသော အမာဝရှိသော၊ ဤခန္ဓာကိုယ်ကို ကြည့်ရှုလော့။ ယင်းကိုယ်ခန္ဓာ၏ အမြဲသဖြင့် တည်ရှိခြင်းကား၊ မရှိချေတကား။
၁၄၈။ ဤကိုယ်ခန္ဓာသည် အိုမင်းဆွေးမြေ့တတ်၏။ အနာရောဂါတို့၏ တည်နေရာ ဖြစ်၏။ ယိုယွင်းပျက်စီးတတ်၏။ အသက်ရှင်နေခြင်းသည် သေခြင်းလျှင် အဆုံးရှိသောကြောင့်၊ ထိုရုပ်ခန္ဓာသည် ပုပ်သည်ဖြစ်၍ ပျက်စီးရလတ္တံ့။
၁၄၉။ တန်ဆောင်မုန်းလ၌ စွန့်ပစ်ထားသော ဗူးသီးခြောက်ကဲ့သို့ စွန့်ပစ်အပ်ကုန်သော၊ ခိုအဆင်းကဲ့သို့ ဖြူဖွေး မဲပြာသော အရိုးတို့ကို မြင်ရ၍၊ အဘယ်မှာ မွေ့လျော်နိုင်ပါအုန်းမည်နည်း။
၁၅၀။ တဏှာလက်သမားသည် အရိုးစုတို့ကို စိုက်ထူ၍၊ အသွေးအသားတို့ဖြင့် လိမ်းကျံလျက်၊ ကိုယ်ခန္ဓာတည်းဟူသော မြို့ကို တည်ဆောက်ထား၏။ ထိုမြို့၌ အိုခြင်း၊ သေခြင်း၊ မာနထောင်လွှားခြင်း၊ သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်သာလျှင် တည်ရှိ၏။
၁၅၁။ ရတနာတို့ဖြင့် ကောင်းစွာဆန်းကြယ်သော မင်းစီးရထားတို့သည်ပင် အိုမင်းဆွေးမြေ့ကြရကုန်သေး၏။ ခန္ဓာကိုယ် သည်လည်း ထို့အတူပင် အိုမင်းဆွေးမြေ့ရ၏။ သူတော်ကောင်းတို့၏ တရားသည်ကား၊ အိုမင်းဆွေးမြေ့ခြင်း မရှိဟူ၍၊ သူတော်ကောင်းတို့သည် သူတော်ကောင်းတို့နှင့်၊ အတူတကွ ဟောပြောကြကုန်၏။
၁၅၂။ အကြားအမြင် နည်းလှသော ဤယောက်ျားသည် နွားလားကဲ့သို့ အချည်းအနှီး ကြီးထွားလာ၏။ ထိုယောက်ျားအား
အသားတို့သာ တိုးပွားလာ၏။ ပညာမူကား မတိုးပွားချေ။
၁၅၃။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော တဏှာလက်သမားကို ရှာသောငါသည်၊ ထိုတဏှာလက်သမားကို မြင်နိုင် သောဉာဏ်မရသေးသဖြင့်၊ ဘ၀များစွာ သံသရာပတ်လုံး ပြေးလွှားကျင်လည်ခဲ့ရပေပြီ။ အဖန်ဖန် ပဋိသန္ဓေနေရခြင်းကား၊ ဆင်းရဲလေစွတကား။
၁၅၄။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား။ ယခု ငါသည် သင့်ကို မြင်အပ်ပြီ။ နောက်ထပ် တစ်ဖန် ခန္ဓာအိမ်ကို သင် မဆောက်ရလတ္တံ့။ ကိလေသာတည်းဟူသော သင်၏အခြင်ရနယ်အားလုံးကို ငါချိုးဖဲ့အပ်ပြီ။ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ငါဖျက်ဆီးအပ်ပြီ။ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ပြီ။ တဏှာ ကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်လေပြီ။
၁၅၅။ လူမိုက်တို့သည် အရွယ်ရှိခိုက်က မြတ်သောအကျင့်ကို မကျင့်လိုက်မိ၍၊ ဥစ္စာကိုလည်း မရလိုက်၍၊ အရွယ်လွန် သောအခါတွင် ငါးကုန်ခမ်းသော ညွန်အိုင်၌၊ အတောင်ကျိုးသော ကြိုးကြာအိုကဲ့သို့ ကြံမှိုင်၍သာ နေကြကုန်၏။
၁၅၆။ လူမိုက်တို့သည် အရွယ်ရှိခိုက်က မြတ်သောအကျင့်ကို မကျင့်လိုက်မိ၍၊ ဥစ္စာကိုလည်း မရလိုက်၍၊ လေးမှလွတ်ပြီး နောက် အရှိန်ကုန်သော မြားကဲ့သို့ ရှေးဖြစ်ဟောင်းတို့ကို၊ အောက်မေ့ငြီးတွား၍သာ နေကြရကုန်၏။
အတ္တ၀ဂ်
၁၅၇။ မိမိကိုယ်ကို ချစ်ခင်အပ်၏ဟု သိပါမူ၊ မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင်
၁၅၈။ မိမိကိုယ်ကိုသာလျှင် ကောင်းသောအကျင့်၌ ရှေးဦးစွာ တည်စေရာ၏။ ထို့နောက်မှ သူတစ်ပါးကို ဆုံးမရာ၏။ ပညာရှိသည် သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းဖြင့်၊ မညစ်နွမ်းရာ။
၁၅၉။ သူတစ်ပါးကို ဆုံးမသည့်အတိုင်း၊ မိမိကိုယ်တိုင် လိုက်နာ ပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးပြီးမှသာ သူတစ်ပါးကို ဆုံးမရာ၏။ ယဉ်ကျေးအောင်ဆုံးမခြင်းသည် ခဲယဉ်းစွတကား။
၁၆၀။ မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးကွယ်ရာ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။ ကောင်းစွာယဉ်ကျေးပြီးသော မိမိစိတ်ဖြင့်သာ၊ ရနိုင်ခဲသော အရဟတ္တဖိုလ် ဟူသော၊ ကိုးကွယ်ရာကို ရနိုင်၏။
၁၆၁။ ကျောက်မှဖြစ်သောစိန်သည် မိမိမှီရာကျောက်ကို ထွင်းဖောက်ဖျက်ဆီး သကဲ့သို့၊ မိမိပြုအပ်သော၊ မိမိကြောင့် ဖြစ်ပေါ်လာသော မကောင်းမှုသည်၊ မိမိတည်းဟူသော ပညာမဲ့သူကို ဖျက်ဆီး၏။
၁၆၂။ မာလောနွယ်သည် မှီရာသစ်ပင်ကို၊ လွှမ်းမိုးရစ်ပတ် သကဲ့သို့၊ စင်စစ်၊ သီလမရှိသူ၏ အပြစ်တည်းဟူသော တဏှာ လွှမ်းမိုးခြင်း ခံရသူသည်၊ ရန်သူအလိုရှိသည့်အတိုင်း၊ မိမိ၏ ပျက်စီးခြင်းကို၊ မိမိကိုယ်တိုင်ပင် ပြု၏။
၁၆၃။ မိမိ၏ အကျိုးစီးပွား မဟုတ်ကုန်သော၊ မကောင်းမှုတို့ကို ပြုလွယ်၏။ အကျိုးစီးပွားဖြစ်၍ ကောင်းသောအမှုကိုကား အလွန်တရာ ပြုနိုင်ခဲ၏။
၁၆၄။ ပညာမဲ့သူသည် ယုတ်မာသော မိစ္ဆာအယူကို အမှီပြု၍၊ ပူဇော်အထူးကို ခံယူထိုက်သော၊ တရားသဖြင့် အသက်မွေး ကုန်သော ပုဂ္ဂိုလ်တို့၏ အဆုံးအမကို တားမြစ်၏။ ၀ါးသီးတို့သည် ၀ါးပင်ကိုသတ်ရန် သီးလာကြသကဲ့သို့၊ ထိုသူ၏ မိစ္ဆာအယူသည် မိမိကိုယ်ကို သတ်ရန်သာဖြစ်၏။
၁၆၅။ မကောင်းမှုကို မိမိပြုလျှင်၊ မိမိသည်ပင် ညစ်နွမ်း၏။ မကောင်းမှုကို မိမိမပြုလျှင်၊ မိမိသာလျှင် စင်ကြယ်၏။ စင်ကြယ်သောတရားနှင့် မစင်ကြယ်သောတရားသည် တခြားစီသာဖြစ်၏။ တစ်ယောက်သောသူသည် အခြားသူကို စင်ကြယ်အောင် သုတ်သင်မပေးနိုင်ချေ။
၁၆၆။ သူတစ်ပါး၏ များစွာသော အကျိုးစိးပွားကြောင့်၊ မိမိ၏အကျိုးစီးပွားကို မဆုတ်ယုတ်စေရာ။ မိမိအကျိုးစီးပွားကို သိ၍ မိမိအကျိုးစီးပွားကို တိုးပွားအောင် အားထုတ်ရာ၏။
လောက၀ဂ်
၁၆၇။ ကာမဂုဏ် အယုတ်တရားကို မမှီဝဲရာ။ မေ့လျော့ခြင်းနှင့် မပေါင်းယှက်ရာ။ မိစ္ဆာအယူကို မမှီဝဲရာ။ လောကကြီးပွားရေးအတွက် သက်သက် မဖြစ်ရာ။
၁၆၈။ ဆွမ်းခံခြင်းကျင့်ဝတ်၌ မမေ့လျော့ရာ။ ကောင်းစွာကျင့်အပ်သောတရားကို ကျင့်ရာ၏။ တရားကို ကျင့်သောသူသည် ဤလောက၌၎င်း၊ တမလွန်လောက၌၎င်း၊ ချမ်းသာစွာနေရ၏။
၁၆၉။ သုစရိုက်တရားကို ကျင့်ရာ၏။ ဒုစရိုက်တရားကို မကျင့်ရာ။ တရားကို ကျင့်သောသူသည် ဤလောက၌၎င်း၊ တမလွန်လောက၌၎င်း၊ ချမ်းသာစွာနေရ၏။
၁၇၀။ ရေပြင်ကို ရှုမြင်သကဲ့သို့၎င်း၊ တံလှပ်ကို ရှုမြင်သကဲ့သို့၎င်း၊ ဤအတူ ခန္ဓာငါးပါးတည်းဟူသော လောကကို ရှုမြင်သောသူအား သေမင်းသည် မမြင်နိုင်ပေ။
၁၇၁။ လာကြကုန်လော့။ ရတနာခုနစ်ပါးတို့ဖြင့် ဆန်းကြယ်သော မင်းစီးရထားသည်လျှင် ဥပမာရှိကုန်သော၊ အ၀တ်တန်ဆာတို့ဖြင့် ဆန်းကြယ်သော၊ ဤလောကကို ရှုကုန်လော့။ အကြင်လောက၌ မိုက်မဲသူတို့သည် နစ်မြုပ်ကြ ကုန်၏။ ထိုလောက၌ ပညာရှိတို့အား ကပ်ငြိတွယ်တာခြင်း မရှိပေ။
၁၇၂။ အကြင်သူသည် ရှေးအခါက ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့ခဲ့၍ နောင်အခါ၌ မမေ့လျော့တော့ပေ။ ထိုသူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို မဂ်ဉာဏ်အလင်းရောင်ဖြင့် ထွန်းလင်းတောက်ပစေ၏။
၁၇၃။ အကြင်သူသည် ပြုခဲ့မိသော အကုသိုလ်ကံကို အရဟတ္တမဂ်ဖြင့် ဖုံးအုပ်နိုင်၏။ ထိုသူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို အရဟတ္တမဂ် အလင်းရောင်ဖြင့် ထွန်းလင်းတောက်ပစေ၏။
၁၇၄။ ဤလူအပေါင်းသည် အကန်းအတိသာဖြစ်၏။ ဤလောက၌ အနည်းငယ်မျှသောသူသည်သာ ပညာဖြင့် ရှုမြင်နိုင် ၏။ အနည်းငယ်မျှသော ငှက်သည်သာလျှင် ပိုက်ကွန်မှ လွတ်နိုင်သကဲ့သို့၊ အနည်းငယ်မျှသော သူသည်သာလျှင်၊ နတ်ပြည်သို့ ရောက်နိုင်၏။
၁၇၅။ ဟင်္သာတို့သည် နေမင်း၏လမ်းကြောင်း ကောင်းကင်၌ ပျံသန်းကြကုန်၏။ တန်ခိုးရှင်တို့သည် ကောင်းကင်၌ သွားလာကြကုန်၏။ ပညာရှိတို့သည် စစ်သည်ဗိုလ်ပါနှင့် တကွသော မာရ်နတ်မင်းကို အောင်နိုင်၍ လောကမှ ထွက်မြောက်ကုန်၏။
၁၇၆။ သစ္စာတရား တစ်ခုကို ကျော်လွှား၍ မုသားစကား ဆိုလေ့ရှိသော၊ နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစားခြင်း အလျှင်းမရှိသောသူအား၊ မပြုနိုင်မည့် မကောင်းမှုဟူ၍ မရှိနိုင်ချေ။
၁၇၇။ စေးနှဲဝန်တိုသူတို့သည် နတ်ပြည်သို့ မရောက်နိုင်ကြကုန်။ လူမိုက်တို့သည် အလှူဒါနကို မချီးမွမ်းနိုင်ကြကုန်။ ပညာရှိသည်သာလျှင် အလှူဒါနကို ၀မ်းမြောက်နိုင်၏။ ထိုသို့ဝမ်းမြောက်ခြင်းကြောင့်
၁၇၈။ မြေပြင်တစ်ခုလုံး၌ မင်းဧကရာဇ် ဖြစ်ရသည်ထက်၎င်း၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက်၎င်း၊ တစ်လောကလုံးကို အစိုးရသည်ထက်၎င်း၊ သောတပတ္တိဖိုလ်သည် မြတ်၏။
ဗုဒ္ဓ၀ဂ်
၁၇၉။ အကြင်မြတ်စွာဘုရားသည်၊ အောင်အပ်ပြီးသော ကိလေသာကို၊ တစ်ဖန်ပြန်၍ အောင်နေရန် မလိုပြီ။ လောက၌ အကြင်မြတ်စွာဘုရား၏ အောင်အပ်ပြီးသော ကိလေသာနောက်သို့ တစ်စုံတစ်ခုမျှ လိုက်ပါမလာတော့ချေ။ အပိုင်းအခြား မရှိ ကျက်စားနိုင်သော ဉာဏ်တော်ရှိသော၊ ရာဂစသော ခရီးလမ်းကြောင်းမရှိသော၊ ထိုမြတ်စွာဘုရားကို အဘယ် ခရီးလမ်းကြောင်းဖြင့် သင်တို့လိုရာသို့ ခေါ်ဆောင်နိုင်ကုန်အံ့နည်း။
၁၈၀။ အကြင်မြတ်စွာဘုရားအား တစ်စုံတစ်ရာသော လောကသို့ ခေါ်ဆောင်ရန် ပိုက်ကွန်ပမာ ကပ်ငြိတတ်သော တဏှာ မရှိပေ။ အပိုင်းအခြားမရှိ ကျက်စားနိုင်သော ဉာဏ်တော်ရှိသော၊ ရာဂစသော ခရီးလမ်းကြောင်းမရှိသော၊ ထိုမြတ်စွာဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့လိုရာသို့ ခေါ်ဆောင်နိုင်ကုန်အံ့နည်း။
၁၈၁။ အကြင်ပညာရှိတို့သည် သမထဈာန်၌ လေ့လာအားထုတ်ကြကုန်၏။ ကာမဂုဏ်မှ ထွက်မြောက်ခြင်း၊ ကိလေသာ ငြိမ်းအေးခြင်း၌ မွေ့လျော်ကုန်၏။ သစ္စာလေးပါးတရားကို ကောင်းစွာသိကုန်သော၊ သတိရှိကုန်သော၊ ထိုပညာရှိတို့အား နတ်ဗြဟ္မာတို့သည် ချစ်မြတ်နိုးကြကုန်၏။
၁၈၂။ လူ့အဖြစ်ကိုရခြင်းသည် ခဲယဉ်း၏။ သတ္တ၀ါတို့၏ အသက်ရှင်ခြင်းသည် ခဲယဉ်း၏။ သူတော်ကောင်းတရားကို ကြားနာရခြင်းသည် ခဲယဉ်း၏။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာရခြင်းသည် ခဲယဉ်း၏။
၁၈၃။ မကောင်းမှု ဟူသမျှကို မပြုလုပ်ခြင်း၊ ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံစေခြင်း၊ မိမိစိတ်ကို ဖြူစင်စေခြင်း၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
၁၈၄။ တိတိက္ခာဟု ဆိုအပ်သော သည်းခံခြင်းသည် မြတ်သောအကျင့်တည်း။ နိဗ္ဗာန်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောတော်မူ၏။ ရဟန်းဟူသည် သူတစ်ပါးကို မညှင်းဆဲပေ။ သူတစ်ပါးကို ညှင်းဆဲသောသူသည် ရဟန်းမဟုတ်ပေ။
၁၈၅။ သူတစ်ပါးကို မကဲ့ရဲ့ မစွပ်စွဲခြင်း၊ ပါတိမောက္ခသံဝရ သီလကို စောင့်ရှောက်ခြင်း၊ စားသောက်ဖွယ်တို့နှင့် အတိုင်း အရှည်ကို သိခြင်း၊ ဆိပ်ငြိမ်သော ကျောင်း အိပ်ရာ နေရာတို့၌ စောင့်ရှောက်နေထိုင်ခြင်း၊ သမာပတ်ရှစ်ပါးဟူသော အဓိစိတ္တသိက္ခာကို ပွားများအားထုတ်ခြင်း၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
၁၈၆။ ၁၈၇။ အသပြာမိုး ရွာသွန်းပေးခြင်းဖြင့်လည်း၊ ကာမဂုဏ်တို့၌ ရောင့်ရဲတင်းတိမ်ခြင်းကို မရနိုင်ပေ။ ကာမဂုဏ် တို့သည် သာယာဖွယ်မရှိကုန်၊ ဆင်းရဲကုန်၏ဟု သိ၍၊ ဘုရားရှင်၏ တပည့်ဖြစ်သော ပညာရှိသည်၊ နက်နဲသော ကာမဂုဏ်တို့၌လည်း မမွေ့လျော်တော့ချေ။ တဏှာကုန်ရာ နိဗ္ဗာန်၌သာ မွေ့လျော်တော့၏။
၁၈၈။ ကြောက်ရွံ့ထိပ်လန့်ကုန်သော လူများစွာတို့သည် တောင်တို့ကို၎င်း၊ တောတို့ကို၎င်း၊ အရံတို့ကို၎င်း၊ တောစိုး သစ်ပင် စသော ကိုးကွယ်ရာတို့ကို၎င်း၊ ကိုးကွယ်ကြကုန်၏။
၁၈၉။ ဤသို့သော ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်ပေ။ ဤသို့သော ကိုးကွယ်ခြင်းသည် မြင့်မြတ်သော ကိုးကွယ်ခြင်း မဟုတ်ပေ။ ဤသို့သော ကိုးကွယ်ခြင်းကို အကြောင်းပြု၍၊ အလုံးစုံသော ဆင်းရဲခြင်းမှ မလွတ်မြောက်နိုင်တော့ပေ။
၁၉၀။ ၁၉၁။ အကြင်သူသည် မြတ်စွာဘုရားကို၎င်း၊ တရားတော်ကို၎င်း၊ သံဃာတော်ကို၎င်း၊ ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဒုက္ခ၊ ဒုက္ခ၏ ဖြစ်ပေါ်ကြောင်း၊ ဒုက္ခ၏ လွတ်မြောက်ရာ၊ ဒုက္ခ၏ ချုပ်ငြိမ်းရာသို့ ရောက်စေတတ်သော မြတ်သောအင်္ဂါ ရှစ်ပါးရှိသော မဂ္ဂသစ္စာဟူသော၊ အရိယ မဂ္ဂသစ္စာလေးပါးတို့ကို မဂ်ပညာဖြင့် ကောင်းစွာသိနိုင်၏။
၁၉၂။ ဤသို့သော ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း ဖြစ်၏။ ဤသို့သော ကိုးကွယ်ခြင်းသည် မြင့်မြတ်သော ကိုးကွယ်ခြင်း ဖြစ်၏။ ဤသို့သော ကိုးကွယ်ခြင်းကို အကြောင်းပြု၍၊ အလုံးစုံသော ဆင်းရဲခြင်းမှ လွတ်မြောက်နိုင်၏။
၁၉၃။ ယောက်ျားအာဇာနည်သည် ပေါ်ပေါက်နိုင်ခဲ၏။ ထိုယောက်ျားအာဇာနည်သည် ခပ်သီမ်းသောအရပ်၊ ခပ်သိမ်းသော အမျိုးအနွယ်တို့၌ မပေါ်ပေါက်နိုင်။ အကြင်အမျိုးနွယ်၌ ပညာရှိသော ယောက်ျားမြတ် အာဇာနည် ပေါ်ပေါက်လာ၏။ ထိုအမျိုးသည် ချမ်းသာခြင်းကို ရရှိ၏။
၁၉၄။ ဘုရားရှင်တို့ ပွင့်ထွန်းလာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။ သူတော်ကောင်းတရား ဟောာကြားခြင်း သည် ချမ်းသာခြင်း၏ အကြောင်းတည်း။ သံဃာ၏ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။ စိတ်သဘောထား ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းတည်း။
၁၉၅။ ၁၉၆။ ပူဇော်ခြင်းကို ခံယူထိုက်ကုန်သော၊ သံသရာ နယ်ချဲ့တရားတို့ကို လွန်မြောက်ပြီးကုန်သော၊ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းကို လွန်မြောက်ပြီးကုန်သော၊ ကိလေသာ ငြိမ်းအေးပြီးကုန်သော၊ ဘေးရန်တစ်စုံတစ်ရာ မရှိကုန်သော၊ မြတ်စွာ ဘုရားတို့ကို၎င်း၊ မြတ်စွာဘုရား၏ တပည့်တို့ကို၎င်း၊ ပူဇော်သူ၏ ကောင်းမှုကို၊ ဤကောင်းမှုသည် ဤမျှရှိ၏ဟု တစ်စုံ တစ်ယောက် သောသူသည် ရေတွက်ခြင်းငှာ မတတ်ကောင်းပေ။
သုခ၀ဂ်
၁၉၇။ ရန်ပြုသူတို့အလယ်၌ ငါတို့သည် ရန်မပြုဘဲ အလွန်ချမ်းသာစွာ အသက်မွေးနိုင်ကြကုန်၏။ ရန်ပြုတတ်သူတို့ အလယ်၌ ငါတို့သည် ရန်မပြုဘဲ နေနိုင်ကြကုန်၏။
၁၉၈။ ကိလေသာ အနှိပ်စက်ခံရသော သူတို့အလယ်၌၊ ငါတို့သည် ကိလေသာ အနှိပ်စက်မခံရဘဲ အလွန်ချမ်းသာစွာ အသက်မွေးနိုင်ကြကုန်၏။ ကိလေသာ အနှိပ်စက်ခံရသော သူတို့အလယ်၌၊ ငါတို့သည် ကိလေသာအနှိပ်စက်မခံရဘဲ နေနိုင်ကြကုန်၏။
၁၉၉။ ကာမဂုဏ်ကို ကြောင့်ကြစိုက်သော သူတို့အလယ်၌၊ ငါတို့သည် ကာမဂုဏ်ကို ကြောင့်ကြမစိုက်ဘဲ၊ အလွန် ချမ်းသာစွာ အသက်မွေးနိုင်ကြကုန်၏။ ကာမဂုဏ်ကို ကြောင့်ကြစိုက်သော သူတို့အလယ်၌၊ ငါတို့သည်၊ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ဘဲ နေနိုင်ကြကုန်၏။
၂၀၀။ စိုးရိမ်ကြောင့်ကြခြင်း တစ်စုံတစ်ရာမျှ မရှိကြသည်ဖြစ်၍ ငါတို့သည် အလွန်ချမ်းသာစွာ အသက်မွေးနိုင်ကြကုန်၏။ အာဘဿရဗြဟ္မာတို့ကဲ့သို့ ပီတိတည်းဟူသော အစာကို စားသုံး၍ နေကြကုန်အံ့။
၂၀၁။ အနိုင်ရသူသည် ရန်များလာတတ်၏။ ရှုံးသောသူသည်လည်း ဆင်းရဲစွာနေရ၏။ ကိလေသာ ငြိမ်းပြီးသောသူသည် အနိုင်အရှုံး ပယ်စွန့်ပြီး ချမ်းသာစွာနေရ၏။
၂၀၂။ ရာဂနှင့်တူသော မီးသည် မရှိ။ ဒေါသနှင့်တူသော အပြစ်သည် မရှိ။ ခန္ဓာနှင့်တူသော ဆင်းရဲခြင်းသည် မရှိ။ နိဗ္ဗာန်နှင့်တူသော ချမ်းသာခြင်းသည် မရှိ။
၂၀၃။ ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံးရောဂါတည်း။ သင်္ခါရတရားတို့သည် အလွန်ကဲဆုံးဒုက္ခတည်း။ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း။ ဤသို့ ဟုတ်တိုင်းမှန်စွာသိ၍၊ ပညာရှိသည် နိဗ္ဗာန်ချမ်းသာကို မျက်မှောက် ပြု၏။
၂၀၄။ အနာရောဂါ ကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း။ ရောင့်ရဲခြင်းသည် အလွန်ကဲဆုံး ဥစ္စာတည်း။ ချစ်ကျွမ်းဝင်သူသည် အလွန်ကဲဆုံး ဆွေမျိုးတည်း။ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း။
၂၀၅။ တရားတည်းဟူသော နှစ်သိမ့်ခြင်းပီတိအရသာကို သောက်သုံးရသောသူသည် ဆိတ်ငြိမ်ခြင်း၌ရရှိသော တရား အရသာကို၎င်း၊ ကိလေသာငြိမ်းအေးရာ နိဗ္ဗာန်၏ အရသာကို၎င်း၊ သောက်ရသောကြောင့် ပူပန်ခြင်းကင်း၏။ မကောင်းမှု မှလည်းကင်း၏။
၂၀၆။ သူတော်ကောင်းတို့ကို ဖူးမြင်ရခြင်းသည် ကောင်း၏။ သူတော်ကောင်းတို့နှင့် ပေါင်းသင်းရခြင်းသည် အခါခပ်သိမ်း ချမ်းသာ၏။ လူမိုက်တို့ကို မတွေ့မြင်ရခြင်းသည် အမြဲပင်ချမ်းသာ၏။
၂၀၇။ လူမိုက်တို့နှင့် ပေါင်းသင်း၍ လှည့်လည်သွားလာနေရသောသူသည်၊ အချိန်ကြာမြင့်စွာ စိုးရိမ်ရ၏။ လူမိုက်တို့နှင့် ပေါင်းသင်းနေရခြင်းသည်၊ ရန်သူနှင့် ပေါင်းသင်းနေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲရ၏။ ပညာရှိသူနှင့် ပေါင်းသင်း ရခြင်းသည် ဆွေမျိုးတို့နှင့် ပေါင်းသင်းရသကဲ့သို့ ချမ်းသာ၏။
၂၀၈။ ထို့ကြောင့်သာလျှင် တည်ကြည်သော၊ ပညာရှိထသော၊ အကြားအမြင်လည်းများသော၊ မဂ်တည်းဟူသော ၀န်ကို ဆောင်လေ့ရှိသော၊ သီလအကျင့်လည်း ရှိသော၊ မြတ်သော၊ ထိုသို့သော သူတော်ကောင်းကို၊ လသည် နက္ခတ်တို့ သွားရာလမ်းကြောင်းကို ဆည်းကပ်သကဲ့သို့ ဆည်းကပ်ရာ၏။
ပီယ၀ဂ်
၂၀၉။ မိမိကိုယ်ကို အားမထုတ်သင့်ရာ၌ အားထုတ်လျက်၊ အားထုတ်သင့်ရာ၌ အားမထုတ်ဘဲ၊ အကျိုးစီးပွားကို စွန့်လွှတ်၍ ချစ်ခင်ဖွယ်ရာ အာရုံကို ဆွဲယူသောသူသည်၊ ကိုယ်တိုင်အားထုတ်သူတို့ ရရှိနိုင်သော အကျိုးစီးပွားကို လိုလားတောင့်တ၏။
၂၁၀။ ချစ်သောသူတို့နှင့်လည်း မပေါင်းသင်းနှင့်။ မုန်းသောသူတို့နှင့်လည်း တစ်ရံတစ်ဆစ်မျှ မပေါင်းသင်းနှင့်။ ချစ်သောသူကို မမြင်ရခြင်းသည်လည်း ဆင်းရဲ၏။ မုန်းသောသူကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။
၂၁၁။ ထို့ကြောင့် သက်ရှိသက်မဲ့ မည်သည့်အရာဝတ္ထုကိုမျှ ချစ်ခင်ခြင်းကို မပြုရာ။ ချစ်ခင်ဖွယ်ရာတို့နှင့် ကွေကွင်းရ ခြင်းသည် မကောင်းသည်သာတည်း။ ချစ်ခြင်းမုန်းခြင်း မရှိသောသူတို့အား၊ အနှောင်အဖွဲ့တို့ မရှိကြကုန်။
၂၁၂။ ချစ်ခြင်းကြောင့် စိုးရိမ်ပူဆွေးခြင်း ဖြစ်ပေါ်လာရ၏။ ချစ်ခြင်းကြောင့် ကြောက်ရွံ့ခြင်း ဖြစ်ပေါ်လာရ၏။ ချစ်ခင်ခြင်းမှ ကင်းလွတ်သောသူအား၊ အဘယ်မှာ စိုးရိမ်ပူဆွေးခြင်း၊ ကြောက်ရွံ့ခြင်း ရှိပါတော့မည်နည်း။
၂၁၃။ မြတ်နိုးခြင်းကြောင့် စိုးရိမ်ပူဆွေးခြင်း ဖြစ်ပေါ်လာရ၏။ မြတ်နိုးခြင်းကြောင့် ကြောက်ရွံ့ခြင်း ဖြစ်ပေါ်လာရ၏။ မြတ်နိုးခြင်းမှ ကင်းလွတ်သောသူအား၊ အဘယ်မှာ စိုးရိမ်ပူဆွေးခြင်း၊ ကြောက်ရွံ့ခြင်း ရှိပါတော့မည်နည်း။
၂၁၄။ မွေ့လျော်ခြင်းကြောင့် စိုးရိမ်ပူဆွေးခြင်း ဖြစ်ပေါ်လာရ၏။ မွေ့လျော်ခြင်းကြောင့် ကြောက်ရွံ့ခြင်း ဖြစ်ပေါ်လာရ၏။ မွေ့လျော်ခြင်းမှ ကင်းလွတ်သောသူအား၊ အဘယ်မှာ စိုးရိမ်ပူဆွေးခြင်း၊ ကြောက်ရွံ့ခြင်း ရှိပါတော့မည်နည်း။
၂၁၅။ လိုချင်ခြင်းကြောင့် စိုးရိမ်ပူဆွေးခြင်း ဖြစ်ပေါ်လာရ၏။ လိုချင်ခြင်းကြောင့် ကြောက်ရွံ့ခြင်း ဖြစ်ပေါ်လာရ၏။ လိုချင်ခြင်းမှ ကင်းလွတ်သောသူအား၊ အဘယ်မှာ စိုးရိမ်ပူဆွေးခြင်း၊ ကြောက်ရွံ့ခြင်း ရှိပါတော့မည်နည်း။
၂၁၆။ တဏှာကြောင့် စိုးရိမ်ပူဆွေးခြင်း ဖြစ်ပေါ်လာရ၏။ တဏှာကြောင့် ကြောက်ရွံ့ခြင်း ဖြစ်ပေါ်လာရ၏။ တဏှာမှ ကင်းလွတ်သောသူအား၊ အဘယ်မှာ စိုးရိမ်ပူဆွေးခြင်း၊ ကြောက်ရွံ့ခြင်း ရှိပါတော့မည်နည်း။
၂၁၇။ သီလနှင့်၎င်း ဉာဏ်ပညာနှင့်၎င်း ပြည့်စုံသော၊ အမှန်တရားကို သိတတ်သော၊ မိမိပြုရမည့်ကိစ္စကို သိတတ်သော သူကို၊ လူအပေါင်းသည် ချစ်ခင်မြတ်နိုး၏။
၂၁၈။ နိဗ္ဗာန်ကို လွန်စွာလိုလားသည်ဖြစ်၍ စိတ်ဖြင့်ထိတွေ့ကာ၊ ကာမဘုံတို့၌ ကပ်ငြိခြင်းမရှိသောသူကို၊ အထက် အက္ကနိဌဘုံသို့ အစဉ်အတိုင်း တက်သွားမည်ဟု ဆိုအပ်၏။
၂၁၉။ ကြာမြင့်စွာကွဲကွာ၍ ရပ်ဝေးမှ ချမ်းသာစွာ ပြန်ရောက်လာသောသူကို မြင်၍၊ ဆွေမျိုးမိတ်ဆွေတို့သည်၎င်း၊ ချစ်ကျွမ်းဝင်သူတို့သည်၎င်း၊ သူပြန်လာပြီဟု ၀မ်းမြောက်ကြကုန်၏။
၂၂၀။ ထိုနည်းတူစွာပင်၊ ပစ္စုပ္ပန်ဘ၀မှ တမလွန်ဘ၀သို့ ပြောင်းရွှေ့သွားသော၊ ကောင်းမှုကုသိုလ် ပြုလုပ်ခဲ့သော သူကိုလည်း၊ ဆွေမျိုးတို့သည် ပြန်ရောက်လာသော ချစ်ခင်သူကို ကြိုဆိုကြသကဲ့သို့၊ ကောင်းမှုတို့သည် ကြိုဆိုကြ ကုန်၏။
ကောမ၀ဂ်
၂၂၁။ အမျက်ကို စွန့်ရာ၏။ မာနကို ပယ်ရာ၏။ သံယောဇဉ်ဟူသမျှကို ကျော်လွန်ရာ၏။ နာမ်ရုပ်၌ မငြိတွယ် မကြောင့်ကြ သူတို့ထံသို့၊ ဆင်းရဲဒုက္ခတို့သည် မကျရောက်လာကြပေ။
၂၂၂။ လျင်မြန်စွာပြေးနေသော ရထားကို၊ လမ်းမမှားအောင် စောင့်ရှောက်ဘိသကဲ့သို့၊ အကြင်သူသည်၊ ဖြစ်ပေါ်လာ သော အမျက်ဒေါသကို တားဆီးနိုင်၏။ ထိုသူကို လိမ္မာသော ရထားထိန်းဟု ငါဆို၏။ ထိုမှတစ်ပါး ပကတိ ရထားထိန်းသည်ကား၊ ရထားကြိုးကိုင်သာ မည်၏။
၂၂၃။ အမျက်ထွက်သောသူကို၊ အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ရာ၏။ မကောင်းသောစိတ် ရှိသောသူကို၊ ကောင်းသောစိတ်ဖြင့် အောင်နိုင်ရာ၏။ နှမြောတွန့်တိုသောသူကို၊ ပေးကမ်းခြင်းဖြင့် အောင်နိုင်ရာ၏။ မဟုတ်မမှန် ပြောဆိုသောသူကို၊ ဟုတ်တိုင်းမှန်စွာ ပြောဆိုခြင်းဖြင့်၊ အောင်နိုင်ရာ၏။
၂၂၄။ မှန်ကန်သောစကားကို ပြောဆိုရာ၏။ အမျက်မထွက်ရာ။ တောင်းလာသည်ရှိသော် အနည်းငယ်မျှကိုသော်၎င်း ပေးလှူရာ၏။ ဤအကြောင်းသုံးပါးတို့ဖြင့်၊ နတ်ပြည်သို့ ရောက်ရာ၏။
၂၂၅။ အကြင်သူတို့သည် သူတစ်ပါးကို မညှင်းဆဲတတ်ကုန်၏။ ကာယ ဒွါရ စသည်ဖြင့် အမြဲစောင့်စည်းကြကုန်၏။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည်၊ စိုးရိမ်ပူဆွေးခြင်း မရှိသော နိဗ္ဗာန်သို့၊ ရောက်ကြရကုန်၏။
၂၂၆။ အခါခပ်သိမ်း နိုးကြားထကြွကြကုန်သည်ဖြစ်၍၊ နေ့ရောညဥ့်ပါ၊ သိက္ခာသုံးပါးကို ကျင့်ကြကုန်လျက်၊ နိဗ္ဗာန်သို့ စိတ်ညွတ်ကြသော သူတို့အား၊ အာသ၀တရားတို့ ချုပ်ငြိမ်းပျောက်ကြကုန်၏။
၂၂၇။ အို အတုလ။ ကဲ့ရဲ့ခြင်းသည် ရှေးရိုးစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှ ဖြစ်ပေါ်လာသည် မဟုတ်ချေ။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကြကုန်၏။ များစွာဟောပြောသောသူကိုလည်း ကဲ့ရဲ့ကြကုန်၏။ ချင့်ချိန်၍ ပြောဆိုသူ ကိုလည်း၊ ကဲ့ရဲ့ကြကုန်၏။ လောက၌ အကဲ့ရဲ့မခံရသူ ဟူ၍ မရှိချေ။
၂၂၈။ လုံးလုံးလျားလျား အကဲ့ရဲ့ခံရသူသည်၎င်း၊ လုံးလုံးလျားလျား အချီးမွမ်းခံရသူသည်၎င်း၊ ရှေးယခင်က မရှိခဲ့ဘူးချေ။ နောင်လည်း ရှိလာမည် မဟုတ်ချေ။ ယခုလည်း မရှိပါချေ။
၂၂၉။ ၂၃၀။ မကျိုးမပြတ်သော အကျင့်ရှိသော၊ ဖောက်ခွဲနိုင်သော ပညာရှိသော၊ ပညာ သီလ သမာဓိနှင့် ပြည့်စုံသော အကြင်သူကို၊ ပညာရှိတို့သည် ဟုတ်တိုင်းမှန်စွာသိ၍၊ နေ့တိုင်း နေ့တိုင်း ချီးမွမ်းကြကုန်ငြားအံ့။ ရွှေစင်နှင့် တူမျှသော ထိုသူကို အဘယ်သူသည် ကဲ့ရဲ့နိုင်ပါအံ့နည်း။ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကြကုန်၏။ ဗြဟ္မာတို့လည်း ချီးမွမ်းကြကုန်၏။
၂၃၁။ ကာယဒုစရိုက်သုံးပါးကို မဖြစ်ပွားအောင် စောင့်ရှောက်ရာ၏။ ကာယဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ် ပိတ်ပင်ရာ၏။ ကာယဒုစရိုက်ကို ပယ်စွန့်၍၊ ကာယသုစရိုက်ကို ကျင့်သုံးရာ၏။
၂၃၂။ ၀စီဒုစရိုက်လေးပါးကို မဖြစ်ပွားအောင် စောင့်ရှောက်ရာ၏။ ၀စီဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ်ပိတ်ပင် ရာ၏။ ၀စီဒုစရိုက်ကို ပယ်စွန့်၍၊ ၀စီသုစရိုက်ကို ကျင့်သုံးရာ၏။
၂၃၃။ ၂၃၄။ မနောဒုစရိုက်သုံးပါးကို မဖြစ်ပွားအောင် စောင့်ရှောက်ရာ၏။ မနောဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏။ မနောဒုစရိုက်ကို ပယ်စွန့်၍၊ မနောသုစရိုက်ကို ကျင့်သုံးရာ၏။
မလ၀ဂ်
၂၃၅။ သင်သည် ယခုအခါ ဖျော့တော့သော ဖက်ရွက်ရော်ကဲ့သို့ ဖြစ်ခဲ့ပြီ။ သေမင်း၏တမန်တို့သည်လည်း သင့်အနီး၌ တည်လာကြကုန်ပြီ။ ဆုတ်ယုတ်ပျက်စိးခြင်း၏ အစဉ်သည်လည်း တည်ခဲ့ပြီ။ သင့်အား ဘ၀တစ်ပါး၌ စားသုံးရန်၊ ကောင်းမှု ရိက္ခာလည်း မရှိချေ။
၂၃၆။ ထိုသင်သည် မိမိ၏ မှီခိုရာကျွန်းသဖွယ်ဖြစ်သော၊ ကုသိုလ်ကောင်းမှုကို ပြုလော့။ အလျင်အမြန်အားထုတ်၍၊ ပညာရှိသူ ဖြစ်လော့။ အညစ်အကြေးကို ပယ်ထုတ်၍၊ ကိလေသာ မရှိခဲ့ပါလျှင်၊ အရိယာတို့ နေထိုင်ရာ သုဒ္ဓါဝါဒဘုံသို့ ရောက်လတ္တံ့။
၂၃၇။ သင်သည် ယခုအခါ အရွယ်လွန်ချေပြီ။ သေမင်း၏အထံသို့ သွားချိန်ရောက်ခဲ့ပြီ။ ခရီးအကြား၌ ရပ်နားနေရန် သင့်မှာ အခွင့်မရှိချေ။ သင့်အား ဘ၀တစ်ပါး၌ စားသုံးရန် ကောင်းမှုရိက္ခာလည်း မရှိချေ။
၂၃၈။ ထိုသင်သည် မိမိ၏ မှီခိုရာကျွန်းသဖွယ်ဖြစ်သော၊ ကုသိုလ်ကောင်းမှုကို ပြုလော့။ အလျင်အမြန်အားထုတ်၍၊ ပညာရှိသူ ဖြစ်လော့။ အညစ်အကြေးကို ပယ်ထုတ်၍၊ ကိလေသာ မရှိခဲ့ပါလျှင်၊ တစ်ဖန်ပဋိသန္ဓေနေခြင်း၊ အိုမင်းခြင်းသို့ မရောက်ရတော့လတ္တံ့။
၂၃၉။ ရွှေပန်းထိမ်သည်သည် ရွှေ၏အညစ်အကြေးကို တဖြေးဖြေးထုတ်ပယ်သကဲ့သို့၊ ပညာရှိသည် မိမိ၏ ရာဂစသော အညစ်အကြေးကို၊ အနည်းငယ် အနည်းငယ်၊ အခွင့်ရတိုင်း အခွင့်ရတိုင်း၊ အစဉ်အားဖြင့် ထုတ်ပယ်ရာ၏။
၂၄၀။ သံမှပင် သံချေးတက်၍ ဖြစ်ပေါ်လာသော သံချေးသည်၊ ထိုသံကိုပင် ပြန်၍စားသကဲ့သို့၊ ဤအတူ မကောင်းမှု၌ ကျူးလွန်၍ ကျင့်သောအမှုများက၊ ဒုဂ္ဂတိဘ၀သို့ ပို့ဆောင်ကုန်၏။
၂၄၁။ စာပေကျမ်းဂန် အတတ်ပညာတို့သည်၊ သင်အံရွတ်မှု မပြုခြင်းလျှင်၊ ပျက်စီးကြောင်း အညစ်အကြေး ရှိကုန်၏။ အိမ်တို့သည် ဂရုစိုက်မပြုပြင်လျှင်၊ ပျက်စီးကြောင်း အညစ်အကြေး ရှိကုန်၏။ ပျင်းရိခြင်းသည် အဆင်းလှခြင်း၏ ပျက်စီး ကြောင်း အညစ်အကြေး ဖြစ်၏။ မေ့လျော့ခြင်းသည် စောင့်ရှောက်သူ၏ ပျက်စီးကြောင်း အညစ်အကြေး ဖြစ်၏။
၂၄၂။ လင်ကို ကျူးလွန်၍ ကျင့်ခြင်းသည်၊ မိန်းမ၏ ပျက်စီးကြောင်း အညစ်အကြေး ဖြစ်၏။ ၀န်တိုခြင်းသည်၊ ပေးလှူသူ၏ပျက်စီးကြောင်း အညစ်အကြေး ဖြစ်၏။ အကုသိုလ်တရားတို့သည်၊ ဤဘ၀၌၎င်း၊ တမလွန်ဘ၀၌၎င်း၊ ဧကန် အားဖြင့် ပျက်စီးကြောင်း အညစ်အကြေးတို့ ဖြစ်ကုန်၏။
၂၄၃။ ထိုအညစ်အကြေးတို့ထက် အလွန်ကဲဆုံး အညစ်အကြေးသည်ကား၊ အမှန်ကိုမသိသော အ၀ိဇ္ဇာပင်တည်း။ ရဟန်းတို့။ အလွန်ကဲဆုံးဖြစ်သော အ၀ိဇ္ဇာအညစ်အကြေးကို ပယ်သတ်၍၊ အညစ်အကြေး ကင်းကြပေကုန်လော့။
၂၄၄။ အရှက်မရှိသောသူသည်၊ ရဲတင်းသော ကျီးနှင့် တူသဖြင့်၎င်း၊ သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ဖျက်ဆီးသဖြင့်၎င်း၊ သူတစ်ပါးပြုသည်ကို မိမိပြုယောင် ဆောင်သဖြင့်၎င်း၊ ကြမ်းကြုတ်သဖြင့်၎င်း၊ ညစ်ညူးသော အကျင့်ဖြင့်၎င်း၊ အသက်မွေးမှု ပြုသောကြောင့်၊ အသက်မွေးရန် လွယ်ကူ၏။
၂၄၅။ အရှက်ရှိသူသည်၊ စင်ကြယ်မှုကို အမြဲရှာသဖြင့်၎င်း၊ မတွန့်တိုသဖြင့်၎င်း၊ မကြမ်းကြုတ်သဖြင့်၎င်း၊ စင်ကြယ်သော အသက်မွေးမှုဖြင့်၎င်း၊ သင့်မသင့်ကို ရှုမြင်သဖြင့်၎င်း၊ အသက်မွေးမှုကြောင့်၊ အသက်မွေးရန် ခဲယဉ်း၏။
၂၄၆။ ၂၄၇။ လောက၌ အကြင်သူသည် သူ့အသက်ကို သတ်၏။ မဟုတ်မမှန်သောစကားကိုလည်း ပြောဆို၏။ ပိုင်ရှင် မပေးသော သူ့ဥစ္စာကို ခိုးယူ၏။ သူတစ်ပါးမယားကိုလည်း သွားလာ၏။ အရက်သေစာကိုလည်း သောက်စား၏။ ဤသူသည် ဤဘ၀၌ပင်လျှင်၊ မိမိ၏ အရင်းအမြစ်ကို တူးဖြို၏။
၂၄၈။ အို ယောက်ျား။ မစောင့်စည်းသောသူတို့သည် ယုတ်ညံ့သောသဘော ရှိသည်ဟူ၍ သိလေလော့။ လောဘ သည်၎င်း၊ ဒေါသသည်၎င်း၊ သင့်ကို ကြာရှည်စွာ ဆင်းရဲစေရန် မပြုလုပ်ပါစေနှင့်။
၂၄၉။ လူအပေါင်းသည်၊ မိမိယုံကြည်သည့်အားလျော်စွာ၊ မိမိကြည်ညိုသည့်အားလျော်စွာ၊ ပေးကမ်းလှူဒါန်း၏။ သောက်ဖွယ်စားဖွယ် စသည်ကို၊ သူတစ်ပါးအား ပေးလှူရာ၌၊ မျက်နှာမသာသောသူသည်၊ နေ့အခါ၌၎င်း၊ ညဥ့်အခါ၌၎င်း၊ စိတ်တည်ကြည်ခြင်းကို မရနိုင်ပေ။
၂၅၀။ အကြင်သူသည်၊ ဤမျက်နှာမသာခြင်း သဘောကို၊ အကြွင်းမဲ့ ပယ်ဖျက်၏။ အမြစ်ပြတ် ပယ်နှုတ်၏။ ထိုသူသည်၊ နေ့အခါ၌၎င်း၊ ညဥ့်အခါ၌၎င်း၊ စိတ်တည်ကြည်ခြင်းကို ရ၏။
၂၅၁။ ရာဂနှင့်တူသော မီးသည် မရှိ။ ဒေါသနှင့်တူသော ဖမ်းစားတတ်သော အရာဝတ္ထုသည် မရှိ။ မောဟနှင့်တူသော ပိုက်ကွန်သည် မရှိ။ တဏှာနှင့်တူသော မြင်းသည် မရှိ။
၂၅၂။ သူတစ်ပါးတို့၏ အပြစ်ကို မြင်လွယ်၏။ မိမိအပြစ်ကိုကား မြင်နိုင်ခဲ၏။ ထိုသူသည် ဖွဲကို ကြဲလွှင့်သကဲ့သို့၊ သူတစ်ပါးတို့၏အပြစ်ကို ကြဲလွှင့်၏။ ကောက်ကျစ်စဉ်းလဲသော ငှက်မုဆိုးတို့သည်၊ သစ်ရွှက် စသည်ဖြင့် ဖုံးလွှမ်း သကဲ့သို့၊ မိမိအပြစ်ကိမူကား ဖုံးလွှမ်း၏။
၂၅၃။ သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုလျက်၊ အမြဲမပြတ်ကဲ့ရဲ့နေသောသူအား၊ အာသ၀တရားတို့သည် တိုးပွားကြကုန်၏။ ထိုသူသည် အာသ၀ကုန်ခြင်းမှ ဝေးကွာ၏။
၂၅၄။ ကောင်းကင်၌ ခြေရာမရှိပေ။ သာသနာတော်၏ ပြင်ပ၌၊ မဂ်ဖိုလ်ရသောရဟန်း မရှိပေ။ သတ္တ၀ါတို့သည် သံသရာချဲ့ထွင်တတ်သော တရား၌ မွေ့လျော်ကုန်၏။ ဘုရားရှင်တို့သည် သံသရာချဲ့ထွင်တတ်သော တရားမှ ကင်းကုန်၏။
၂၅၅။ ကောင်းကင်၌ ခြေရာမရှိပေ။ သာသနာတော်၏ ပြင်ပ၌၊ မဂ်ဖိုလ်ရသောရဟန်း မရှိပေ။ မြဲသော သင်္ခါရတရား မရှိပေ။ ဘုရားရှင်တို့အား တုန်လှုပ်ခြင်း မရှိပေ။
ဓမ္မဌ၀ဂ်
၂၅၆။ ဆုံးဖြတ်အပ်သော အမှုကို၊ မှားယွင်းစွာ ပြောဆို ဆုံးဖြတ်ခြင်းကြောင့်၊ တရား၌တည်သော တရားသူကြီး မဟုတ်ချေ။ ပညာရှိသည် ဟုတ်မှန်သော အကြောင်း၊ မဟုတ်မှန်သော အကြောင်း၊ နှစ်ပါးလုံးကို မေးမြန်းစုံစမ်း၍၊ ဆုံးဖြတ်ရာ၏။
၂၅၇။ မချွတ်မယွင်း တရားနှင့်အညီ၊ သူတစ်ပါးတို့ကို အနိုင်အရှုံး ဆုံးဖြတ်ပေးသော ပညာရှိကို၊ တရားစောင့်သော၊ တရား၌တည်သော၊ တရားသူကြီးဟု ဆိုအပ်၏။
၂၅၈။ စကားများများ ပြောကာမျှဖြင့်၊ ပညာရှိ မဖြစ်နိုင်ပေ။ ဘေးမသီ ရန်မခ၊ ကြောက်ရွံ့ခြင်း ကင်းရှင်းသူကို၊ ပညာရှိဟု ဆိုအပ်၏။
၂၅၉။ စကားများစွာ ပြောကာမျှဖြင့်၊ တရားကိုဆောင်သူ မဖြစ်ပေ။ အကြင်သူသည်၊ အနည်းငယ်မျှသော တရားစကားကို ကြားရရုံမျှဖြင့်၊ သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့် သိမြင်၏။ ထိုသစ္စာလေးပါးတရား၌၊ မမေ့လျော့သူသည်သာ၊ စင်စစ်အားဖြင့် တရားဆောင်သူ ဖြစ်၏။
၂၆၀။ ထိုရဟန်း၏ ဦးခေါင်းသည် ဖွေးဖွေးဖြူ၏။ ထိုသို့ဖွေးဖွေးဖြူကာမျှဖြင့် ထိုရဟန်းသည် ကြီးရင့်သူ မမည်ပေ။ ထိုရဟန်း၏ အရွယ်ရင့်အိုခြင်းကို၊ အကျိုးမဲ့ ရင့်အိုခြင်းဟု ဆိုအပ်၏။
၂၆၁။ အကြင်ပုဂ္ဂိုလ်သည် သစ္စာလည်းရှိ၏။ တရားလည်း ရှိ၏။ ညှင်းဆဲခြင်း မရှိ။ သီလစောင့်ခြင်း ရှိ၏။ ဣနြေ္ဒကိုလည်း ဆုံးမ၏။ ကိလေသာ ပျို့အန်ပြီးသော ထိုပညာရှိပုဂ္ဂိုလ်ကိုသာ၊ ကြီးရင့်သူဟု ဆိုအပ်၏။
၂၆၂။ ငြူစူတတ်သော၊ ၀န်တိုတတ်သော၊ ကောက်ကျစ်စဉ်းလဲတတ်သောသူသည်၊ ကောင်းသောစကားကို ဆိုကာမျှ ဖြင့်၎င်း၊ ရုပ်အဆင်း လှပကာမျှဖြင့်၎င်း၊ ကောင်းသောသဘောရှိသည် မမည်ပေ။
၂၆၃။ အကြင်သူသည်၊ ငြူစူခြင်း စသော ကိလေသာကို အကြွင်းမဲ့ ပယ်ဖျက်၏။ အမြစ်ပြတ် ပယ်နှုတ်ပြီး ဖြစ်၏။ ထိုကိလေသာ အပြစ်ကို ထွေးအန်ပြီးသော၊ ထိုပညာရှိကို၊ ကောင်းသောသဘောရှိသူ ဟူ၍၊ ဆိုအပ်၏။
၂၆၄။ ခေါင်းတုံး တုံးထားကာမျှဖြင့်၊ ရဟန်းမဖြစ်ပေ။ ကျင့်ဝတ်တစ်ခုမျှ မရှိသော၊ ချွတ်ယွင်းသောစကားကိုလည်း ပြောဆို တတ်သော၊ လိုချင်မက်မောခြင်းနှင့် ပြည့်စုံသောသူသည်၊ အဘယ်မှာ ရဟန်းဖြစ်နိုင်ပါမည်နည်း။
၂၆၅။ အကြင်ပုဂ္ဂိုလ်သည၊် အသေးစား အကြီးစား ဖြစ်သော မကောင်းမှုတို့ကို၊ အချင်းခပ်သိမ်း ငြိမ်းစေ၏။ ထိုပုဂ္ဂိုလ်ကို၊ မကောင်းမှုအားလုံးကို ငြိမ်းစေတတ်သောကြောင့်၊ ရဟန်းဟူ၍ ဆိုအပ်၏။
၂၆၆။ သူတစ်ပါးထံမှ တောင်းစားကာမျှဖြင့်၊ ရဟန်းမဖြစ်ပေ။ တရားနှင့် မညီညွတ်သော အကျင့်ကိုယူ၍ ကျင့်ကာမျှဖြင့်၊ ရဟန်းမဖြစ်ပေ။
၂၆၇။ အကြင်သူသည်၊ သာသနာတော်၌၊ မြတ်သောအကျင့် ရှိသည်ဖြစ်၍၊ ကောင်းမှု မကောင်းမှုကို ပယ်နှုတ်လျက်၊ ခန္ဓာ ငါးပါးဟူသော လောကကို၊ ဉာဏ်ဖြင့် ဆင်ခြင်၍ ကျင့်၏။ ထိုသူကို ရဟန်းဟူ၍ ဆိုအပ်၏။
၂၆၈။ ၂၆၉။ တွေဝေတတ်သော သဘောရှိ၍၊ အသိပညာ ချို့တဲ့သူသည်၊ ဆိတ်ဆိတ်နေကာမျှဖြင့်၊ မုနိ မမည်ပေ။ အကြင်ပညာရှိသည်ကား၊ ချိန်ခွင်ကို ကိုင်၍ ချိန်စက်ဘိသကဲ့သို့၊ ကောင်းမှုတည်းဟူသော အမြတ်တရားကို ယူငင်၍၊ မကောင်းမှု အကုသိုလ်တရားများကို၊ ရှောင်ကြဉ်၏။ ထို့ကြောင့် ထိုပညာရှိသည်၊ မုနိ မည်၏။ အကြင်သူသည် အဇ္ဈတ္တ၊ ဗဟိဒ္ဓ၊ ခန္ဓာနှစ်ပါးတို့ကို သိ၏။ ထိုသူသည် မုနိ မည်၏။ ထိုအကြောင်းနှစ်ပါးကြောင့် မုနိဟု ဆိုအပ်၏။
၂၇၀။ သတ္တ၀ါတို့ကို ညှင်းဆဲသတ်ဖြတ်သော အကြောင်းကြောင့်၊ အရိယာ မဖြစ်ချေ။ သတ္တ၀ါတို့ကို မညှင်းဆဲ မသတ်ဖြတ်သော အကြောင်းကြောင့်၊ အရိယာဟု ဆိုအပ်၏။
၂၇၁။ ၂၇၂။ သီလနှင့် ပြည့်စုံကာမျှဖြင့်၎င်း၊ ဓုတင်ဆောင်ကာမျှဖြင့်၎င်း၊ အကြားအမြင် များကာမျှဖြင့်၎င်း၊ သမာဓိ ရကာမျှ ဖြင့်၎င်း၊ ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့်၎င်း၊ အာသဝေါကုန်ခမ်းသော ရဟန္တာအဖြစ်သို့ မရောက်သေးဘဲလျက်၊ ပုထုဇဉ်တို့ မမှီဝဲအပ်သော အနာဂါမ်ဖိုလ်ချမ်းသာကို ရလေပြီဟူ၍၊ ရဟန်းသည် စိတ်သက်သာကာ ရပ်နားခြင်းကို မရောက်ပါစေနှင့်။
မဂ္ဂ၀ဂ်
၂၇၃။ လမ်းကြောင်းအားလုံးတို့တွင်၊ အင်္ဂါရှစ်ပါးရှိသော မဂ်လမ်းကြောင်းသည် အမြတ်ဆုံးဖြစ်၏။ သစ္စာအားလုံးတို့တွင်၊ အရိယာသစ္စာ လေးပါးသည်၊ အမြတ်ဆုံးဖြစ်၏။ တရားအားလုံးတို့တွင်၊ ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်၏။ အခြေနှစ်ချောင်းရှိသော သတ္တ၀ါအားလုံးတို့တွင်၊ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်၏။
၂၇၄။ အင်္ဂါရှစ်ပါးရှိသော ဤမဂ်လမ်းကြောင်းသည်သာလျှင်၊ ဉာဏ်အမြင် စင်ကြယ်ရေးအတွက်၊ လမ်းကြောင်းအမှန် ဖြစ်၏။ ဤမဂ်လမ်းကြောင်းမှတစ်ပါး၊ အခြားလမ်းကြောင်း မရှိပေ။ ထို့ကြောင့် သင်တို့သည်၊ ဤမဂ်လမ်းကြောင်းသို့သာ၊ လျှောက်သွားကြကုန်လော့။ ဤမဂ်လမ်းကြောင်းသည်၊ မာရ်နတ်မင်း မမြင်နိုင်သော လမ်းကြောင်းပေတည်း။
၂၇၅။ သင်တို့သည် ဤမဂ်လမ်းကြောင်းကို လျှောက်သွားကြကုန်သည် ရှိသော်၊ ဆင်းရဲခြင်း၏အဆုံးကို ပြုကြရကုန် လတ္တံ့။ ငါဘုရားသည်၊ ရာဂစသည် ဆူးငြောင့်ကင်းသော လမ်းကြောင်းကို ကိုယ်တိုင်သိ၍၊ သင်တို့အား၊ မဂ်လမ်းကြောင်း ကို ဟောကြားအပ်ပြီ။
၂၇၆။ သင်တို့သည် ကိုယ်တိုင်အားထုတ်ကြကုန်လော့။ ဘုရားရှင်တို့သည်၊ လမ်းကြောင်းမှန်ကို ညွန်ပြရုံမျှသာ ဖြစ်ကုန်၏။ ကျင့်ကြံကုန်၍၊ ကိလေသာကို ရှို့မြိုက်ကြသော သူတို့သည်သာ၊ မာရ်နတ်မင်း၏ အနှောင်အဖွဲ့မှ လွတ် မြောက်နိုင်ကြကုန်၏။
၂၇၇။ အလုံးစုံသော သင်္ခါရတရားတို့သည်၊ အမြဲမရှိကြကုန်ဟူ၍၊ အကြင်အခါက ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ၌၊ အလုံးစုံသော သင်္ခါရတရားတို့၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည်၊ ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းပေတည်း။
၂၇၈။ အလုံးစုံသော သင်္ခါရတရားတို့သည်၊ ဆင်းရဲကုန်ဟူ၍၊ အကြင်အခါက ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ၌၊ အလုံးစုံသော သင်္ခါရတရားတို့၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည်၊ ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းပေတည်း။
၂၇၉။ အလုံးစုံသော သင်္ခါရတရားတို့သည်၊ အတ္တမဟုတ်ကုန် ဟူ၍၊ အကြင်အခါက ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏။ ထိုအခါ၌၊ အလုံးစုံသော သင်္ခါရတရားတို့၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည်၊ ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ပေတည်း။
၂၈၀။ ပျိုမြစ်နုထွား၍၊ ခွန်အားနှင့် ပြည့်စုံပါလျက်၊ လုံ့လပြုသင့်သောအခါ၌ လုံ့လမပြုဘဲ၊ ပျင်းရိထိုင်းမှိုင်း၍၊ စိတ်အကြံ များပြား၍နေသော၊ ထိုပျင်းရိသူသည်၊ ပညာဖြင့်သာ ရယူနိုင်သော၊ အရိယာမဂ်ကို မရနိုင်ပေ။
၂၈၁။ ၀စီဒုစရိုက်ကို ရှောင်ကြဉ်ခြင်းဖြင့်၊ နှုတ်ကို စောင့်ရှောက်ရာ၏။ စိတ်ဖြင့်၊ မနောဒုစရိုက်ကို၊ ကောင်းစွာစောင့်စည်း ရာ၏။ ကိုယ်ဖြင့်လည်း အကုသိုလ်ကို မပြုရာ။ ထိုကမ္မပထ တရားသုံးပါးတို့ကို သုတ်သင်ပြီးလျှင်၊ ဘုရားရှင် ဟောကြား တော်မူသော မဂ်ကို ပြီးစေရာ၏။
၂၈၂။ ကမ္မဌာန်းတရား ပွားများအားထုတ်ခြင်းကြောင့်၊ ပညာဖြစ်ပေါ်လာ၏။ ပွားများအားထုတ်ခြင်း မပြုသောကြောင့်၊ ပညာကုန်ခမ်း၏။ ပညာဖြစ်ပေါ်ခြင်း၊ ပညာဆုတ်ယုတ်ခြင်း၏၊ ဤလမ်းကြောင်းနှစ်သွယ်ကို သိ၍၊ ပညာတိုးပွားသော လမ်းကြောင်းဖြင့်၊ မိမိကိုယ်ကို သိမ်းသွင်းရာ၏။
၂၈၃။ ရဟန်းတို့။ တဏှာတည်းဟူသောတောကို ခုတ်ဖြတ်ကြကုန်လော့။ ပကတိသစ်ပင်ကို မခုတ်ဖြတ်ကြကုန်လင့်။ တဏှာဟူသောတောကြောင့်၊ ဇာတိစသော ဘေးဖြစ်၏။ တဏှာဟူသော တောကြီးတောငယ်ကို ခုတ်ဖြတ်၍၊ တဏှာ တောမှ လွတ်မြောက်ကြကုန်လော့။
၂၈၄။ နို့မခွာသေးသော နွားငယ်သည်၊ အမိနွားမသို့ ကပ်နေဘိသကဲ့သို့၊ ယောက်ျားအား မိန်းမတို့၌ အနည်းငယ် မျှသော ကိလေသာကို မပြတ်သေးသမျှ၊ ထိုယောက်ျားသည် ကပ်ငြိသောကိလေသာစိတ် ရှိသည် ဖြစ်၍သာလျှင်၊ သံသရာသို့ ကပ်ရောက်ရ၏။
၂၈၅။ တန်ဆောင်မုန်းလ ဒရသ ရာသီ၌ ပွင့်သော ကုမုဒြာကြာကို၊ လက်ဖြင့်ဖြတ်သကဲ့သို့၊ မိမိ၏ချစ်ခြင်းကို ဖြတ်လေ လော့။ မြတ်စွာဘုရားသည် နိဗ္ဗာန်ကို ဟောကြားတော်မူအပ်၏။ နိဗ္ဗာန်ရောက်ကြောင်း မဂ်ကိုသာလျှင် ပွားများလေလော့။
၂၈၆။ ဤအရပ်၌ မိုးအခါပတ်လုံး ငါနေအံ့ဟု၊ ဤအရပ်၌ ဆောင်းအခါ နွေအခါတို့ပတ်လု့း ငါနေအံ့ဟု၊ လူမိုက်သည် အမျိုးမျိုး အဖုံဖုံ ကြံစည်၏။ မိမိ၏ အန္တရာယ်ကိုကား မသိချေ။
၂၈၇။ သားသမီး ကျွဲနွားတို့ဖြင့် ယစ်မူးမေ့လျော့လျက်၊ မရသေးသော ကာမဂုဏ်တို့ကို တောင့်တ၍၊ ရပြီးသော ကာမဂုဏ်တို့ကို တွယ်တာကပ်ငြိနေသောသူကို၊ ကြီးစွာသောရေအလျဉ်သည် အိပ်ပျော်နေသောရွာကို လွှမ်းမိုးတိုက်ယူ သွားသကဲ့သို့ သေမင်းသည် ဆောင်ယူသွား၏။
၂၈၈။ သေမင်းနှိပ်စက်ခံရသောသူအား၊ သေဘေးမှ ကယ်ဆယ်စောင့်ရှောက်နိုင်သော၊ သားသမီးတို့ မရှိကုန်။ အမိအဖတို့ မရှိကုန်။ အဆွေခင်ပွန်းတို့လည်း မရှိကုန်။ ဆွေမျိုးတို့တွင် စောင့်ရှောက်နိုင်မည့်သူ မရှိချေ။
၂၈၉။ ပညာရှိသည် ဤအကြောင်းကိုသိ၍၊ သီလကို စောင့်စည်းကာ၊ နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော မဂ်ကို၊ လျင်မြန်စွာ သာလျှင် သုတ်သင်ရာ၏။
ပကိဏ္ဏက၀ဂ်
၂၉၀။ အနည်းငယ်မျှသော ချမ်းသာကို စွန့်လွှတ်ခြင်းကြောင့်၊ ကြီးကျယ်များပြားသော ချမ်းသာကို ရလတ္တံ့ဟု မြင်ခဲ့ပါမူ၊ ကြီးကျယ်များပြားသော ချမ်းသာကို မြင်သော ပညာရှိသည်၊ အနည်းငယ်မျှသော ချမ်းသာကို စွန့်လွှတ်ရာ၏။
၂၉၁။ သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေလျက်၊ မိမိ၏ချမ်းသာကို အလိုရှိသောသူသည်၊ ရန်နှင့်ရန်ချင်း ရောနှောခြင်းဖြင့်၊ ရန်မှ မလွတ်နိုင်ချေ။
၂၉၂။ ပြုလုပ်သင့်သောအမှုကို စွန့်ပစ်၍၊ မပြုလုပ်သင့်သော အမှုကိုကား ပြုလုပ်လျက်၊ မာနထောင်လွှားကြကုန်သော၊ မေ့လျော့ကြကုန်သော သူတို့အား၊ အာသ၀ တရားတို့ တိုးပွားကြကုန်၏။
၂၉၃။ အကြင်သူတို့သည် ကာယဂထာ သတိကို၊ အမြဲတစေ ကောင်းစွာ အားထုတ်ကြကုန်၏။ ထိုသူတို့သည် မပြုလုပ်သင့်သောအမှုကို၊ မမှီဝဲကြကုန်။ ပြုလုပ်သင့်သောအမှုကို၊ အမြဲမပြတ် ပြုလုပ်ကြကုန်၏။ သတိရှိ၍ ကောင်းစွာ သိကုန်သော ထိုပုဂ္ဂိုလ်တို့အား၊ အာသဝေါ တရားတို့
ချုပ်ငြိမ်းကြကုန်၏။
၂၉၄။ ရဟန္တာပုဂ္ဂိုလ်သည် အမိကို၎င်း၊ အဖကို၎င်း၊ သတ်ပြီးလျှင်၊ ရေမြေပိုင်စိုးသော မင်းနှစ်ပါးကို၎င်း၊ အခွန်သိမ်း အမတ်နှင့်တကွ တိုင်းသူပြည်သားအပေါင်းကို၎င်း သတ်ခြင်းကြောင့်၊ ဆင်းရဲကင်းလျက် သွားလာရ၏။
၂၉၅။ ရဟန္တာပုဂ္ဂိုလ်သည် အမိကို၎င်း၊ အဖကို၎င်း၊ မင်းပုဏ္ဏား နှစ်ပါးကို၎င်း၊ သတ်ပြီးလျှင်၊ ငါးခုမြောက်ဖြစ်သော ကျားဆိုးကိုသတ်ခြင်းကြောင့်၊ ဆင်းရဲကင်းလျက် သွားလာရ၏။
( အမိ = တဏှာ။ အဖ = ရာဂ။ မင်းနှစ်ပါး = သဿသတ ဒိဋ္ဌိ နှင့် ဥစ္ဆေဒ ဒိဋ္ဌိ။ အခွန်သိမ်း အမတ် = နန္ဒီရာဂ။ တိုင်းသူပြည်သား = အာယတန ဆယ့်နှစ်ပါး။ ကျားဆိုး = ကိလေသာ )
၂၉၆။ နေ့ရောညဥ့်ပါ အခါမလပ်၊ ဘုရားဂုဏ်တော်ကို သတိပြုနေသော၊ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည်၊ အခါခပ်သိမ်း ကောင်းသော နိုးကြားခြင်းဖြင့်၊ နိုးကြားကြရကုန်၏။
၂၉၇။ နေ့ရောညဥ့်ပါ အခါမလပ်၊ တရားဂုဏ်တော်ကို သတိပြုနေသော၊ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည်၊ အခါခပ်သိမ်း ကောင်းသော နိုးကြားခြင်းဖြင့်၊ နိုးကြားကြရကုန်၏။
၂၉၈။ နေ့ရောညဥ့်ပါ အခါမလပ်၊ သံဃာ့ဂုဏ်တော်ကို သတိပြုနေသော၊ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည်၊ အခါခပ်သိမ်း ကောင်းသော နိုးကြားခြင်းဖြင့်၊ နိုးကြားကြရကုန်၏။
၂၉၉။ နေ့ရောညဥ့်ပါ အခါမလပ်၊ ကာယဂထာ သတိ ပွားများကုန်သော၊ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည်၊ အခါခပ်သိမ်း ကောင်းသော နိုးကြားခြင်းဖြင့်၊ နိုးကြားကြရကုန်၏။
၃၀၀။ နေ့ရောညဥ့်ပါ အခါမလပ်၊ ဂရုဏာ ဘာဝနာ၌ မွေ့လျော်စိတ် ရှိကုန်သော၊ ဂေါတမမြတ်စွာဘုရား၏ တပည့် တို့သည်၊ အခါခပ်သိမ်း ကောင်းသော နိုးကြားခြင်းဖြင့်၊ နိုးကြားကြရကုန်၏။
၃၀၁။ နေ့ရောညဥ့်ပါ အခါမလပ်၊ မေတ္တာ ဘာဝနာ၌ မွေ့လျော်စိတ် ရှိကုန်သော၊ ဂေါတမမြတ်စွာဘုရား၏ တပည့် တို့သည်၊ အခါခပ်သိမ်း ကောင်းသော နိုးကြားခြင်းဖြင့်၊ နိုးကြားကြရကုန်၏။
၃၀၂။ စည်းစိမ်ကို စွန့်၍ ရဟန်းပြုနိုင်ခဲ၏။ သူတော်မြတ်တို့၏ အကျင့်၌ မွေ့လျော်ခဲ၏။ အိမ်၌ မပြည့်မစုံနေရခြင်းသည် ဆင်းရဲ၏။ သဘောမတူသူနှင့် အတူနေရခြင်းသည် ဆင်းရဲ၏။ သံသရာခရီး သွားရခြင်းသည် ဆင်းရဲခြင်းသို့ ကျရောက်၏။ ထို့ကြောင့် သံသရာခရီးသည် မဖြစ်ရာ။ ဆင်းရဲခြင်းသို့ ကျရောက်သူ မဖြစ်ရာ။
၃၀၃။ သဒ္ဓါတရားလည်း ရှိသော၊ သီလနှင့်လည်း ပြည့်စုံသော၊ အခြံအရံ စည်းစိမ်ဥစ္စာတို့နှင့်လည်း ပြည့်စုံသောသူသည် ရောက်လေရာရာ အရပ်၌၊ အပူဇော်ခံကြရ၏။
၃၀၄။ ဟိမ၀န္တာတောင်သည် အဝေး၌တည်နေသော်လည်း ထင်ရှားသကဲ့သို့၊ သူတော်ကောင်းတို့သည် အဝေး၌ပင် နေသော်လည်း၊ ထင်ရှားကုန်၏။ ညအခါ ပစ်လွှတ်လိုက်သော မြားတို့သည် မထင်ရှားကုန်သကဲ့သို့၊ သူယုတ်မာတို့သည် အနီး၌ တည်နေကြသော်လည်း၊ မထင်ရှားကြကုန်။
၃၀၅။ မပျင်းမရိမူ၍၊ တစ်ယောက်တည်းနေ၊ တစ်ယောက်တည်းအိပ်၊ တစ်ယောက်တည်း လှည့်လည်သွားလာလျက်၊ မိမိ ကိုယ်ကို ဆုံးမကာ၊ တော၌ တစ်ယောက်တည်း မွေ့လျော်ရာ၏။
နိယ၀ဂ်
၃၀၆။ မဟုတ်မမှန် ပြောဆိုသောသူသည် ငရဲသို့ ကျရောက်၏။ မိမိပြုလုပ်ပါက မပြုလုပ်ဟု ပြောဆိုသောသူသည်လည်း၊ ငရဲသို့ကျရောက်၏။ ထိုသူနှစ်ယောက်တို့သည် ယုတ်ညံ့သောအမှု ရှိကုန်သည်ဖြစ်၍၊ နောင်တမလွန်ဘ၀၌ ငရဲခံရခြင်း တူကုန်ကြ၏။
၃၀၇။ သင်္ကန်းကို လည်ပင်းပတ်ကုန်သော၊ ယုတ်မာသော သဘောရှိကုန်သော၊ ကိုယ်နှုတ်နှလုံးကို မစောင့်စည်း ကုန်သော များစွာသော ထိုသူယုတ်မာတို့သည်၊ ယုတ်မာသော မကောင်းမှုတို့ကြောင့်၊ ငရဲသို့ ကျရောက်ရကုန်၏။
၃၀၈။ သီလမရှိဘဲလျက်၊ ကိုယ်နှုတ်နှလုံးကို မစောင့်စည်းဘဲလျက်၊ တိုင်းသူပြည်သားတို့ ပေးလှူသောဆွမ်းကို စားရခြင်း ထက်၊ မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက၊ သာ၍ မြတ်သေး၏။
၃၀၉။ လောက၊ ဓမ္မ၊ နှစ်ဌာနလုံး၌ မေ့လျော့၍၊ သူတစ်ပါးမယားကို မှီဝဲသောသူသည်၊ အကုသိုလ်ရခြင်း၊ အလိုရှိတိုင်း ချမ်းသာစွာ မအိပ်ရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ငရဲခံရခြင်း၊ ဤလေးပါးသော ဆင်းရဲကြောင်းတို့သို့ ကျရောက်ရ၏။
၃၁၀။ အကုသိုလ်ကိုလည်း ရ၏။ ယုတ်ညံ့သော လားရာဂတိသို့ ရောက်ရ၏။ ကြောက်ရွံ့ထိပ်လန့်သော ယောက်ျား၏ ကြောက်ရွံ့ထိပ်လန့်သော မိန်းမနှင့် ပျော်ပါးရခြင်းသည်၊ အနည်းငယ်မျှသာ ဖြစ်၏။ မင်းသည်လည်း ကြီးလေးသော အပြစ်ဒဏ်ကို ပေး၏။ ထို့ကြောင့် ယောက်ျားသည် သူတစ်ပါး မယားကို မမှီဝဲရာ။
၃၁၁။ မကောင်းသဖြင့် ကိုင်အပ်သော သမန်းမြက်သည်၊ ကိုင်သောလက်ကို ရှဘိသကဲ့သို့၊ မကောင်းသဖြင့် ကျင့်သုံးအပ် သော ရဟန်းအဖြစ်သည်၊ ထိုရဟန်းကိုပင် ငရဲသို့ ဆွဲချ၏။
၃၁၂။ လျော့တိလျော့ရဲပြုအပ်သော အမှုကိစ္စ တစ်စုံတစ်ခုသည်၎င်း၊ ညစ်နွမ်းသောအကျင့်သည်၎င်း၊ သံသယမကင်းဖွယ် ဖြစ်သော ရဟန်းအကျင့်သည်၎င်း၊ အကျိုးမကြီးပေ။
၃၁၃။ အမှုကိစ္စကို ပြုလုပ်ခဲ့ပါလျှင်၊ စေ့စပ်သေချာစွာ ပြုလုပ်ရာ၏။ ထိုအမှုကိစ္စကို စွဲမြဲစွာအားထုတ်ရာ၏။ လျော့တိ လျော့ရဲ ပြုအပ်သော ရဟန်းအဖြစ်သည်၊ ကိလေသာမြူကို ထပ်လောင်း၍ ကြဲဖြန့်တတ်၏။
၃၁၄။ မကောင်းမှုကို မပြုခြင်းသည် မြတ်၏။ မကောင်းမှုသည် နောင်အခါတွင် ပူပန်စေတတ်၏။ ကောင်းမှုကို ပြုခြင်းသည် မြတ်၏။ ယင်းကောင်းမှုကို ပြုခြင်းကြောင့်၊ နောင်တတစ်ဖန် မပူပန်ရပေ။
၃၁၅။ တိုင်းစွန်ပြည်ဖျားဖြစ်သော မြို့ကို၊ အတွင်းရော အပြင်ပါ လုံခြုံစေဘိသကဲ့သို့၊ ထို့အတူ၊ မိမိကိုယ်ကို အတွင်းရော အပြင်ပါ လုံခြုံအောင် စောင့်ရှောက်ကြကုန်လော့။ အခါအခွင့်ကောင်းသည် သင်တို့အား ကျော်လွန်၍ မသွားပါစေနှင့်။ အခါအခွင့်ကောင်းကို ကျော်လွန်သူတို့သည်၊ ငရဲသို့ ကျရောက်ကုန်သည်ဖြစ်၍ စိုးရိမ်ရကုန်၏။
၃၁၆။ ရှက်စရာ မဟုတ်သည်၌ ရှက်တတ်ကုန်၍၊ ရှက်စရာ ဟုတ်သည်၌ မရှက်တတ်ကုန်သော၊ မှားသောအယူ ရှိကုန်သော သတ္တ၀ါတို့သည်၊ ဒုဂ္ဂတိဘ၀သို့ ရောက်ကြရကုန်၏။
၃၁၇။ ကြောက်စရာ မဟုတ်သည်၌ ကြောက်စရာဟု ရှုလေ့ရှိကုန်၍၊ ကြောက်စရာ ဟုတ်သည်၌ ကြောက်စရာ မဟုတ်ဟု ရှုလေ့ရှိကုန်သော၊ မှားသောအယူ ရှိကုန်သော သတ္တ၀ါတို့သည်၊ ဒုဂ္ဂတိဘ၀သို့ ရောက်ကြရကုန်၏။
၃၁၈။ အပြစ်မရှိသည်၌ အပြစ်ရှိသည်ဟု အယူရှိကုန်ူ၍၊ အပြစ်ရှိသည်၌ အပြစ်မရှိဟု ရှုမြင်လေ့ရှိကုန်သော၊ မှားသော အယူရှိကုန်သော သတ္တ၀ါတို့သည်၊ ဒုဂ္ဂတိဘ၀သို့ ရောက်ကြရကုန်၏။
၃၁၉။ အပြစ်ရှိသည်ကို အပြစ်ရှိသည်ဟု၎င်း၊ အပြစ်မရှိသည်ကို အပြစ်မရှိ ဟူ၍၎င်း၊ သိကြကုန်သောကြောင့်၊ ကောင်းသော သတ္တ၀ါတို့သည်၊ သုဂတိ ဘုံဘ၀သို့ ရောက်ကြရကုန်၏။
နာဂ၀ဂ်
၃၂၀။ ဆင်ပြောင်ကြီးသည် စစ်မြေပြင်၌၊ လေးမှ ပစ်လွှတ်လိုက်၍ မိမိအပေါ်ကျရောက်လာသော မြားတို့ကို၊ မတုန်မလှုပ် သည်းခံဘိသကဲ့သို့၊ ငါဘုရားသည် ကျူးလွန်စော်ကားသော စကားကို၊ သည်းခံအံ့။ လူအများသည် သီလမရှိသည် သာတည်း။
၃၂၁။ ယဉ်ကျေးသော ဆင်မြင်း စသည်တို့ကိုသာ၊ ပွဲသဘင်သို့ ဆောင်ယူကုန်၏။ ယဉ်ကျေးပြီးသော ဆင်မြင်း စသည်တို့ကိုသာ မင်းသည် စီး၏။ ကျူးလွန်စော်ကားသော စကားကို သည်းခံနိုင်သောသူသည်၊ ယဉ်ကျေးပြီးဖြစ်၍၊ လူတို့တွင် အမြတ်ဆုံး ဖြစ်၏။
၃၂၂။ အဿကိုရ် မြင်းတို့သည်၎င်း၊ အာဇာနည် မြင်းတို့သည်၎င်း၊ သိန္ဓောမြင်းတို့သည်၎င်း၊ ကုဉ္စရ မည်သော ဆင်ပြောင်ကြီးတို့သည်၎င်း၊ ယဉ်ကျေးကြမှသာလျှင်၊ မြတ်ကုန်၏။ ကိုယ်ရောစိတ်ပါ ယဉ်ကျေးပြီးသူသည်၊ ထိုမြင်းကောင်း ဆင်ကောင်း တစ်ထောင်တို့ထက်၊ လွန်မြတ်၏။
၃၂၃။ ဤဆင်ယဉ် မြင်းယဉ်တို့ဖြင့်၊ မရောက်ဖူးသေးသော အရပ်သို့၊ မရောက်နိုင်သည်သာတည်း။ စက္ခုစသော ဣနြေ္ဒတို့ကို ဆုံးမသဖြင့်၎င်း၊ မိမိစိတ်ကို ကောင်းစွာဆုံးမသဖြင့်၎င်း၊ ယဉ်ကျေးပြီးသောသူသည်သာ၊ မရောက်ဖူး သေးသော နိဗ္ဗာန်သို့ မုချရောက်နိုင်၏။
၃၂၄။ ပြင်းထန်စွာ အမုန်ယစ်၍၊ နှိမ်နင်းရန် ခက်ခဲသော၊ နေပါလ မည်သော ဆင်သည်၊ အနှောင်အဖွဲ့ ခံရသဖြင့်၊ အစားအစာကို မစားနိုင်ချေ။ ဆင်သည် မိမိနေရာ ဆင်တော၌သာ မွေ့လျော်၏။
၃၂၅။ ငိုက်မျဉ်းလျက်၊ မှောက်မျဉ်းအိပ်လျက်၊ အစားကြီးလျက်၊ ကျွေးမွေးထားသော ၀က်ကြီးကဲ့သို့၊ တလူးလူး တလိမ့်လိမ့် အိပ်လေ့ရှိသော၊ ပညာနုံသူသည်၊ အနိစ္စ စသော လက္ခဏာတို့ကို မဆင်ခြင်နိုင်သောကြောင့်၊ အဖန်တလဲလဲ အမိဝမ်း၌ ပဋိသန္ဓေနေရ၏။
၃၂၆။ ဤစိတ်သည်၊ ရှေးအခါက၊ လိုရာအာရုံကို လိုက်စားလျက်၊ အလိုရှိရာ ကောင်းနိုးရာရာ၊ လှည့်လည်ကျက်စား ခဲ့လေပြီ။ ချွန်းကိုင်ထားသော ဆင်ထိန်းသည်၊ အမုန်ယစ်သော ဆင်ကို နှိပ်ကွပ်ဘိသကဲ့သို့၊ ယခု ငါသည် ထိုစိတ်ကို၊ အသင့်အတင့် နှလုံးသွင်းခြင်းဖြင့်၊ နှိပ်ကွပ်ပေအံ့။
၃၂၇။ မမေ့လျော့ခြင်း အပ္ပမာဒ တရား၌၊ မွေ့လျော်ကြကုန်လော့။ မိမိစိတ်ကို စောင့်ရှောက်ကြကုန်လော့။ ညွန်၌ ကျွံနစ်နေသော ဆင်သည်၊ မိမိကိုယ်ကို ညွန်မှ ထုတ်ဆောင်ဘိသကဲ့သို့၊ သင်တို့သည် ကိလေသာညွန်ထဲမှ၊ မိမိကိုယ်ကို ထုတ်ဆောင် ကြကုန်လော့။
၃၂၈။ ပညာလည်းရင့်၊ အကျင့်လည်းတူ၊ ကောင်းစွာနေထိုင်၊ ခိုင်ခံ့သော သမာဓိရှိသော အဖော်ကို ရပါမူ၊ ဘေးရန် ဟူသမျှကို နှိမ်နင်း၍၊ ထိုအဖော်နှင့်အတူ၊ ၀မ်းမြောက်ဝမ်းသာ ကြည်ဖြူစွာ သတိယှဉ်လျက်၊ ကျင့်သုံးရာ၏။
၃၂၉။ ပညာလည်းရင့်၊ အကျင့်လည်းတူ၊ ကောင်းစွာနေထိုင်၊ ခိုင်ခံ့သော သမာဓိရှိသော အဖော်ကို မရပါမူကား၊ မင်းသည် မိမိနိုင်ငံကို စွန့်ကာ၊ တစ်ယောက်တည်း နေသကဲ့သို့၎င်း၊ ဤပါလိလေယျကဆင်မင်းသည်၊ ဆင်အုပ်ကိုခွဲ၍၊ တောထဲ၌ တစ်စီးတည်း နေထိုင်သကဲ့သို့၎င်း၊ တစ်ဦးတည်းသာလျှင် ကျင့်သုံးရာ၏။
၃၃၀။ တစ်ဦးတည်းကျင့်သုံးရခြင်းသည် မြတ်၏။ သူမိုက်နှင့် ပေါင်းဖော်၍ အကျိုးမရှိပေ။ တောထဲ၌ ကြောင့်ကြခြင်း မရှိသော ဤဆင်ကြီးသည် ချမ်းသာစွာ နေထိုင်ရသကဲ့သို့၊ တစ်ဦးတည်း ချမ်းသာစွာ နေရာ၏။ မကောင်းမှုကို လုံးဝမပြုရာ။
၃၃၁။ အရေးကိစ္စပေါ်ပေါက်လာသောအခါ၊ အဆွေခင်ပွန်းရှိခြင်းသည် ချမ်းသာ၏။ ရတတ်သမျှသော ပစ္စည်းဖြင့်၊ ရောင့်ရဲခြင်းသည် ချမ်းသာ၏။ အသက်ကုန်ခါနီး၌၊ ကုသိုလ်ကောင်းမှုရှိခြင်းသည် ချမ်းသာ၏။ ဆင်းရဲခြင်း အလုံးစုံကို ပယ်ဖျောက်ခြင်းသည် ချမ်းသာ၏။
၃၃၂။ လောက၌၊ အမိကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။ အဖကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။ လောက၌၊ ရဟန်းတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။ ထို့ပြင်၊ မကောင်းမှုမှ အပပြုပြီးကုန်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့ကို ပြုစုလုပ်ကျွေးခြင်းသည် ချမ်းသာကြောင်း ဖြစ်၏။
၃၃၃။ သီလရှိခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏။ သဒ္ဓါတရား တည်တံ့ခိုင်မြဲခြင်းသည် ချမ်းသာ၏။ ပညာကို ရခြင်းသည် ချမ်းသာ၏။ မကောင်းမှုကို မပြုခြင်းသည် ချမ်းသာ၏။
တဏှာဝဂ်
၃၃၄။ မေ့မေ့လျော့လျော့ နေထိုင်သော သတ္တ၀ါတို့အား၊ တဏှာသည် မာလောနွယ်ကဲ့သို့ တိုးပွား၏။ သစ်သီးကို အလိုရှိ သောမျောက်သည်၊ တောတွင်း၌ တစ်ပင်မှ တစ်ပင်သို့၊ ခုန်လွှားကူးသန်းနေသကဲ့သို့၊ ထိုတဏှာတိုးပွားခြင်းသည်၊ တစ်ဘ၀မှ တစ်ဘ၀သို့ ပြေးလွှားရ၏။
၃၃၅။ ပြိတ်မြက်သည် မိုးရွာသောအခါ တိုးပွားသကဲ့သို့၊ လောက၌၊ ကပ်ငြိတွယ်တာ၍ ယုတ်မာသော ဤတဏှာ ညှင်းဆဲခံရသူအား၊ စိုးရိမ်ကြောင့်ကြမှုတို့သည် တိုးပွားကုန်၏။
၃၃၆။ ရေပေါက်သည် ကြာရွက်မှ လျောကျသကဲ့သို့၊ လောက၌၊ လွန်ဆန်နိုင်ခဲသော ယုတ်မာသော ထိုတဏှာကို ညှင်းဆဲနိုင်ခဲ့ပါလျှင်၊ ထိုသူ့ထံမှ စိုးရိမ်ကြောင့်ကြခြင်းတို့သည်၊ လျောကျကုန်၏။
၃၃၇။ ထို့ကြောင့်၊ ဤနေရာ၌ စည်းဝေးလာကြကုန်သော သင်တို့အား၊ ငါသည်၊ ကောင်းသောစကားကို ဆိုပေအံ့။ ပန်းရင်းဟုခေါ်သော ပြိတ်မြက်၏အမြစ်ကို အလိုရှိသူသည်၊ ပြိတ်မြက်ပင်ကို တူးရသကဲ့သို့၊ နိဗ္ဗာန်ကို အလိုရှိသူသည်၊ တဏှာ၏ အရင်းအမြစ်ကို တူးပစ်ကြကုန်လော့။ ရေအလျဉ်သည် ကျူပင်ကို ဖျက်ဆိးသကဲ့သို့၊ ကိလေသာမာန်သည် သင်တို့ကို အဖန်တလဲလဲ မဖျက်ဆီးစေလင့်။
၃၃၈။ ခိုင်မြဲသောရေသောက်မြစ်ကို မဖျက်ဆီးဘဲ၊ ပင်စည်ကိုသာ ဖြတ်တောက်ထားသော သစ်ပင်သည်၊ တစ်ဖန် ပေါက်ရောက် စည်ကားလာသကဲ့သို့၊ ဤအတူ၊ ကိန်းအောင်းနေသော တဏှာကို၊ မဖျက်ဆီးအပ်သေးသည်ရှိသော်၊ ဆင်းရဲခြင်းသည်၊ အဖန်တလဲလဲ ထပ်ဖြစ်လာ၏။
၃၃၉။ အကြင်ပုဂ္ဂိုလ်အား၊ ပြင်းပြင်းထန်ထန် နှစ်သက်ဖွယ်အာရုံသို့ စီးဆင်းကုန်သော၊ သုံးဆယ့်ခြောက်ပါးသော တဏှာ ရေအလျဉ်တို့သည်၊ ရှိကြကုန်အံ့။ မှားယွင်းသော အယူရှိသော ထိုသူကို၊ ရာဂနှင့်စပ်သော၊ အားကြီးသော အကြံ အစည်တို့သည် ဆောင်ယူသွားကုန်၏။
၃၄၀။ တဏှာတည်းဟူသော ရေအလျဉ်တို့သည်၊ အလုံးစုံသော အာရုံတို့၌ ယိုစီးကြကုန်၏။ တဏှာတည်းဟူသော နွယ်သည် ဒွါရခြောက်ပါးမှာဖြစ်၍၊ အာရုံခြောက်ပါး၌ တည်နေ၏။ ပေါက်လာသော၊ တဏှာတည်းဟူသော ထိုနွယ်ကို ရှုမြင်၍၊ ထိုတဏှာနွယ်မြစ်ကို မဂ်ပညာဖြင့် ဖြတ်လော့။
၃၄၁။ သတ္တ၀ါတို့အား၊ အောက်မေ့ခြင်း၊ ချစ်ခြင်း၊ ၀မ်းမြောက်ခြင်းတို့သည် ဖြစ်၏။ ထိုသတ္တ၀ါတို့သည်၊ သာယာ နှစ်သက်ဖွယ်၌ မှီကုန်လျက်၊ ကာမချမ်းသာကို ရှာမှီးကုန်သည်ဖြစ်၍၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်းသို့၊ မုချ ကပ်ရောက် ကြကုန်၏။
၃၄၂။ တဏှာဖြင့် ၀န်းရံအပ်ကုန်သော ထိုသတ္တ၀ါတို့သည်၊ ကျော့ကွင်း၌မိသော ယုန်ကဲ့သို့၊ ထိပ်လန့်နေကြရ၏။ သံယောဇဉ်အစေးဖြင့် ကပ်ငြိနေကုန်သောသူတို့သည်၊ အချိန်ကြာမြင့်စွာ အဖန်တလဲလဲ ဆင်းရဲခြင်းသို့ ရောက်ကြရ ကုန်၏။
၃၄၃။ တဏှာဖြင့် ၀န်းရံအပ်ကုန်သော ထိုသတ္တ၀ါတို့သည်၊ ကျော့ကွင်း၌မိသော ယုန်ကဲ့သို့၊ ထိပ်လန့်ကြကုန်၏။ ထို့ကြောင့်၊ မိမိရာဂကင်းခြင်းကို တောင့်တသောသူသည်၊ တဏှာကို ပယ်ဖျောက်ရာ၏။
၃၄၄။ အကြင်သူသည်၊ လူ့ဘောင်တည်းဟူသော တောကို ပယ်စွန့်၍၊ အကျင့်တည်းဟူသော တောသို့ သက်ဝင်ခဲ့၏။ အိမ်ယာထောင်မှု တဏှာတောမှ ထွက်ပြီးပါလျက်၊ အိမ်ယာထောင်မှု တဏှာတောသို့ ပြေးဝင်ပြန်၏။ လာကြကုန်လော့။ ထိုပုဂ္ဂိုလ်ကို ရှုကြကုန်လော့။ ထိုသူသည် အနှောင်အဖွဲ့မှ လွတ်မြောက်ပြီးပါလျက်၊ အနှောင်အဖွဲ့သို့သာလျှင် ပြေးဝင်၏။
၃၄၅။ ၃၄၆။ သံဖြင့်ပြုလုပ်သော အနှောင်အဖွဲ့၊ သစ်သားဖြင့် ပြုလုပ်သော အနှောင်အဖွဲ့နှင့်၊ မြက်လျှော်တို့ဖြင့် ပြုလုပ် သော အနှောင်အဖွဲ့တို့ကို၊ ခိုင်မြဲသော အနှောင်အဖွဲ့ဟူ၍ ပညာရှိတို့ မဆိုကုန်။ ပတ္တမြားနားတောင်း စသော ရတနာတို့၌၎င်း၊ သားသမီး မယားတို့၌၎င်း၊ လွန်စွာတပ်နှစ်သက်တတ်သော၊ ငဲ့ကွက်တတ်သော တဏှာကိုသာ၊ အနှောင်အဖွဲ့ဟု၊ ပညာရှိတို့ ဆိုကုန်၏။ ယုတ်နိမ့်ရာသို့ ဆောင်တတ်သော၊ ဖွဲ့မှန်းမသိ ဖွဲ့သဖြင့်၊ လျော့ရဲဟန် ရှိသော်လည်း၊ လွတ်မြောက်ရန်ခဲယဉ်းသော ဤအနှောင်အဖွဲ့ကိုလည်း ရုန်းဖြတ်ကာ၊ ကာမချမ်းသာကို ပယ်စွန့်လျက်၊ တောထွက်ကြကုန်၏။
၃၄၇။ ပင့်ကူသည် မိမိရက်လုပ်ထားသော ပိုက်ကွန်၌ ကပ်ငြိနေရသကဲ့သို့၊ သတ္တ၀ါတို့သည် ပြင်းစွာတပ်မက်ကုန် သည်ဖြစ်၍ မိမိပြုလုပ်ထားသော တဏှာအကျင့်သို့၊ ကျရောက်ရကုန်၏။ ပညာရှိတို့သည် တဏှာကို ဖြတ်၍၊ မငဲ့ကွက်ဘဲ၊ ခပ်သိမ်းသော ဆင်းရဲခြင်းကို ပယ်စွန့်၍သွားကုန်၏။
၃၄၈။ ရှေး၌ဖြစ်သော ခန္ဓာ၌၊ တဏှာကို စွန့်လော့။ နောင်တွင်ဖြစ်ပေါ်လာမည့် ခန္ဓာ၌၊ တဏှာကို စွန့်လော့။ အလယ်ဖြစ်သော ခန္ဓာ၌၊ တဏှာကို စွန့်လော့။ ဘ၀သုံးပါး၏အဆုံးသို့ ရောက်သည်ဖြစ်၍၊ အလုံးစုံသော ခန္ဓာ၌၊ တဏှာမှ လွတ်မြောက်သောစိတ် ရှိသည်ဖြစ်၍၊ တစ်ဖန်အိုခြင်း နာခြင်းသို့ မကပ်လေနှင့်။
၃၄၉။ ကာမ၀ိတက် နှိပ်စက်ခြင်းခံရသော၊ ထက်သောရာဂ ရှိသော၊ တင့်တယ်၏ဟု အဖန်တလဲလဲ ရှုမြင်သော သတ္တ၀ါအား၊ တဏှာသည် အလွန်တိုးပွား၏။ ဤသူသည် မာရ်နတ်မင်း၏ အနှောင်အဖွဲ့ကို ခိုင်မြဲအောင်ပြု၏။
၃၅၀။ အကြင်သူသည် မိစ္ဆာဝိတက် ငြိမ်းခြင်း၌သာ မွေ့လျော်၏။ အခါခပ်သိမ်း သတိရှိသည်ဖြစ်၍၊ အသုဘအာရုံကို ပွားများ၏။ ထိုသူသည် မာရ်နတ်မင်း၏ အနှောင်အဖွဲ့ကို ကင်းအောင်ပြု၏။ မာရ်နတ်မင်း၏ အနှောင်အဖွဲ့ကို ဖြတ် တောက်၏။
၃၅၁။ ရဟန်းကိစ္စပြီးဆုံးခြင်းသို့ ရောက်ပြီးသောသူသည်၊ ထိပ်လန့်ခြင်းမရှိပေ။ တဏှာကင်း၏။ ဘ၀သို့ရောက်ကြောင်း ဖြစ်သော၊ တဏှာစသော ငြောင့်ကန်သင်းတို့ကို ပယ်ဖျက်ခဲ့ပြီ။ ဤခန္ဓာကိုယ်သည် နောက်ဆုံးဖြစ်၏။
၃၅၂။ တဏှာကင်းသော၊ စွဲလမ်းခြင်းမရှိသော၊ နိရုတ္တိ ပဋိသမဘိဒါ ၌လိမ္မာသော၊ အက္ခရာတို့၏ အပေါင်းကိုလည်း သိသော၊ ရှေ့နောက် အက္ခရာတို့ကိုလည်း သိသော၊ နောက်ဆုံးကိုယ်ခန္ဓာရှိသော ထိုပုဂ္ဂိုလ်ကို၊ စင်စစ်အားဖြင့်၊ ကြီးမားသော ပညာရှိသော ယောက်ျားမြတ်ဟု ခေါ်ဆိုထိုက်၏။
၃၅၃။ ငါသည် အလုံးစုံသော တရားတို့ကို နှိမ်နင်း၍ တည်၏။ အလုံးစုံသောတရားကို သိ၏။ အလုံးစုံသော တရားတို့၌ ကပ်ငြိတွယ်တာခြင်း မရှိ။ အလုံးစုံသော တေဘူမက တရားတို့ကို ပယ်စွန့်၏။ တဏှာကုန်ခန်းရာ အရဟတ္တဖိုလ်၌ ကိလေသာမှ လွတ်၏။ ကိုယ်တိုင်၊ ထူးသောဉာဏ်ဖြင့်သိ၍၊ အဘယ်သူကို ငါ့ဆရာဟူ၍ ညွှန်ပြပါအံ့နည်း။
၃၅၄။ တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏။ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ဖွယ်အားလုံး၌ အောင်နိုင်၏။ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် ဆင်းရဲခြင်း အားလုံးကို အောင်နိုင်၏။
၃၅၅။ စည်းစိမ်ဥစ္စာတို့သည် ပညာမဲ့သူကို ဖျက်ဆီးကုန်၏။ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းကို ရှာမှီးသူတို့ကိုကား မဖျက်ဆီးနိုင်ကုန်။ ပညာမဲ့သူသည်၊ စည်းစိမ်ဥစ္စာကို တပ်မက်ခြင်းဖြင့်၊ သူတစ်ပါးကို ဖျက်ဆီးသကဲ့သို့၊ မိမိကိုယ်ကိုလည်း ဖျက်ဆီး၏။
၃၅၆။ လယ်ယာတို့ကို ပေါင်းမြက်တို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တ၀ါအပေါင်းကို ရာဂသည် ဖျက်ဆီး၏။ ထို့ကြောင့် ရာဂ ကင်းသော ပုဂ္ဂိုလ်တို့၌ လှူဒါန်းခြင်းသည် မြတ်၏။
၃၅၇။ လယ်ယာတို့ကို ပေါင်းမြက်တို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တ၀ါအပေါင်းကို ဒေါသသည် ဖျက်ဆီး၏။ ထို့ကြောင့် ဒေါသ ကင်းသော ပုဂ္ဂိုလ်တို့၌ လှူဒါန်းခြင်းသည် အကျိုးကြီး၏။
၃၅၈။ လယ်ယာတို့ကို ပေါင်းမြက်တို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တ၀ါအပေါင်းကို မောဟသည် ဖျက်ဆီး၏။ ထို့ကြောင့် မောဟ ကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။
၃၅၉။ လယ်ယာတို့ကို ပေါင်းမြက်တို့သည် ဖျက်ဆီးကုန်၏။ ဤသတ္တ၀ါအပေါင်းကို အလိုရမ္မက်သည် ဖျက်ဆီး၏။ ထို့ကြောင့် အလိုရမ္မက် ကင်းသော ပုဂ္ဂိုလ်တို့၌ ပေးလှူခြင်းသည် အကျိုးကြီး၏။
ဘိက္ခုဝဂ်
၃၆၀။ စက္ခုဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။ သောတဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။ ဃာနဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။ ဇိဝှာဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။
၃၆၁။ ကာယဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။ ၀စီဒွါရ၌ စောင့်စည်းခြင်းသည် ကောင်း၏။ အလုံးစုံသောဒွါရတို့၌ စောင့်စည်းခြင်းသည် ကောင်း၏။ အလုံးစုံသောဒွါရတို့၌ စောင့်စည်းနိုင်သော ရဟန်းသည်၊ ဆင်းရဲအားလုံးမှ လွတ်မြောက်၏။
၃၆၂။ အကြင်သူသည် လက်ကို စောင့်စည်း၏။ ခြေကို စောင့်စည်း၏။ နှုတ်ကို စောင့်စည်း၏။ တစ်ကိုယ်လုံး စောင့်စည်း၏။ ကမ္မဌာန်း စီးဖြန်းခြင်း၌ မွေ့လျော်လျက်၊ စိတ်တည်ကြည်၏။ တစ်ယောက်တည်းနေလျက် ရောင့်ရဲနိုင်၏။ ထိုသူကို ရဟန်းဟု ဆိုကြကုန်၏။
၃၆၃။ အကြင်ရဟန်းသည် နှုတ်ကို စောင့်စည်း၏။ ပညာဖြင့် ဆင်ခြင်၍ ပြောဆိုလေ့ရှိ၏။ မပျံ့လွင့်သောစိတ် ရှိ၏။ အနက်အဓိပ္ပါယ်ကို၎င်း၊ ပါဠိကို၎င်း ဟောပြောနိုင်၏။ ထိုရဟန်း၏စကားသည် သာယာချိုမြိန်၏။
၃၆၄။ တရားနာလျှင် မွေ့လျော်ရာရှိသော၊ တရား၌ မွေ့လျော်တတ်သော၊ တရားကို အဖန်ဖန် ကြံစည်တတ်သော၊ တရားကို အဖန်ဖန် အောက်မေ့တတ်သော ရဟန်းသည်၊ သူတော်ကောင်းတရားမှ မဆုတ်ယုတ်ပေ။
၃၆၅။ မိမိလာဘ်လာဘကို မတရား ရှာမှီးသောအားဖြင့်၊ စက်ဆုပ်ဖွယ် မဖြစ်စေရာ။ သူတစ်ပါးတို့၏ လာဘ်လာဘကို မတောင့်တရာ။ သူတစ်ပါးတို့၏ လာဘ်လာဘကို တောင့်တသော ရဟန်းသည်၊ စိတ်တည်ကြည်ခြင်းကို မရနိုင်ချေ။
၃၆၆။ ရဟန်းသည် လာဘ်လာဘ နည်းပါးစေကာမူ၊ မိမိ၏လာဘ်လာဘကို မတရား ရှာမှီးသောအားဖြင့်၊ စက်ဆုပ်ဖွယ် မဖြစ်ပါစေလင့်။ အသက်မွေးမှု စင်ကြယ်၍၊ မပျင်းမရိသော ထိုရဟန်းကို နတ်တို့ ချီးမွမ်းကြကုန်၏။
၃၆၇။ အကြင်ပုဂ္ဂိုလ်အား၊ နာမ်ရုပ်တရား အားလုံး၌၊ ငါ ငါ၏ဥစ္စာဟု မြတ်နိုးစွဲလမ်းခြင်း မရှိပေ။ ထိုတရားတို့ ပျက်စီးသွား သော်လည်း၊ စိုးရိမ်ခြင်း မရှိပေ။ ထိုပုဂ္ဂိုလ်ကို စင်စစ်အားဖြင့် ဘိက္ခုဟူ၍ ဆိုအပ်၏။
၃၆၈။ အကြင်ရဟန်းသည် မေတ္တာဘာဝနာကို ပွားများလေ့ရှိ၏။ မြတ်စွာဘုရား၏ သာသနာတော်၌ ကြည်ညို၏။ ထိုရဟန်းသည် သင်္ခါရတို့၏ငြိမ်းရာ၊ ငြိမ်သက်လှစွာသော နိဗ္ဗာန်ကို ရနိုင်၏။
၃၆၉။ ရဟန်း။ ဤခန္ဓာကိုယ်တည်းဟူသော လှေမှ၊ မိစ္ဆာဝိတက်တည်းဟူသော ရေကို၊ သွန်ပစ်လော့။
ထိုသို့ သွန်ပစ်လျှင်၊ သင်၏ ခန္ဓာကိုယ်တည်းဟူသော လှေသည်၊ လျှင်မြန်စွာ သွားနိုင်လတ္တံ့။ ရာဂ၊ ဒေါသ၊ မောဟတို့ကို ပယ်ဖြတ်လျှင်၊ နိဗ္ဗာန်သို့ ရောက်လတ္တံ့။
၃၇၀။ အောက်ပိုင်း သံယောဇဉ်ငါးပါးတို့ကို ဖြတ်ရာ၏။ အောက်ပိုင်း သံယောဇဉ်ငါးပါးတို့ကို ပယ်ရာ၏။ သဒ္ဓါစသော တရားငါးပါးတို့ကို အလွန်ပွားများရာ၏။ လောဘ စသော ငြိတွယ်ခြင်း ငါးပါးတို့မှ လွန်မြောက်သောရဟန်းကို၊ သံသရာ ၀ဲသြဃမှ လွတ်မြောက်ပြီးသူဟူ၍ ဆိုအပ်၏။
၃၇၁။ ရဟန်း။ အနိစ္စ စသည်ဖြင့် ကပ်၍ရှုလော့။ မမေ့မလျော့ပါလင့်။ သင်၏စိတ်ကို ကာမဂုဏ်၌ မမွေ့လျော်စေလင့်။ မေ့လျော့သည်ဖြစ်၍၊ သံတွေခဲကို မမြိုလင့်။ ကိလေသာမီးတို့ လောင်လာသည်ရှိသော်၊ ဤသို့အလောင်ခံရခြင်းသည် ဆင်းရဲပေစွဟု မငိုကြွေးလင့်။
၃၇၂။ ပညာ မရှိသောသူအား သမာဓိ မရှိပေ။ သမာဓိ မရှိသောသူအား ၀ိပဿနာပညာ မရှိပေ။ အကြင်ပုဂ္ဂိုလ်၌ သမာဓိသည်၎င်း၊ ၀ိပဿနာသည်၎င်း ရှိ၏။ ထိုသူသည် နိဗ္ဗာန်နှင့် ဧကန်နီး၏။
၃၇၃။ ဆိတ်ငြိမ်ရာသို့ ၀င်ရောက်သော၊ တရားကို ကောင်းစွာရှုမြင်သော၊ ငြိမ်သက်သောစိတ် ရှိသောရဟန်းအား၊ လူသာမန်တို့နှင့် မထိုက်တန်သော၊ ဘာဝနာတရားတို့၌ မွေ့လျော်ခြင်းသည် ဖြစ်၏။
၃၇၄။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သုံးသပ်ဆင်ခြင်တိုင်း၊ သုံးသပ်ဆင်ခြင်တိုင်း၊ နှစ်သက်ခြင်း ၀မ်းမြောက် ခြင်းတို့ကို ရ၏။ ထိုနှစ်သက်ခြင်း ၀မ်းမြောက်ခြင်းသည်ပင်၊ တရားမှန်ကိုသိသော ပညာရှိတို့အဖို့၊ နိဗ္ဗာန်သို့ ရောက်ကြောင်းပေတည်း။
၃၇၅။ ဤသာသနာတော်၌ ဣနြေ္ဒကို စောင့်ထိန်းခြင်း၊ အာဇီဝ ပစ္စယနှစ်ပါးတို့၌ ရောင့်ရဲခြင်း၊ ပါတိမောက္ခသီလ၌ စောင့်စည်းခြင်းအားဖြင့်၊ စာတုပါရိသုဒ္ဓိလေးပါးသည်၊ ပညာရှိရဟန်းအဖို့၊ နိဗ္ဗာန်ရောက်ကြောင်းအကျင့်၌ အဦးအစ ပေတည်း။
၃၇၆။ စင်ကြယ်သော အသက်မွေးခြင်း ရှိကုန်သော၊ မပျင်းရိကုန်သော မိတ်ဆွေကောင်းတို့ကို ဆည်းကပ်လော့။ အာမိသ၊ ဓမ္မ၊ ဟူသော ပဋိသန္ဓာရ တရားတို့နှင့် ပြည့်စုံရာ၏။ ကျင့်ဝတ်တို့၌ လိမ္မာရာ၏။ ထိုအကြောင်းတရားတို့ကြောင့်၊ ၀မ်းမြောက်ခြင်း များပြားသည်ဖြစ်၍၊ ဒုက္ခ၏အဆုံးကို ပြုလတ္တံ့။
၃၇၇။ ရဟန်းတို့။ မုလေးပန်းပင်တို့သည်၊ ရင့်ရော်ညှိုးနွမ်းကုန်သော ပန်းပွင့်တို့ကို၊ စွန့်လွှတ်သကဲ့သို့၊ ဤအတူ သင်တို့သည်၊ ရာဂကို၎င်း၊ ဒေါသကို၎င်း စွန့်ကြကုန်လော့။
၃၇၈။ ကောင်းစွာတည်ကြည်သည်ဖြစ်၍၊ ငြိမ်သက်သော ကိုယ်၊ ငြိမ်သက်သော နှုတ်၊ ငြိမ်သက်သော စိတ် ရှိသော၊ လောကီစည်းစိမ် အရှိန်အ၀ါ စသည်ကို ထွေးအန်သော ရဟန်းကို၊ ငြိမ်းအေးသောပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။
၃၇၉။ ရဟန်း။ မိမိကိုယ်တိုင် စစ်ဆေးမေးမြန်းလော့။ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်လော့။ မိမိကိုယ်ကို မိမိကိုယ်တိုင် စောင့်ရှောက်သည်ဖြစ်၍၊ သတိရှိသော သင်သည်၊ ချမ်းသာစွာ နေရလတ္တံ့။
၃၈၀။ မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၏။ သူတစ်ပါးသည် အဘယ်မှာ ကိုးကွယ်ရာ ဖြစ်ပါအံ့နည်း။ မိမိသည် သာလျှင် မိမိ၏ လဲလျောင်းရာဖြစ်၏။ ထို့ကြောင့် မြင်းကုန်သည်သည်၊ အမျိုးကောင်းသောမြင်းကို စောင့်ရှောက်သကဲ့သို့၊ စောင့်ရှောက်ရာ၏။
၃၈၁။ ၀မ်းမြောက်ခြင်း များပြားသော၊ သာသနာတော်၌ ကြည်ညိုသော ရဟန်းသည်၊ သင်္ခါရတို့၏ ငြိမ်းရာ၊ ငြိမ်သက ချမ်းမြေ့သော နိဗ္ဗာန်ကို ရရာ၏။
၃၈၂။ အကြင်ရဟန်းသည် ငယ်ရွယ်သော်လည်း၊ မြတ်စွာဘုရား သာသနာတော်၌၊ လုံ့လကြိုးကုတ် အားထုတ်၏။ ထိုရဟန်းသည်၊ တိမ်တိုက်မှလွတ်သော လကဲ့သို့၊ ဤလောကကို ထွန်းလင်းတောက်ပစေ၏။
ဗြာဟ္မဏ၀ဂ်
၃၈၃။ သူတော်ကောင်း။ တဏှာတည်းဟူသော ရေအလျဉ်ကို ဖြတ်လော့။ လုံ့လပြု၍ ကာမတို့ကို ပယ်နှုတ်လော့။ မပြုပြင်အပ်သော နိဗ္ဗာန်ကို သိလော့။ ရဟန္တာ ဖြစ်လေလော့။
၃၈၄။ သူတော်ကေင်းသည်၊ နှစ်ပါးစုံသော သမထ ၀ိပဿနာ တရားတို့၌၊ တစ်ဖက်ကမ်းခတ် ပေါက်ရောက်၏။ ထိုအခါ၊ တရားမှန်ကို သိသော သူတော်ကောင်းအား၊ ကာမ ရာဂ သံယောဇဉ်တို့ ချုပ်ငြိမ်းကုန်၏။
၃၈၅။ အကြင်ပုဂ္ဂိုလ်အား၊ အတွင်း အာယတန ခြောက်ပါးတည်းဟူသော ဤမှာဘက်ကမ်းသည်၎င်း၊ အပြင် အာယတန ခြောက်ပါးတည်းဟူသော ဟိုမှာဘက်ကမ်းသည်၎င်း၊ ကမ်းနှစ်ဘက်စလုံးသည်၎င်း မရှိပေ။ ပူပန်ခြင်းကင်းသော၊ ကိလေသာနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၃၈၆။ အနိစ္စ စသော လက္ခဏာကို ကပ်၍ရှုလေ့ရှိသော၊ ကိလေသာမြူကင်းလျက် နေထိုင်လေ့ရှိသော၊ ရဟန်းကိစ္စ ပြီးပြီးသော၊ အာသ၀ ကင်းကွာပြီးသော၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၃၈၇။ နေမင်းသည် နေ့အခါ၌သာ တင့်တယ်၏။ လမင်းသည် ညအခါ၌သာ တင့်တယ်၏။ မင်းသည် မင်းမြောက် တန်ဆာများ ဆင်ယင်ထားမှသာ တင့်တယ်၏။ ရဟန္တာသည် ဈာန်ဝင်စားနေမှသာ တင့်တယ်၏။ အမှန်သော်ကား၊ မြတ်စွာဘုရားသည်သာလျှင်၊ အလုံးစုံသော နေ့ညဥ့်ပတ်လုံး၊ တန်ခိုးတော်ဖြင့် တင့်တယ်၏။
၃၈၈။ မကောင်းမှုကို အပပြုပြီးသောကြောင့်၊ ဗြာဟ္မဏဟု ခေါ်ဆိုအပ်၏။ ကိလေသာကို ငြိမ်းစေတတ်သောအကျင့် ရှိသောကြောင့်၊ သမဏဟု ခေါ်ဆိုအပ်၏။ မိမိ၏ ကိလေသာအညစ်အကြေးကို ထုတ်ပယ်တတ်သောကြောင့်၊ ပဗ္ဗဇိတဟု ခေါ်ဆိုအပ်၏။
၃၈၉။ သူတော်ကောင်းကို မပုတ်ခတ်ရာ။ သူတော်ကောင်းသည် မိမိအားပုတ်ခတ်သော ထိုသူအား၊ အမျက်မထွက်ရာ။ သူတော်ကောင်းအား ပုတ်ခတ်ခြင်းသည်၊ စက်ဆုပ်ဖွယ်ဖြစ်၏။ ပုတ်ခတ်သူအား အမျက်ထွက်သူသည် သာ၍စက်ဆုပ်ဖွယ် ဖြစ်၏။
၃၉၀။ ချစ်ခင်နှစ်သက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ဒေါသကို မတားမြစ်နိုင်ခြင်းသည်၊ သူတော်ကောင်းအတွက်၊ အနည်းငယ်မျှ မမြတ်ပေ။ အကြင်အကြင်ဝတ္ထုမှ ညှင်းဆဲလိုသောစိတ်သည်၊ ဆုတ်နစ်၏။ ထိုထိုဝတ္ထုမှ ဆင်းရဲခြင်းသည် ငြိမ်းသည်သာတည်း။
၃၉၁။ အကြင်ပုဂ္ဂိုလ်အား၊ ကိုယ်ဖြင့်၎င်း၊ နှုတ်ဖြင့်၎င်း၊ စိတ်ဖြင့်၎င်း မကောင်းမှုပြုလုပ်ခြင်း မရှိပေ။ ကိုယ် နှုတ် စိတ် သုံးပါးလုံးဖြင့် စောင့်ရှောက်သော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၃၉၂။ အကြင်ပုဂ္ဂိုလ်ထံမှ၊ မြတ်စွာဘုရား ဟောကြားသော တရားကို သိရငြားအံ့။ ပုဏ္ဏားသည် မီးကို ပူဇော်သကဲ့သို့၊ ထိုပုဂ္ဂိုလ်ကို ရှိခိုးရာ၏။
၃၉၃။ ဆံကျစ်ထုံးခြင်းဖြင့်၎င်း၊ အရွယ်အားဖြင့်၎င်း၊ ဇာတ်အားဖြင့်၎င်း၊ ဗြာဟ္မဏ မဖြစ်နိုင်ပေ။ သစ္စာဥာဏ်နှင့် လောကုတ္တရာတရား ရှိသောသူသည်သာလျှင်၊ စင်ကြယ်သူလည်း ဖြစ်၏။ ဗြာဟ္မဏလည်း ဖြစ်၏။
၃၉၄။ ပညာမဲ့သောသူ။ ဆံကျစ်ထုံးခြင်းဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း။ သစ်နက်ရေ ၀တ်ခြင်းဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း။ သင်၏ကိုယ်တွင်း၌ ကိလေသာတောကြီး ရှိနေ၏။ အပြင်အပကိုသာ သင် သုတ်သင်ဘိ၏။
၃၉၅။ ပံ့သကူသင်္ကန်းကို ၀တ်ရုံသော။ ကြုံလှီသော၊ အကြောပြိုင်းပြိုင်းထသော၊ တောထဲ၌ တစ်ယောက်တည်း ဈာန်ဝင်နေလေ့ရှိသော၊ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၃၉၆။ ပုဏ္ဏားမျိုး၌ဖြစ်သော၊ ပုဏ္ဏေးမ မိခင်မှ ပေါက်ဖွားလာသောသူကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား မဟောကြားပေ။ ထိုပုဏ္ဏားသည် ရာဂစသော ကြောင့်ကြခြင်းရှိလျှင် ဘောဝါဒီ အမည်ရှိ၏။ ထို့ကြောင့်၊ ကြောင့်ကြခြင်းမရှိ စွဲလမ်းခြင်း လည်းမရှိသော ထိုပုဂ္ဂိုလ်တို့ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၃၉၇။ အကြင်ပုဂ္ဂိုလ်သည် သံယောဇဉ်အားလုံးကို ပယ်ဖြတ်၍၊ ထိပ်လန့်ခြင်း မရှိပေ။ ကပ်ငြိတတ်သော ကိလေသာကို ကျော်လွန်သော၊ ကိလေသာနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၃၉၈။ ဒေါသနှောင်ကြိုးကို၎င်း၊ တဏှာနှောင်ကြိုးကို၎င်း၊ အနုသယ ကိလေသာနှင့်တကွ မိစ္ဆာဒိဌိ ထူးကြိုးကို၎င်း ဖြတ်၍၊ အ၀ိဇ္ဇာတံခါး ကျည်မင်းတုပ်ကို နှုတ်ပယ်ပြီးလျှင်၊ သစ္စာလေးပါးသိသော ပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၃၉၉။ အကြင်ပုဂ္ဂိုလ်သည် ဆဲရေးခြင်းကို၎င်း၊ ပုတ်ခတ်ညှင်းဆဲခြင်း နှောင်ဖွဲ့ခြင်းကို၎င်း၊ သည်းခံ၏။ သည်းခံခြင်း အင်အားရှိသော၊ သည်းခံခြင်း စစ်သည်ဗိုလ်ပါရှိသော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၀၀။ အမျက်မထွက်သော၊ ဓုတင်အကျင့်ရှိသော၊ တဏှာပြန့်ပြောခြင်းမရှိသော၊ ယဉ်ကျေးသော၊ အဆုံးစွန်သော ကိုယ်ခန္ဓာရှိသော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၀၁။ ကြာဖက်ပေါ်တွင် ရေမတင်သကဲ့သို့၎င်း၊ ပွတ်ဆောက်ဖျားတွင် မုန်ညင်းစေ့ မတင်နိုင်သကဲ့သို့၎င်း၊ အကြင် ပုဂ္ဂိုလ်သည် ကာမတို့၌ လိမ်းကျံကပ်ငြိခြင်း မရှိ။ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၀၂။ အကြင်ပုဂ္ဂိုလ်သည် ဤဘ၀၌ပင် မိမိ၏ဆင်းရဲကုန်ရာ နိဗ္ဗာန်ကို သိ၏။ ချအပ်ပြီးသော ခန္ဓာဝန်ရှိသော၊ ကိလေသာ မယှဉ်သောပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၀၃။ နက်နဲသော ပညာရှိသော၊ ထက်မြက်သော ပညာရှိသော၊ လမ်းမှန် ဟုတ်သည် မဟုတ်သည်၌ လိမ္မာသော၊ အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၀၄။ လူတို့နှင့်၎င်း၊ ရဟန်းတို့နှင့်၎င်း၊ နှစ်ပါးစုံသောသူတို့နှင့် မရောနှောသော၊ တဏှာကင်းကြောင်း အကျင့်ရှိသော၊ အလိုနည်းသော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၀၅။ အကြင်ပုဂ္ဂိုလ်သည်၊ ထိပ်လန့်တတ်သော ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တို့၌၎င်း၊ တည်ကြည်ခိုင်ခံ့သော ရဟန္တာ ပုဂ္ဂိုလ်တို့၌၎င်း၊ တုတ်လက်နက်ကို ပယ်ချထားပြီးဖြစ်၍၊ မိမိလည်း မသတ်ပေ။ သူတစ်ပါးကိုလည်း မသတ်စေပေ။ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၀၆။ ဆန့်ကျင်ဘက်ပြုသူတို့၌ မဆန့်ကျင်သော၊ ဓားတုတ်ကိုင်သူတို့၌ ဓားတုတ်ကို ချထားပြီးဖြစ်၍ ရန်ငြိမ်းပြီးသော၊ စွဲလမ်းအပ်သော အရာတို့၌ စွဲလမ်းခြင်းမရှိသော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၀၇။ မုန်ညင်းစေ့သည် ပွတ်ဆောက်ဖျားမှ လျောကျဘိသကဲ့သို့၊ အကြင်သူအား၊ ရာဂ၊ ဒေါသ၊ မာနနှင့်၊ သူတစ်ပါး၏ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းတို့သည် လျောကျကုန်၏။ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၀၈။ အကြင်ပုဂ္ဂိုလ်သည်၊ နူးညံ့ပြေပြစ်သော၊ အနက်အဓိပ္ပါယ် သိလွယ်စေသော၊ မှန်ကန်သောစကားကို ပြောဆိုရာ၏။ တစ်စုံတစ်ယောက်ကိုမျှ အမျက်ဒေါသဖြင့် မငြိစွန်းစေရာ။ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၀၉။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည်၊ ပိုင်ရှင်မပေးသောဥစ္စာကို ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မခိုးယူပေ။ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟော ကြား၏။
၄၁၀။ အကြင်ပုဂ္ဂိုလ်အား ဤလောက၌၎င်း၊ တမလွန်လောက၌၎င်း၊ မက်မောခြင်းတို့ မရှိကြကုန်။ မက်မောခြင်းကင်း၍၊ ကိလေသာနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၁၁။ အကြင်ပုဂ္ဂိုလ်အား ကပ်ငြိတွယ်တာခြင်းတို့ မရှိကုန်။ တရားမှန်ကို သိပြီးဖြစ်၍၊ သို့လော သို့လော တွေးတော နေရခြင်း မရှိပေ။ အမြိုက်နိဗ္ဗာန်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၁၂။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည်၊ ကောင်းမှု မကောင်းမှု နှစ်ပါးစုံတို့ကို၎င်း၊ ကပ်ငြိတတ်သော တဏှာကို၎င်း၊ လွန်မြောက်၏။ စိုးရိမ်ပူဆွေးခြင်း မရှိသော၊ ကိလေသာမြူ ကင်းရှင်းသော စင်ကြယ်သော ပုဂ္ဂိုလ်ကို ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၁၃။ အညစ်အကြေးကင်းသော ကောသလမင်းကြီးကဲ့သို့ ကိလေသာစင်ကြယ်သော၊ အထူးသဖြင့် ကြည်လင်သော၊ နောက်ကျုခြင်းကင်းသော၊ ဘ၀တို့၌ သာယာမက်မောတတ်သော တဏှာကုန်ခမ်းပြီးသော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၁၄။ အကြင်ပုဂ္ဂိုလ်သည် ရာဂဘေးကို၎င်း၊ ကိလေသာခရီးခက်ကို၎င်း၊ သံသရာသမုဒ္ဒရာကို၎င်း၊ မောဟအမိုက်မှောင် ကို၎င်း၊ လွန်မြောက်ပြီးလေပြီ။ သြဃလေးပါးကို ကူးမြောက်ပြီးဖြစ်၏။ ပြည်နိဗ္ဗာန်တစ်ဖက်ကမ်းသို့၊ တက်ရောက်၏။ ကိလေသာကို ရှို့မြိုက်လေ့ရှိ၏။ တဏှာကင်းသော၊ သို့လော သို့လော တွေးတောခြင်း မရှိသော၊ အစွဲအလမ်းကင်း၍ ငြိမ်းအေးပြီးသော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၁၅။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကာမဂုဏ်ကို ပယ်စွန့်၍၊ အိမ်ယာမထောင်ဘဲ ရဟန်းပြု၏။ ကာမဂုဏ်အာရုံ ခံစားခြင်းနှင့် ဘ၀သံသရာကျင်လည်ခြင်း ကုန်ပြီဖြစ်သော၊ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၁၆။ ၄၁၇။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည်၊ တဏှာကို ပယ်စွန့်၍ အိမ်ယာမထောင်ဘဲ ရဟန်းပြု၏။ တဏှာနှင့် ဘ၀ သံသရာကျင်လည်ခြင်း ကုန်ပြီဖြစ်သော၊ ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၁၈။ အကြင်ပုဂ္ဂိုလ်သည်၊ လူတို့၏ အစီးအပွားကို ပယ်စွန့်၍၊ နတ်တို့၏ အစီးအပွားကို လွန်မြောက်၏။ အလုံးစုံသော အစီးအပွားနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၁၉။ ၄၂၀။ ကာမဂုဏ်တို့၌ မွေ့လျော်ခြင်းကို၎င်း၊ ဆိတ်ငြိမ်ရာ၌ မွေ့လျော်ခြင်းကို၎င်း၊ ပယ်စွန့်၍၊ ငြိမ်းအေးပြီးသော ဥပဓိမရှိသော၊ အလုံးစုံသောလောကကို လွှမ်းမိုး၍တည်သော၊ ရဲရင့်သော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၂၁။ အကြင်ပုဂ္ဂိုလ်သည်၊ သတ္တ၀ါတို့၏ သေခြင်းကို၎င်း၊ ပဋိသန္ဓေနေခြင်းကို၎င်း၊ အချင်းခပ်သိမ်း သိ၏။ ကပ်ငြိ တွယ်တာခြင်းမရှိသော၊ သူတော်ကောင်းတရားကို ကောင်းစွာကျင့်သော၊ သစ္စာလေးပါးကိုသိသော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၂၂။ အကြင်ပုဂ္ဂိုလ်အား အတိတ်ခန္ဓာ၌၎င်း၊ အနာဂတ်ခန္ဓာ၌၎င်း ပစ္စုပ္ပန်ခန္ဓာ၌၎င်း၊ ကြောင့်ကြခြင်းမရှိပေ။ ကြောင့်ကြခြင်း မရှိသော၊ စွဲလမ်းခြင်း မရှိသော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၂၃။ နွားလားဥဿဘနှင့်တူသော၊ မြတ်သောလုံ့လရှိသော၊ သီလစသော မြတ်သော ဂုဏ်ကျေးဇူးတို့ကို ရှာမှီးလေ့ရှိသော တဏှာကင်းပြီးသော၊ ကိလေသာအညစ်အကြေးကို ဆေးလျှော်ပြီးသော၊ သစ္စာလေးပါးကိုသိသော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
၄၂၄။ အကြင်ပုဂ္ဂိုလ်သည်၊ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိ၏။ နတ်ဘုံ ငရဲဘုံကိုလည်း မြင်၏။ ဇာတိကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်၏။ ထူးသောဉာဏ်ဖြင့် သိ၍၊ နိဗ္ဗာန်သို့ ရောက်ပြီးသော ရဟန်းဖြစ်၏။ အလုံးစုံသော ကိလေသာတို့၏ ကုန်ကြောင်းအကျင့်ကို၊ ကျင့်ပြီးသော ထိုပုဂ္ဂိုလ်ကို၊ ဗြာဟ္မဏဟူ၍ ငါဘုရား ဟောကြား၏။
No comments:
Post a Comment